ဟားမက်စ်ကို လက်တုံ့ပြန်ရန်အတွက် အရန်တပ်ဖွဲ့ဝင်များ ပြန်ခေါ်မည်ဟု အစ္စရေးစစ်တပ်ပြော

News Image

  • ဟားမက်စ်ကို လက်တုံ့ပြန်ရန်အတွက် အရန်တပ်ဖွဲ့ဝင်များ ပြန်ခေါ်မည်ဟု အစ္စရေးစစ်တပ်ပြော

အစ္စရေးစစ်တပ်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့အနေဖြင့် သတ်မှတ်ထားသည့် ဖေဖော်ဝါရီ ၁၅ ရက်အထိ ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံများကို ပြန်မလွှတ်ပေးပါက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားဖွယ် ရှိနေသည့်အတွက် အရန်တပ်ဖွဲ့ဝင်များ ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား တစ်လနီးပါးကြာ အပစ်အခတ်ရပ်စဲရေးရယူနိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် ဟားမက်စ် အဖွဲ့က ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံများကို ပြန်လွှတ်ပေးရန် နှောင့်နှေးနေကြောင်း သိရသည်။

အစ္စရေးနှင့်ဟားမက်စ်တို့သည် ဇန်နဝါရီ ၁၉ ရက်တွင် ယာယီအပစ်ခတ် ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးထားသူများပြန်လွှတ်ပေးရန် သဘောတူညီမှု ရရှိထားကြောင်းသိရသည်။ 

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကလည်း ဟားမက်စ်အဖွဲ့သည် ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်မပေးပါက တိုက်ပွဲများ ပြန်လည်ဖြစ် ပွားဖွယ်ရှိနေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် သတိပေးခဲ့သည်။ ဟားမက်စ် အဖွဲ့က ၎င်းတို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကတိကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်သော်လည်း ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမည်ဆိုသောအချက်ကို အတိအကျပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီ အပစ်အခတ် ရပ်စဲရေးရရှိခဲ့ပြီးနောက် နေရပ်စွန့်ခွာသူများသည် ဂါဇာဒေသသို့ ပြန်လာနေချိန်တွင် တိုက်ပွဲများ တစ်ကျော့ပြန်ထပ်မံဖြစ်ပွားမည်ဆိုလျှင် ပါလက်စတိုင်းလူမျိုးများ ပိုမိုထိခိုက်ရဖွယ်ရှိနေကြောင်း သိရသည်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ အတွင်း အစ္စရေးကို ကြိုတင်ကြေညာခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ပြီး အစ္စရေး နိုင်ငံသားများကိုဖမ်းဆီးခဲ့ရာ ဂါဇာဒေသတွင် တိုက်ပွဲများ ဖြစ်လာခဲ့ပြီး ဂါဇာစစ်ပွဲ ၁၅ လကာလအတွင်း အနည်းဆုံး လူပေါင်း ၅ သောင်း နီးပါး သေဆုံးခဲ့ကာ လူပေါင်းသန်းချီ၍ နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။

ကိုးကား-NP News