ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်နှင့် သမ္မတ ဗလာဒီမာ ပူတင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူ ယူရီအူရှာကော့ဗ်တို့ ဆော်ဒီအာရေးဗီးယားသို့သွားရောက်

News Image

  • ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်နှင့် သမ္မတ ဗလာဒီမာ ပူတင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူ ယူရီအူရှာကော့ဗ်တို့ ဆော်ဒီအာရေးဗီးယားသို့သွားရောက်

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်နှင့် သမ္မတ ဗလာဒီမာ ပူတင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူ ယူရီအူရှာကော့ဗ်တို့သည် ရုရှားသမ္မတနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ လာမည့်အစည်းအဝေး အတွက် အခြေအနေများပြင်ဆင်ရန် ဆော်ဒီအာရေးဗီးယားသို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ကြေညာခဲ့သည်။

ပြီးခဲ့သည့်အပတ်က ထရမ့်သည် သမ္မတအဖြစ် ပြန်လည်တာဝန်ယူ ပြီးနောက် ပူတင်နှင့် ပထမဆုံးအကြိမ် တယ်လီဖုန်းမှတစ်ဆင့် မိနစ် ၉၀ ကြာ စကားပြောပြီးနောက် မော်စကိုနှင့် ဝါရှင်တန်တို့က သမ္မတနှစ်ဦးသည် မကြာမီ မျက်နှာချင်းဆိုင်တွေ့ဆုံမည်ဖြစ်ပြီး ထိပ်သီးအစည်းအဝေးကို ဆော်ဒီအာရေးဗီးယား၏ မြို့တော် ရီယာ့ဒ်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သတင်းထောက်များနှင့် ပြောကြားရာ၌ ပက်စကော့ဗ်က လာဗရော့ဗ်နှင့် အူရှာကော့ဗ်တို့သည် ပူတင်၏ ညွှန်ကြားချက်အရ ရီယာ့ဒ်သို့ သွားရောက်ကာ အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုဆွေးနွေးပွဲသည် ယူကရိန်းအရေးအခင်း ဖြေရှင်းရန်နှင့်ပူတင်-ထရမ့် ထိပ်သီးအစည်းအဝေး စီစဉ်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ရေးကို အာရုံစိုက် ဆောင်ရွက်မည် ဖြစ်သည်ဟု သိရှိရပါသည်။

ထရမ့်သည် ၎င်း၏ရွေးကောက်ပွဲ ကမ်ပိန်းတစ်လျှောက်လုံးတွင် သမ္မတ အဖြစ် ပြန်လည်တာဝန်ယူရပါက ယူကရိန်းပဋိပက္ခကို အမြန်ဆုံး ဖြေရှင်းမည်ဟု ထပ်ခါတလဲလဲ ကတိပြုခဲ့သည်။ 

ကိုးကား-RT