အမေရိကန်လေယာဉ်တင်သင်္ဘောနှင့် ကုန်တင်သင်္ဘောတို့ မြေထဲပင်လယ်အတွင်း တိုက်မိ

News Image

  • အမေရိကန်လေယာဉ်တင်သင်္ဘောနှင့် ကုန်တင်သင်္ဘောတို့ မြေထဲပင်လယ်အတွင်း တိုက်မိ

ဖေဖော်ဝါရီလ ၁၃ ရက်နှောင်းပိုင်းတွင် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Harry S. Truman သည် ကုန်တင်သင်္ဘော Besiktas-M နှင့် မြေထဲပင်လယ်အတွင်း တိုက်မိခဲ့ကြောင်း အမေရိကန်ရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ဖေဖော်ဝါရီလ ၁၃ ရက် ည ၁၁ နာရီ ၄၆ မိနစ်တွင် အီဂျစ် နိုင်ငံ Port Said မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ရေတပ်အရာရှိက ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါဖြစ်ရပ်အတွင်း လေယာဉ်တင်သင်္ဘော USS Harry S. Truman တွင် လူထိခိုက်ဒဏ်ရာရရှိခြင်းမျိုး သို့မဟုတ် ရေဝင်သွားခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်ရေတပ်အရာရှိက ပြောကြားခဲ့သည်။ ထို့ပြင် လေယာဉ်တင်သင်္ဘော USS Harry S. Truman ၏ နျူကလီးယား တွန်းကန်စနစ်များသည် ဘေးကင်းလုံခြုံပြီး တည်ငြိမ်သော အခြေအနေတွင်ရှိကြောင်း ရေတပ်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ တိုက်မိမှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အလေးချိန်တန်ချိန်(၅၃၀ဝဝ)ကျော်ရှိပြီး အရှည်(၁၈၈)မီတာ ကျော်ရှိသော ကုန်တင်သင်္ဘော Besiktas-M သည် စူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး ရိုမေးနီးယားနိုင်ငံ Constanta မြို့ဆိပ်ကမ်းသို့ သွားနေ သည့်အချိန်တွင် ယခုကဲ့သို့တိုက်မိမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာခဲ့ပြီးနောက် အမေရိကန်အစိုးရသည် ၎င်း၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘောကို မြေထဲပင်လယ်အတွင်း စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။ သင်္ဘောသား(၅၀ဝဝ) ခန့် ကို တင်ဆောင်ထားသော USS Harry S. Truman လေယာဉ်တင်သင်္ဘောသည် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ အပါအဝင် စစ်ဆင်ရေးအမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

ကိုးကား-NP News