ယူကရိန်းဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပမည့်ရက်စွဲကို ရုရှားမီဒီယာများ ဖော်ပြ

News Image

  • ယူကရိန်းဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပမည့်ရက်စွဲကို ရုရှားမီဒီယာများ ဖော်ပြ

အမေရိကန်-ရုရှား ကိုယ်စားလှယ်အဖွဲ့များ ပါဝင်မည့် ယူကရိန်းဆိုင်ရာ ဆွေးနွေးပွဲများကို လာမည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဆော်ဒီ အာရေးဗီးယား၏ မြို့တော် ရီယာ့ဒ်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း Kommersant သတင်းစာက ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဖော်ပြ ခဲ့သည်။

The Washington Post ကလည်း ယခင်က အမေရိကန်၏ အကြီးတန်း အရာရှိများသည် လာမည့် ရက်သတ္တပတ်အတွင်း ရုရှား ကိုယ်စားလှယ်များနှင့် ရီယာ့ဒ်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဟု ဖော်ပြခဲ့သည်။

Kommersant ၏ ဖော်ပြချက်အရ အမေရိကန်ဘက်မှ နိုင်ငံခြားရေး ဝန်ကြီး Mark Rubio၊ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Mike Walz နှင့် အမေရိကန်သမ္မတ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူး ကိုယ်စားလှယ် Steve Witkoff တို့ ပါဝင်မည်ဟု မျှော်လင့်ရသည်။

Politico သတင်းစာက ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထိုအစီအစဉ် နှင့်ဆက်နွှယ်သော သတင်းရင်းမြစ်များကို ကိုးကား၍ အမေရိကန် သမ္မတ Donald Trump ၏ အုပ်ချုပ်ရေးအဖွဲ့မှ အကြီးတန်း အရာရှိ များသည် လာမည့်ရက်များအတွင်း ဆော်ဒီအာရေးဗီးယားတွင် ရုရှား နှင့်ယူကရိန်း ညှိနှိုင်းသူများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်မည် ဟု ဖော်ပြခဲ့ပြီး Waltz၊ Rubio၊ နှင့် Witkoff တို့သည် ဆော်ဒီ အာရေးဗီးယားသို့ သွားရောက်မည်ဟု ဆိုသည်။ သို့သော် ယူကရိန်း-ရုရှား ဆွေးနွေးပွဲများအတွက် အထူးကိုယ်စားလှယ် Keith Kellogg တက်ရောက်မည် မဟုတ်ဟု သတင်းက ဖော်ပြသည်။

Bloomberg ၏ ဖော်ပြချက်အရ ရုရှားသမ္မတ Vladimir Putin နှင့် အမေရိကန်သမ္မတ Donald Trump တို့သည် လာမည့် လကုန်ပိုင်းတွင် ဆော်ဒီအာရေးဗီးယားတွင် တွေ့ဆုံနိုင်သည်ဟု ဆိုသည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသားလုံခြုံရေးအကြံပေးများ ပါဝင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် တွေ့ဆုံနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

ကိုးကား-RT