နိုင်ငံတော်ယန္တရားလည်ပတ်မှုတွင် အရေးပါလျက်ရှိသည့် အိန္ဒိယ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ

Posted_Date

Image

နိုင်ငံတော်ယန္တရားလည်ပတ်မှုတွင် အရေးပါလျက်ရှိသည့် အိန္ဒိယ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ

Body

နိဒါန်း

ကမ္ဘာ့ပေါ်တွင် သတ္တမမြောက်နယ်မြေအကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယသမ္မတနိုင်ငံသည် နိုင်ငံရေးတည်ငြိမ်မှုနှင့်အတူ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ နိုင်ငံရေးတည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုး တိုးတက်စေသည့် အကြောင်းအရင်းများစွာရှိသည့်အနက် ၎င်းနိုင်ငံက ကျင့်သုံးလျက် ရှိသော နိုင်ငံရေးစနစ်ကောင်းမွန်မှုရှိသည်မှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသမ္မတနိုင်ငံ၏ နိုင်ငံရေးစနစ်သည် အခြားနိုင်ငံများကဲ့သို့ပင် ပြည်ထောင်စုအဆင့်၌ နိုင်ငံတော်သမ္မတ (President) နှင့် နိုင်ငံတော်ဝန်ကြီးချုပ် (Prime Minister) တို့ရှိသော်လည်း ထူးခြားမှုတစ်ခုမှာ ပြည်နယ်များ၌ ရွေးကောက်ခံ ပြည်နယ်ဝန်ကြီးချုပ်များအပြင် နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor of State) များပါရှိကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်။  ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် ဝန်ကြီးချုပ်တို့အကြား Power Balance ဟုဆိုနိုင်သည့် အပြန်အလှန်ထိန်းကျောင်းမှု စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်နယ်အဆင့်တွင်လည်း ပြည်နယ်အုပ်ချုပ် ရေးမှူးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့အကြား အပြန်အလှန် ထိန်းကျောင်းမှုစနစ်ဖြင့် အောင်မြင်စွာချီတက်နိုင်လျက်ရှိသောကြောင့် ယခုကဲ့သို့ နိုင်ငံရေးတည်ငြိမ်ပြီး ဖွံ့ဖြိုး တိုးတက်လျက်သည်ဟု မှတ်ယူနိုင်မည် ဖြစ်ပါသည်။

အိန္ဒိယသမ္မတနိုင်ငံရှိ ပြည်နယ် ၂၈ ခုတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးများ (State Governors) များရှိကြပြီး ဒေလီမြို့ (တရားဝင်အမည် အပြည့်အစုံမှာ National Capital Territory (NCT) of Delhi ဖြစ်ပါသည်) အပါအဝင် ပြည်ထောင်စု နယ်မြေ ၈ ခုတွင် ဒုတိယအုပ်ချုပ်ရေးမှူးများ (Lieutenant Governors)၊ သို့မဟုတ် စီမံအုပ်ချုပ်သူများ (Administrators) ရှိကြပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများ (Governors) ၏ အခွင့်အာဏာများ (Powers) နှင့် လုပ်ငန်းတာဝန်များ (Functions)  မှာ နိုင်ငံတော်သမ္မတနိုင်ငံ၏ အခွင့်အာဏာများ (Powers)၊ လုပ်ငန်းတာဝန်များ (Functions) နှင့်ဆင်တူမှုရှိကြောင်း တွေ့ရှိရပါသည်။

ပြည်ထောင်စုနယ်မြေများတွင်မူ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးနေရာမရှိဘဲ ဒုတိယအုပ်ချုပ်ရေးမှူးများသာရှိပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော ဝန်ကြီး များ ကောင်စီ (Council of Minister) နှင့် အခွင့်အာဏာတူညီစွာခွဲဝေ အုပ်ချုပ်လျက် ရှိကြောင်း သိရှိရပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် ဒုတိယအုပ်ချုပ်ရေးမှူး များကို နိုင်ငံတော်သမ္မတက ခန့်အပ်ပြီး သက်တမ်းမှာ ၅ နှစ်ဖြစ်ပါသည်။ အိန္ဒိယ နိုင်ငံရှိ ပြည်နယ်များတွင် ပြည်နယ်အစိုးရခေါင်းဆောင်ဖြစ်သည့် ပြည်နယ် ဝန်ကြီးချုပ် (Chief Minister of the State) များက အခွင့်အာဏာ ပိုမိုရှိကြသည်ဟု ယူဆနိုင်သော်လည်း  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အကြီးအကဲများအဖြစ် တာဝန်ထမ်းရွက်ကာ ပြည်နယ်များ၏ နိုင်ငံရေးယန္တရားတွင် အဓိကထိန်းကျောင်း ပါဝင်လျက်ရှိသည့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍကို ဗဟုသုတ ဖြစ်စေရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

နိုင်ငံတော်ယန္တရားလည်ပတ်မှုတွင် အရေးပါလျက်ရှိသည့် အိန္ဒိယ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ

ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း

အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution of India) ပုဒ်မ ၁၅၇ နှင့် ပုဒ်မ ၁၅၈ တို့တွင် အုပ်ချုပ်ရေးမှူးရာထူးအတွက် ကိုက်ညီရမည့် အရည်အချင်း များနှင့်စပ်လျဉ်း၍ ဖော်ပြထားပြီး အောက်ပါအတိုင်းဖြစ်ပါသည် - 

  • အသက် ၃၅ နှစ် ပြည့်ပြီးသူ အိန္ဒိယနိုင်ငံသားဖြစ်ရမည်။

  • ပြည်ထောင်စုလွှတ်တော် (Parliament) နှင့် ပြည်နယ်လွှတ်တော် (State Legislature) တို့မှ ကိုယ်စားလှယ်မဖြစ်စေရ။

  • မည်သည့်ရုံးဌာနတွင်မှ တာဝန်ထမ်းဆောင်နေသူ မဖြစ်စေရ။

ပုံမှန်အားဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ၎င်းတို့၏ဇာတိပြည်နယ် များတွင် ခန့်အပ်လေ့မရှိကြောင်းနှင့် အဆိုပါအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်း မရှိကြောင်း သိရှိရပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်း

ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor of State) ကို ပြည်ထောင်စုအစိုးရက အမည်စာရင်းတင်သွင်းပြီး နိုင်ငံတော်သမ္မတ (The President) က ခန့်အပ်ပါသည်။ အုပ်ချုပ်ရေးမှူးဖြစ်လာမည့် ကိုယ်စားလှယ်လောင်းကို သမ္မတအနေဖြင့် မည်သည့် အချက်များကိုအခြေခံ၍ ထည့်သွင်းစဉ်းစားသည်ဆိုသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားခြင်း မရှိသော်လည်း အောက်ပါအချက် ၂ ချက်ကို ထည့်သွင်း စဉ်းစား၍ ဆောင်ရွက်ကြောင်း သိရှိရပါသည်-

  • ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းသည် အဆိုပါပြည်နယ်တွင် နေထိုင်သောသူ မဖြစ်စေရ။

  • ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ရန်လျာထားသည့် ကိုယ်စားလှယ်လောင်းနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် (Chief Miniter) ၏ အကြံဉာဏ်ရယူဆောင်ရွက်လေ့ရှိပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး အခွင့်အာဏာနှင့် လုပ်ငန်းတာဝန်များ

အုပ်ချုပ်ရေးမှူးတစ်ဦး၏ အဓိကလုပ်ငန်းတာဝန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၅၉ တွင် ဖော်ပြထားသော အုပ်ချုပ်ရေးမှူးတာဝန်မထမ်းဆောင်မီ ပြုလုပ်ရ မည့် ကျမ်းသစ္စာကျိန်ဆိုမှုတွင် ပါရှိသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို စောင့်ထိန်း၊ လိုက်နာ၊ ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါသည်။ ထို့ပြင် ပုဒ်မ ၁၆၇(ဂ)၊ ပုဒ်မ ၂၀၀၊ ပုဒ်မ ၂၁၃ နှင့် ပုဒ်မ ၃၅၅ တို့တွင် ဖော်ပြထား သည့်အတိုင်း အုပ်ချုပ်ရေးမှူးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အဖွဲ့အစည်းများအပေါ် ကြီးကြပ်ခြင်းနှင့် အကြံဉာဏ်ပေးခြင်းတို့ကို ဆောင်ရွက်ရ ပါသည်။

အုပ်ချုပ်ရေးအာဏာ (Executive Power) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်အောက်လွှတ်တော် (State Legislative Assembly) တွင် မဲအများစု ရရှိသော ကိုယ်စားလှယ်အား ပြည်နယ်ဝန်ကြီးချုပ် (Chief Minister) အဖြစ် ခန့်အပ် နိုင်ပါသည်။ ထို့ပြင် အုပ်ချုပ်ရေးမှူးသည် ဝန်ကြီးချုပ်၏ အကြံဉာဏ်ဖြင့် ဝန်ကြီးများ ကောင်စီ (Council of Ministers) အဖွဲ့ဝင်များကို ခန့်အပ်ခြင်းနှင့် ဝန်ကြီးဌာနများ၌ ပြည်ထောင်စုဝန်ကြီးအဖြစ် သတ်မှတ်တာဝန်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

ဝန်ကြီးများကောင်စီအဖွဲ့ဝင်များသည် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ သဘောထားအပေါ်မူတည်၍ တာဝန်ထမ်းဆောင်နိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသော်လည်း အမှန်တကယ်အခြေအနေမှာ အောက်လွှတ်တော်၏ ထောက်ခံမှုအပေါ် များစွာ မူတည်ပါသည်။ အောက်လွှတ်တော်တွင် အစိုးရအပေါ်ထောက်ခံမဲအများစု ရှိနေသမျှ ကာလပတ်လုံး ပြည်နယ်အုပ်ချုပ်ရေးမှူးက ဝန်ကြီးများကောင်စီကို ဖျက်သိမ်းခြင်း မပြုနိုင်ကြောင်း သိရှိရပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ရှေ့နေချုပ် (Advocate General)၊ ပြည်နယ်ဝန်ထမ်းရေးရာကော်မရှင် (State Public Service Commission) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုလည်း ခန့်အပ်နိုင်ခွင့်ရှိပါသည်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နာ (State Election Commissioner) ကို အုပ်ချုပ်ရေးမှူးက ခန့်အပ်နိုင်သော်လည်း ၎င်းကော်မရှင်နာအား ရာထူးမှဖယ်ရှားခွင့်ကိုမူ နိုင်ငံတော်သမ္မတကသာ ဆောင်ရွက် နိုင်ခွင့်ရှိကြောင်း သိရှိရပါသည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ၎င်းတို့ပြည်နယ်ရှိ တက္ကသိုလ်အများစုက အဓိပတိ (Chancellor) အဖြစ် ဂုဏ်ပြုခန့်အပ်ထားကြပါသည်။ တက္ကသိုလ်၏ ဂုဏ်သိက္ခာနှင့် သမာသမတ်မြင့်မားသည့် အဓိပတိရာထူး၌ ပြည်နယ်အုပ်ချုပ် ရေးမှူးအား ခန့်အပ်ထားခြင်းဖြင့် ၎င်းတက္ကသိုလ်၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ် အကာအကွယ်ပေးနိုင်သည့်အပြင် ပြင်ပမှ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်း တို့ကိုလည်း ကာကွယ်တားဆီးရာရောက်နိုင်သည်ဟူသော ရည်ရွယ်ချက်ဖြင့် ထိုသို့ ခန့်အပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တက္ကသိုလ်တစ်ခု၏ အဓိပတိဖြစ်သော ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အဆိုပါတက္ကသိုလ်၏ မည်သည့်ဌာနကိုမဆို စစ်ဆေး ပိုင်ခွင့်နှင့် စစ်ဆေးတွေ့ရှိချက်များအရ လိုအပ်သော အရေးယူဆောင်ရွက်မှုများအား လုပ်ပိုင်ခွင့်ရှိကြောင်း သိရှိရပါသည်။

တက္ကသိုလ်တစ်ဦး၏ အဓိပတိသည် တက္ကသိုလ်ပညာရေးအဖွဲ့ (Senate) ၏ ဥက္ကဋ္ဌဖြစ်သဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် တက္ကသိုလ်ပညာရေးအဖွဲ့၏ အကြံပြုထောက်ခံချက်ဖြင့် ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် တက္ကသိုလ်ပညာရေး အဖွဲ့က တင်ပြသည့် နည်းဥပဒေများကို အတည်ပြုခြင်းနှင့် ပယ်ချခြင်းတို့ ပြုလုပ် နိုင်သည့်အပြင် သက်ဆိုင်ရာကော်မတီများ၏အကြံပြုထောက်ခံချက်ဖြင့် တက္ကသိုလ် ဆရာ/ဆရာမများကို ခန့်အပ်နိုင်ကြောင်း သိရှိရပါသည်။

ဥပဒေပြုရေးအာဏာ (Legislative Power) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်လွှတ်တော် ၂ ရပ်စလုံးအား လွှတ်တော် အစည်းအဝေးကျင်းပရန် ဆင့်ခေါ် ခြင်းနှင့် အစည်းအဝေးကျင်းပမှု ရပ်ဆိုင်းခြင်းတို့ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထား ပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်အောက်လွှတ်တော် (State Legislative Assembly) ကို ဖျက်သိမ်းနိုင်ခွင့် အာဏာရှိပါသည်။ သို့ရာတွင် ထိုသို့ လုပ်ဆောင်မည်ဆိုပါက ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ဝန်ကြီးများကောင်စီ၏ အကြံဉာဏ်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပပြီးနောက်ပြုလုပ်သော ပထမဆုံးအကြိမ်လွှတ်တော်အစည်းအဝေးကို မိန့်ခွန်း တက်ရောက်ပြောကြား၍ လွှတ်တော်အစည်းအဝေး စတင်ဖွင့်လှစ်ပေးရပါသည်။ အဆိုပါလွှတ်တော်အစည်းအဝေးတွင် ပြောကြားသော အုပ်ချုပ်ရေးမှူး၏ မိန့်ခွန်းတွင် ပါရှိသည့် အချက်များမှာ ပြည်နယ်အစိုးရ၏ မူဝါဒသစ်များကို ဖော်ညွှန်းလေ့ရှိ ပါသည်။ 

ပြည်နယ်လွှတ်တော်တွင် အတည်ပြုသည့် ဥပဒေကြမ်း (Bill) တစ်ရပ်သည် အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ရရှိမှသာ ဥပဒေအဖြစ် အသက်ဝင်မည်ဖြစ်ပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းမှလွဲ၍ လွှတ်တော်က တင်ပြလာသော ကျန်ဥပဒေကြမ်းများကို ပြန်လည်စဉ်းစားသုံးသပ်ရန် လွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်ပါသည်။ သို့သော်လည်း လွှတ်တော်က အဆိုပါ ဥပဒေကြမ်းကိုပင် ဒုတိယအကြိမ်မြောက် ပြန်လည်တင်ပြလာပါက ပြည်နယ် အုပ်ချုပ်ရေးမှူးက မဖြစ်မနေ အတည်ပြုပေးလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း  သိရှိရပါသည်။ ထိုသို့သောဖြစ်စဉ်မှာ ပြည်နယ်များ၏ သမိုင်းတွင် ဖြစ်တောင့် ဖြစ်ခဲကိစ္စရပ်သာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်တွင် တမီးလ်နာဒူး (Tamil Nadu) ပြည်နယ်လွှတ်တော်က ထောက်ခံတင်သွင်းသော အမျိုးသားကျောင်းဝင် ဆန်းစစ် ကင်းလွတ်ခွင့်ဆိုင်ရာ ဥပဒေကြမ်း [National Eligibility cum Entrance Test (Undergraduate)-NEET Exemption Bill] ကို ပြန်လည်စဉ်းစားသုံးသပ်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက  လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ရာ အဆိုပါဖြစ်စဉ်သည် ပြည်နယ်စတင်ထူထောင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်မှစ၍ ပြည်နယ်သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ 

ပြည်နယ်အတွင်း လွှတ်တော်အစည်းအဝေးများ ရပ်နားထားသည့်အချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်သည်ဟု ထင်မြင် ယူဆပါက လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပရန် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ပါသည်။ 

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၁ ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းလျက်ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင် (Election Commission) က မှတ်ချက်ပြုတင်ပြလာပါက ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပုဒ်မ ၁၉၂ အရ အဆိုပါ ကိုယ်စားလှယ်ကို ရာထူးမှဖယ်ရှားနိုင်ပါသည်။ ထို့ပြင် ပုဒ်မ ၁၆၅ နှင့် ၁၇၇ တို့အရ “ဥပဒေနှင့်မညီသောလုပ်ဆောင်ချက်များ ရှိ/မရှိ လေ့လာဆန်းစစ်၊ အစီရင်ခံတင်ပြစေရန်ရည်ရွယ်ချက်ဖြင့်” ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ရှေ့နေ့ချုပ် (Advocate General) အား လွှတ်တော်နှစ်ရပ်စလုံးက ကျင်းပသည့် အစည်းအဝေး များသို့ တက်ရောက်ရန် တောင်းဆိုနိုင်ကြောင်း သိရှိရပါသည်။

တရားစီရင်ရေးအာဏာ (Judicial Power) ။ ပြည်နယ်တရားရုံးများ (High Courts) အတွက် တရားသူကြီးများ ခန့်အပ်ရာတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ရပြီး ခရိုင်တရားရုံးများ (District Courts) အတွက် တရားသူကြီးများ ခန့်အပ်ခြင်းနှင့် ရာထူးတိုးပေးခြင်းကိစ္စရပ်တို့ တွင်မူ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်တရားရုံးနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ရပါသည်။ ပြည်နယ်တရားရေးဌာနများ၌ ဝန်ထမ်းများခန့်အပ်ခြင်းကိစ္စရပ် တွင်မူ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်တရားရုံး၊ ပြည်နယ်ဝန်ထမ်းရေးရာ ကော်မရှင်တို့နှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်ရပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပြစ်ဒဏ်ရွှေ့ဆိုင်းခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးခြင်းတို့ ဆောင်ရွက်ရန် အခွင့်အာဏာရှိကြောင်း သိရှိရပါသည်။

ဘဏ္ဍာရေးအာဏာ (Financial Power) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ နှစ်စဉ်ဘဏ္ဍာရေးအသုံးစရိတ်ဆိုင်ရာ ထုတ်ပြန်ချက်ကို ပြည်နယ် လွှတ်တော် ရှေ့မှောက်တွင် ချပြနိုင်ပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မပါဘဲ မည်သည့်အသုံးစရိတ်ကိုမျှ ထုတ်ယူခွင့် မရှိချေ။ အရေးပေါ် အသုံးစရိတ်များအတွက်လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ထောက်ခံခွင့်ပြုပေးနိုင် ပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ ဘဏ္ဍာရေးကော်မရှင် (Financial Commission) ကိုလည်း ဖွဲ့စည်းပေးနိုင်ခွင့် အာဏာရှိပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော်က အတည်ပြုတင်ပြလာသော ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်အပေါ် ခွင့်ပြုခြင်း၊ ဆိုင်းငံ့ခြင်းတို့ ပြုလုပ် နိုင်ကြောင်း သိရှိရပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အထူးအခွင့်အာဏာများ (Discretionary Powers) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်ပါအခြေအနေများတွင် အထူး အခွင့်အာဏာကို ကျင့်သုံးနိုင်သည်-

  • အောက်လွှတ်တော်အတွင်း မည်သည့်ပါတီကမှ ပြတ်သားသော မဲရလဒ် ရရှိခြင်း မရှိသည့်အချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ် ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်နိုင်သည့် အခွင့်အာဏာရှိပါသည်။

  • ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ အရေးအရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံသို့ အစီရင်ခံစာများ ပေးပို့တင်သွင်းနိုင် သည့် အခွင့်အာဏာရှိပါသည်။

  • ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဥပဒေကြမ်းတစ်ရပ်နှင့်စပ်လျဉ်း၍ သဘော တူညီအတည်ပြုခြင်း မပြုဘဲ ထားနိုင်သကဲ့သို့ သဘောထားမှတ်ချက် တောင်းခံရန်အတွက် နိုင်ငံတော်သမ္မတထံသို့ ဆက်လက်တင်သွင်း နိုင်သည့် အခွင့်အာဏာရှိပါသည်။ 

  • ပုဒ်မ ၃၅၃ အရ အရေးပေါ်အခြေအနေကာလအတွင်း ပြည်နယ် အုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ဝန်ကြီးများ ကောင်စီ၏ အကြံဉာဏ်ပေးမှုများကို ကျော်လွန်ပယ်ဖျက်နိုင်သည့် အခွင့် အာဏာရှိပါသည်။

အရေးပေါ်အခြေအနေ (Contigency Situation) ။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၆၀၊ ပုဒ်မ ၃၅၆ နှင့် ပုဒ်မ ၃၅၇ တို့အရ နိုင်ငံတော်သမ္မတ၏ အထူးခွင့်ပြုချက် မရှိလျှင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အရေးပေါ်အခြေအနေကြေညာရန် အခန်း ကဏ္ဍ (Role) နှင့် အခွင့်အာဏာ (Power) မရှိချေ။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆) (Part VI) ပါ ပြဋ္ဌာန်းချက်များအရ ရွေးကောက်ခံအစိုးရတစ်ရပ်က တာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ် အစိုးရအဖွဲ့ (State Cabinet) ၏ အကြံဉာဏ် ရယူခြင်းမရှိဘဲ မည်သည့်ဆုံးဖြတ် ချက်မျှ ချမှတ်ခြင်း မပြုရကြောင်း သိရှိရပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး၏ လစာနှင့်ခံစားခွင့်များ

ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် “အုပ်ချုပ်ရေးမှူးများ ချီးမြှင့်ငွေ၊ စရိတ် များနှင့် အထူးအခွင့်အရေးများဆိုင်ရာအက်ဥပဒေ (၁၉၈၂ ခုနှစ်) [Governors (Emoluments, Allowances and Privileges) Act 1982 ] ပါ သတ်မှတ်ပြဋ္ဌာန်းချက် များအရ လစာနှင့်ခံစားခွင့်များအား ခံစားပိုင်ခွင့်ရှိပါသည်။ အဆိုပါဥပဒေအရ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ လစာမှာ တစ်လလျှင် ရူပီး ၃၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၅၂၀၀ ခန့်) ဖြစ်ပါသည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အိမ်ငှားခ ကင်းလွတ်ခွင့်ရသည့် အစိုးရ အိမ်တော် (Official Residence) ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အဆောင် အယောင် မော်တော်ယာဉ်များ ရရှိပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင် များသည် အခမဲ့ဆေးကုသခွင့်အား ရာသက်ပန်ခံစားခွင့်ရှိကြောင်း သိရှိရပါသည်။

ထူးခြားချက်အနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် ပြည်နယ် ၂ ခု၊ သို့မဟုတ် ၂ ခုပိုသော ပြည်နယ်များတွင်ပါ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ရပါက အုပ်ချုပ်ရေးမှူးရရှိမည့် လစာမှာ နိုင်ငံတော်သမ္မတက သတ်မှတ်ပေး သည့်အတိုင်းဖြစ်ပြီး သတ်မှတ်ပေးသည့်ငွေပမာဏအား ၎င်းတာဝန်ယူထားသည့် ပြည်နယ်များက အချိုးကျ ကျခံရမည် ဖြစ်ပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ လစာနှင့် စရိတ်များအား ပြည်ထောင်စုလွှတ်တော် (Parliament) က ရုပ်သိမ်းခြင်း မပြုနိုင်ကြောင်း သိရှိရပါသည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူး ရရှိနိုင်သည့် ဥပဒေကင်းလွတ်ခံစားခွင့်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၆၁ အရ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ လုပ်ဆောင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း အကြောင်း ပြချက်ဖြင့် ၎င်းပြည်နယ်အုပ်ချုပ်ရေးမှူးအား ၎င်း၏ကိုယ်ပိုင်သဘောထားဆန္ဒအရ လာရောက်ထွက်ဆိုခြင်းမှလွဲ၍ တရားရုံးသို့ ဆင့်ခေါ်ပိုင်ခွင့် မရှိချေ။ အဆိုပါအမှုအား တရားရုံးများက ပြည်ထောင်စုအစိုးရ (Union Government) ၏ အချက်အလက် ထောက်ပံ့မှုများဖြင့် ဆုံးဖြတ်နိုင်ပါသည်။ သို့ရာတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအား ၎င်းတာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ပြစ်ဒဏ်စီရင်ချမှတ်နိုင်ခြင်း မရှိဘဲ ရာထူးမှ အနားယူချိန်မှသာ အဆိုပါအမှုအတွက် ၎င်းအား တရားစွဲဆိုနိုင်ကြောင်း သိရှိရပါသည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူးအား ရာထူးမှဖယ်ရှားခြင်း

ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်းမရှိသော်လည်း နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒရှိသည့် ကာလအတွင်း တာဝန်ထမ်းဆောင်ရသည်ဖြစ်၍ ယေဘုယျအားဖြင့် သမ္မတ သက်တမ်းအတိုင်း ၅ နှစ်တာကာလ ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတသည် ပြည်နယ် အုပ်ချုပ်ရေးမှူးတစ်ဦးအား အခြားပြည်နယ်တစ်ခု၏ အုပ်ချုပ်ရေးမှူးအဖြစ်လည်း ပြောင်းရွှေ့ခန့်အပ်နိုင်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် အောက်ပါအချက် ၂ ချက်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးလစ်လပ်နိုင်ပါသည်-

  • ‌ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၅၆ အရ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ တာဝန်ထမ်းဆောင်မှုအပေါ် ကျေနပ်မှုမရှိပါက နိုင်ငံတော်သမ္မတက ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရာထူးမှ ဖယ်ရှားလျှင်။ 

  • ပြည်နယ်အုပ်ချုပ်ရေးမှူးက ရာထူးမှ နုတ်ထွက်ခွင့်တင်ပြလျှင်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များ (အကျဉ်းချုပ်)

နိုင်ငံတော်ယန္တရားလည်ပတ်မှုတွင် အရေးပါလျက်ရှိသည့် အိန္ဒိယ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ

ပုဒ်မ ၁၅၃ ။ ပြည်နယ်တစ်ပြည်နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးရှိရမည်။

ပုဒ်မ ၁၅၄ ။ ပြည်နယ်၏ အုပ်ချုပ်ရေးအာဏာသည် အုပ်ချုပ်ရေးမှူးထံတွင် တည်ရှိပြီး အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပုဂ္ဂိုလ်တစ်ဦးဦးအား တာဝန်ပေးအပ်စေခိုင်းနိုင်သည်။

ပုဒ်မ ၁၅၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးအား နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးအတည်ပြုခန့်အပ်ရမည်။

ပုဒ်မ ၁၅၇ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အသက် ၃၅ နှစ်ပြည့်ပြီးသူ အိန္ဒိယနိုင်ငံသားဖြစ်ရမည်။

ပုဒ်မ ၁၅၈ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် အကျိုးအမြတ်ရရှိသော ရုံးဌာနတစ်ခုတွင် အလုပ်လုပ်နေသူ မဖြစ်စေရ။လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါက အဆိုပါလွှတ်တော်ကိုယ်စားလှယ်သည် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။

ပုဒ်မ ၁၅၉ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်သည် တာဝန်မထမ်းဆောင်မီ ကျမ်းသစ္စာကျိန်ဆိုခြင်း ပြုလုပ်ရမည်။

ပုဒ်မ ၁၆၀ ။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၂) တွင် ဖော်ပြထားခြင်းမရှိသော အရေးပေါ်အခြေအနေတစ်ရပ်တွင် ပြည်နယ်တစ်ခုမှအုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များကို ရပ်ဆိုင်းရန်အတွက် လိုအပ်သည်ဟု ထင်မြင်ယူဆပါက သတ်မှတ်ပြဋ္ဌာန်းချက်အချို့ ထုတ်ပြန်နိုင်သည်။

ပုဒ်မ ၁၆၁ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းတို့ ဆောင်ရွက်နိုင်ခွင့်ရှိသည်။

ပုဒ်မ ၁၆၃ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ အထူးအခွင့်အာဏာအသုံးပြုချိန်မှတစ်ပါး ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ဝန်ကြီးများကောင်စီ (Council of Ministers) ထံမှ အကြံဉာဏ်ကို ရယူဆောင်ရွက် ရမည်။

ပုဒ်မ ၁၆၄ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား ခန့်အပ်ရမည်။

ပုဒ်မ ၁၆၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ရှေ့နေချုပ်အား ခန့်အပ်ရမည်။

ပုဒ်မ ၁၆၆ ။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင် ချက်အားလုံးတွင် အုပ်ချုပ်ရေးမှူး၏ အမည်နာမကို ဖော်ပြဆောင်ရွက်ရမည်။

ပုဒ်မ ၁၇၄ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော် အစည်း အဝေးကျင်းပရန် ဆင့်ခေါ်ခြင်းနှင့် ရပ်ဆိုင်းခြင်း၊ အောက်လွှတ်တော်ကို ဖျက်သိမ်း ခြင်းတို့ ဆောင်ရွက်နိုင်သည်။

ပုဒ်မ ၁၇၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခြင်း၊ အောက်လွှတ်တော်သို့သဝဏ်လွှာပေးပို့ခြင်းတို့ဆောင်ရွက်နိုင်သည်။

ပုဒ်မ ၁၇၆ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော်တွင် အထူး မိန့်ခွန်း ပြောကြားနိုင်သည်။

ပုဒ်မ ၂၀၀ ။ အောက်လွှတ်တော်က အတည်ပြုတင်ပြသော ဥပဒေကြမ်း တစ်ရပ်အား ပြည်နယ်အုပ်ချုပ်ရေးမှူးက သဘောတူခြင်း၊ ပြန်လည်ပေးပို့ခြင်းနှင့်  နိုင်ငံတော်သမ္မတ၏ သဘောထားတောင်းခံရန် သီးသန့်ချန်ထားခြင်းတို့ ဆောင်ရွက် နိုင်သည်။

ပုဒ်မ ၂၀၂ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်အရအသုံးခန့်မှန်းခြေ ငွေစာရင်းအား အောက်လွှတ်တော်၌ ရှင်းလင်းချပြနိုင်သည်။

ပုဒ်မ ၂၀၃(၃) ။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မပါရှိဘဲ မည်သည့်ထောက်ပံ့ငွေမှ ထုတ်ယူသုံးစွဲခွင့်မရှိ။

ပုဒ်မ ၂၀၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ ခန့်မှန်းခြေအသုံး စရိတ်ရှင်းတမ်းအား အောက်လွှတ်တော်ရှေ့မှောက်တွင် ရှင်းလင်းချပြရမည်။

ပုဒ်မ ၂၁၃ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် တိကျသော အကြောင်းအရင်း တစ်ရပ်ရပ်အရ ညွှန်ကြားချက်များကို ရပ်ဆိုင်းနိုင်သည်။

ပုဒ်မ ၂၁၇ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်မှုအတွက် နိုင်ငံတော်သမ္မတထံသို့ အကြံဉာဏ်များပေး နိုင်သည်။ 

ပုဒ်မ ၂၁၉ ။ ခန့်အပ်ခံရသော ပြည်နယ်တရားလွှတ်တော် တရားသူကြီး များသည် တာဝန်မထမ်းဆောင်မီ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုရမည်။

နိဂုံး

အိန္ဒိယနိုင်ငံ၏ ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်သမ္မတက အတည်ပြုရွေးချယ်ခန့်အပ်ထားသည့် ဂုဏ်သိက္ခာကြီးမားသူ၊ လူမှုနယ်ပယ်တွင် ထူးချွန်သူများဖြစ်ကြပြီး ပြည်နယ်အစိုးရနှင့် လွှတ်တော်တို့၏ ဆောင်ရွက်ချက် များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရန်အတွက် ထိန်းကျောင်းပေးလျက်ရှိကြသူများဖြစ်ကြသဖြင့် ပြည်နယ်၏ အာဏာ ၃ ရပ် အပြန် အလှန်ထိန်းကျောင်းတည့်မတ်ရာတွင်လည်းကောင်း၊ ပြည်နယ်၏အကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

မှီငြမ်းကိုးကား

- T. Ramakrishnan (8 February 2022). House Will Create History if It Re-Adopts NEET Bill Today

- The Governors (Emoluments, Allowances and Privileges) Act, 1982

The Dismissal of Governors. The Hindu. 13

- https://www.india.gov.in/my-government/whos-who/lt-governors-administrators

- https://byjus.com/free-ias-prep/governor/