ရွှေကုက္ကိုတွင် ကျားဖြန့်လုပ်ဆောင်ရန် လူကုန်ကူးခြင်းခံရသော တရုတ်နိုင်ငံသား (၂၀၀) ကို လွှဲပြောင်းပေးရန် စီစဉ်နေ
ကရင်ပြည်နယ်၊ ရွှေကုက္ကိုတွင် ကျားဖြန့်လုပ်ဆောင်ရန် လူကုန်ကူးခြင်းခံရသော တရုတ်နိုင်ငံသား (၂၀၀) ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖော်ထုတ်ရမိခဲ့ရာ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၇ နာရီချိန်ခန့်တွင် မြဝတီ-ရွှေကုက္ကို နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မ လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား (၁၉၄)ဦး၊ အမျိုးသမီး (၆)ဦး၊ စုစုပေါင်း (၂၀၀) ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသား (၂၀၀) ဦးအား စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
နယ်စပ်ဒေသများတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့က EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်ဆောင်ရွက်နေမှုများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှု များလုပ်နေလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် နှင့် ၁၃ရက်ကလည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်၌ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့် နေအိမ်၌ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသော ထိုင်းနိုင်ငံသား အမျိုးသား (၇)ဦး အပါအဝင် (၂၉) ဦးဖမ်းမိရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
ကိုးကား- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့