Trump ၏ ဆုတ်ခွာမှုသည် မြန်မာနိုင်ငံအား တရုတ်လက်တွင်းသို့ လုံးလုံးလျားလျား ပေးအပ်လိုက်ခြင်းလော
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်များကို ရပ်ဆိုင်းထားရန် ကြိုးပမ်းမှုသည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကျန်းမာရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အုပ်ချုပ်ရေးနှင့် လွတ်လပ်သော မီဒီယာအစီအစဉ်များကို ပံ့ပိုးပေးနေသည့် ဒေါ်လာသန်းပေါင်း များစွာရှိသည့် USAID အစီအစဉ်များကို လက်ခံရရှိနေသည့် ပြည်တွင်းစစ်ဒဏ်ခံနေရသော မြန်မာနိုင်ငံ လူထုအပေါ် သက်ရောက်မှု ရှိလာမည် ဖြစ်သည်။
ရန်ပုံငွေရပ်ဆိုင်းခြင်းသည် USAID အပေါ် ထရမ့်၏ ကြီးမားသော Trumpian တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းသည် အစောပိုင်း ကန့်သတ်ချက်များကို ဖော်ထုတ်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အမေရိကန်၏ ထောက်ခံမှုနှင့် လေးနှစ်ကြာ အာဏာကို ထိန်းသိမ်းထားသည့် စစ်အစိုးရအား ကျယ်ကျယ်ပြန့်ပြန့် ခုခံမှုအတွက် ရန်ပုံငွေ အထောက်အပံ့ကို အပြီးတိုင် ရပ်ဆိုင်းခြင်းလည်း ဖြစ်နိုင်ပေသည်။
သေချာသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖြုတ်ချခဲ့သော စစ်အစိုးရကို ဆန့်ကျင်သည့် အမေရိကန်အစိုးရ၏ ကတိကဝတ်မှာ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် ရှေ့လာမည့် ကာလတွင် သံသယဖြစ်ဖွယ် ဖြစ်နေပါသည်။ ဒီအနေအထားကို လက်မခံနိုင်သူ အများအပြားက အမေရိကန်အနေဖြင့် ဒီမိုကရေစီအင်အားစုများက အာဏာရှင်အင်အားစုများကို အပြင်းအထန် တွန်းလှန်ခြင်းမျိုး ပိုမိုလုပ်ဆောင်သင့်သည်ဟု သဘောထားကြသည်။
ထိုအရေးအခင်းမှ ထရမ့်၏ ပြတ်ပြတ်သားသား နှုတ်ထွက်လိုက်ခြင်းဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ပိုမိုအရေးပါလာမည် ဖြစ်သည်။ အမှန်စင်စစ် တရုတ် နိုင်ငံသည် မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခအမျိုးမျိုးတွင် ဝင်ရောက်စွက်ဖက်ရန်နှင့် ၎င်း၏ ဗျူဟာမြောက် အသာစီးရအောင် ကြိုးကိုင်ရန် နည်းလမ်း၊ စွမ်းရည်နှင့် စေ့ဆော်မှုရှိသည့် တစ်ခုတည်းသော ပြည်ပ နိုင်ငံတစ်ခုဖြစ်သည်။
အခြားသော နိုင်ငံများ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် စစ်အစိုးရနှင့် အတိုက်အခံများကြားဆွေးနွေးရန် “ဘုံသဘောတူညီချက် ၅ ချက်”ကို အကြံပြုခဲ့သော်လည်း အဆိုပါသဘောတူညီချက်အောက်တွင် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုသည် ထိရောက်မှုမရှိသော ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။
အာဆီယံအတွက် ၎င်း၏ အဓိကအခြေခံမူနှစ်ရပ်ဖြစ်သည့် “ဝင်ရောက်မစွက်ဖက်ရေးနှင့် အများဆန္ဒအရ” ဟူသည့်အချက်များက တားဆီးထိန်းချုပ်ထားသည်။ ထိုလမ်းကြောင်းကို ရွေးချယ်မှုကြောင့် အာဆီယံ အဖွဲ့အစည်းအနေဖြင့် ၎င်း၏ (၅၈)နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများကြား နှစ်ဖက်အငြင်းပွားမှုကို မည်သည့်အခါမျှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ သကဲ့သို့ အဖွဲ့ဝင်နိုင်ငံများအတွင်း လက်နက်ကိုင် ပဋိပက္ခကိုလည်း ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ ပေ။
မည်သို့ပင်ဆိုစေကာမူ သြစတြေးလျနှင့် ဥရောပသမဂ္ဂတို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်း စစ်တပ်အား ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်မှုမရှိသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းကို အဓိက ပံ့ပိုးပေးထားသည်။ မလေးရှား၏ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌကာလတွင် ပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းရန် ကြိုးပမ်းမှုအသစ်များကို ထိုင်းနိုင်ငံထံမှ အကူအညီဖြင့်သာ ဆောင်ရွက် ရပါက ရှေ့ရောက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
တရုတ်နိုင်ငံအတွက် လုပ်ကွက်တစ်ရပ် ထားရှိခဲ့ခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံအတွက် ၎င်း၏ ပုံဖော်နိုင်သည့် ရေရှည်စီမံကိန်းတစ်ခုပင်ဖြစ်သည်။ စစ်ပွဲများ ဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂,၁၈၅ ကီလိုမီတာရှည်လျားသည့် နယ်စပ်ကုန်သွယ်ရေးတစ်လျှောက် အရှိန်အဟုန် မြင့်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံ၏ Belt and Road Initiative လက်အောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အစီအစဉ်အရ ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည့် မြန်မာနိုင်ငံ၏ မော်တော် ကားလမ်းများ၊ မီးရထားလမ်းများနှင့် အဓိကဆိပ်ကမ်းတစ်ခု အဆင့်မြှင့်တင်ရန် အစီအစဉ်များသည် နှစ်နိုင်ငံ ကုန်သွယ်ရေးကို ပိုမိုအရှိန်အဟုန် မြင့်မားစေမည်ဖြစ်သည်ကို နောက်ဆုံးတွင် သဘောပေါက် လာမည် ဖြစ်သည်။
သို့သော်လည်း တရုတ်သည် မြန်မာနိုင်ငံအတွင်း ရှုပ်ထွေးသော လှည့်ကွက်နှစ်မျိုးဖြင့် ကစားနေပါသည်။ တဖက်တွင်လည်း စစ်အေးတိုက်ပွဲအတွင်း တရုတ်အစိုးရက ကျောထောက် နောက်ခံပြုခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီကို ဆက်ခံသည့် တရားဝင်ကြားနေ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အား လက်နက်များ ပေးအပ်ထားပြီး ယခုအခါ နိုင်ငံ၏ အကြီးဆုံး လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ဖြစ်လာကာ တပ်မတော်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ များထံ တရုတ်လက်နက်များကို လွှဲပြောင်းပေးအပ်လျက်ရှိသည်။
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် မြန်မာအစိုးရများအား ကျောထောက်နောက်ခံ ပြုပေးခဲ့ပါသည်။ နိုင်ငံရေးပွင့်လင်းမှုနှင့် ဒီမိုကရေစီစနစ်ကို အတိုင်းအတာတစ်ခုအထိ ကျင့်သုံးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ကာလ၌ မြန်မာတပ်မတော်အရာရှိကြီးများသည် အမေရိကန်၊ အနောက်နိုင်ငံများနှင့် အလိုက်အထိုက် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်အာဏာထိန်းလိုက်ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံဘက်သို့ ပြန်လှည်ဦးလှည့်သွားခဲ့သည်။ ၂၀၂၁ ခုနှစ်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပြစ်တင်ရှုတ်ချမှု၊ ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပေသည်။
သေချာသည်မှာ တော်လှန်ရေးတပ်အများစု၏ ဦးတည်ချက်ဖြစ်သော ခိုင်မာသော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းရေးကို တရုတ်နိုင်ငံက စိတ်ဝင် စားခြင်း မရှိပေ။ မြန်မာနိုင်ငံသည် စစ်ပွဲများနှင့်လုံးလည်လိုက်ကာ အားနည်းနေသမျှ ကာလပတ်လုံး တရုတ်သည် တစ်ဖက်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လိုသလိုကိုင်တွယ်ကစားခြင်း၊ အခြားတစ်ဖက်တွင် UWSA မှတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအတွက် သွယ်ဝိုက်သော ပံ့ပိုးကူညီမှုကို လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ အစဉ်အလာ ကစားနည်းဖြစ်သော “ဆုပေးဒဏ်ပေး စနစ်”ကို ကျင့်သုံးနိုင်မည် ဖြစ်သည်။
အဆိုပါအချက်သည် ပြဆိုနေသည်မှာ နယ်စပ်ဒေသများတွင် ပြင်းထန်သော မတည်မငြိမ်မှုများကြောင့် စစ်ဘေးဒုက္ခသည်များ အစုလိုက်အပြုံလိုက် နယ်စပ်ဖြတ်ကျော်မှုများကို ဖြစ်စေနိုင်ခြင်းနှင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသများအတွက် အဓိကထွက်ပေါက်ကို ပံ့ပိုးပေးသည့် အကျိုးအမြတ်များသော နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပဋိပက္ခကို ထိန်းမနိုင်သိမ်းမရအဖြစ်သို့ မရောက်စေလိုခြင်းပင်ဖြစ်သည်။
အလားတူပင် ဥပဒေစိုးမိုးမှုမရှိသည့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထားနေသည့် တရုတ်လူမျိုးပိုင် ငွေကြေးလိမ်လည်မှုစင်တာများ ပျံ့နှံ့တည်ရှိနေခြင်းကိုလည်း တရုတ်နိုင်ငံက နှစ်မြို့ခြင်း မရှိပေ။ မကြာသေးမီက ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) နှင့် ၎င်း၏မဟာမိတ် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကို ထိန်းချုပ်ကာ အဆိုပါနှစ်ဖွဲ့စလုံးက တရုတ်အစိုးရ၏ အမိန့်အရ မြန်မာစစ်အစိုးရ ထိန်းချုပ်နယ်မြေသို့ ထိုးစစ်ဆင်နေခြင်းအား ရပ်ဆိုင်းခဲ့ခြင်းသည် တရုတ်နိုင်ငံက ၎င်း၏ ကြိုးကိုင်ထားမှုကို ပြသခဲ့ခြင်းပင်ဖြစ်သည်။
ဒီဇင်ဘာလအစောပိုင်းတွင် ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဖုန်တာရွှင်သည် “ဆေးကုသမှု ခံယူရန်” တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကြောင်း MNDAA က ကြေညာခဲ့သည်။ “တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ပဋိပက္ခကို ဖြေရှင်းရန်” MNDAA က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
TNLA သည်လည်း နိုဝင်ဘာလနှောင်းပိုင်းတွင် အလားတူ ကြေညာချက်တစောင် ထုတ်ပြန် ခဲ့ပြီး “တရုတ်၏ ဖျန်ဖြေရေး ကြိုးပမ်းမှုများအရ အစဉ်ပူးပေါင်းဆောင်ရွက်ပြီး ရလဒ်ကောင်းများ ရရှိရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အများစုကို သိမ်းပိုက်နိုင်ခဲ့သော ညီနောင်မဟာမိတ်အဖွဲ့၏ တတိယမြောက် အဖွဲ့ဝင်ဖြစ်သည့် AA ကလည်း မြောက်ပိုင်းမဟာမိတ်များကဲ့သို့ တပ်မတော်နှင့် ညှိနှိုင်းရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၂၉ ရက်က ကြေညာခဲ့သည်။ အမှန်တကယ်တွင် AA သည် ၎င်း၏မွေးရပ် ရခိုင် ပြည်နယ်တွင် လုံးဝအောင်ပွဲရလုနီးပါးဖြစ်နေပုံရသည်။
AA သည် တရုတ်နိုင်ငံ၏အမိန့်ကို နာခံသော်လည်း အခြားလက်နက်ကိုင်အဖွဲ့ အချို့ထက် ပိုမိုလွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် AA သည် ကချင်ပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် အင်အားကြီး ခရစ်ယာန်ဘာသာ လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပြီး တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို ဟန်ချက်ညီစေရန်အတွက် အမေရိကန် နိုင်ငံရှိ ခရစ်ယာန် ဘာသာအဖွဲ့များနှင့် အိန္ဒိယနိုင်ငံရှိ ကချင်တိုင်းရင်းသားများနှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားသည့် KIA လက်နက်ကိုင်အဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ၂၀၀၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းကြောင့် ဖြစ်သည်။
AA ခေါင်းဆောင်အများစုသည် KIA ဌာနချုပ် လိုင်ဇာတွင် အခြေပြုလျက်ရှိပြီးသဖြင့် MNDAA နှင့် TNLA မဟာမိတ်များထက် တရုတ်နိုင်ငံအပေါ် မှီခိုမှုနည်းပါးသည်။ သို့သော်လည်း AA ၏ လက်နက်ခဲယမ်းအများစုသည် UWSA မှ သွယ်ဝိုက်၍ ဝင်ရောက်နေကြပြီး ၎င်း၏ ခေါင်းဆောင်များသည် လိုင်ဇာမှ ပန်ဆန်းရှိ UWSA ဌာနချုပ်သို့ သွားလာသည့်အခါ တရုတ်နယ်မြေကို ဖြတ်သန်းရမြဲပင် ဖြစ်သည်။ ထို့ကြောင့် AA သည် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်သို့ သွယ်တန်းသော တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားဖြစ်သည့် ရေနက်ဆိပ်ကမ်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နေရာများရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီးတွင် ယခုအချိန်အထိ တိုက်ပွဲဖော်ဆောင်မှုကို ရှောင်ရှားခြင်းမှာ အံ့သြစရာမဟုတ်ပေ။
စစ်ပွဲကြောင့်ဖြစ်သည့် မတည်ငြိမ်မှုဒဏ်ကို အတော်အတန်ခံစားနေရသော်လည်း အစိုးရ နှင့် AA တို့အကြား ပြေလည်အောင် လုပ်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော ပြည်ပနိုင်ငံတစ်ခု ဖြစ်ခြင်းကြောင့် အဆိုပါအကျိုးစီးပွားများသည် တရုတ်နိုင်ငံအား မဟာဗျူဟာမြောက် အသာစီး ရစေ ပါသည်။
အိန္ဒိယသည်လည်း တရုတ်ကဲ့သို့ မြန်မာ၏ မတည်ငြိမ်သည့်အခြေအနေနှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြသမှုမရှိသော်လည်း အလားတူ ပဋိပက္ခ၏လမ်းကြောင်းနှင့် ရလဒ်များ အပေါ် စိတ်ပါဝင်စားမှု ရှိပေသည်။
အိန္ဒိယ၏ အဓိက အကျိုးစီးပွားတစ်ခုမှာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဝေးလံခေါင်သီသည့် နေရာများတွင် နယ်စပ်ဖြတ်ကျော် ခိုအောင်းနေသော အာသံ၊ မဏိပူရနှင့် နာဂ သူပုန်များ အနေဖြင့် အိန္ဒိယနိုင်ငံအတွင်းသို့ မကြာခဏ ဝင်ရောက်လှုပ်ရှားခြင်းနှင့် မြန်မာနိုင်ငံ အရှေ့မြောက် ဒေသသို့ လက်နက်များ တရားမဝင် တင်သွင်းနေခြင်းကို ဟန့်တားရန်ပင် ဖြစ်သည်။
စီးပွားရေးအရ အိန္ဒိယသည် စစ်ပွဲကြောင့် မတည်မငြိမ် ဖြစ်ပေါ်စေပြီး ရှုပ်ထွေးနေသော သို့မဟုတ် ရပ်တန့်ထားသော အစီအစဉ်များဖြစ်သည့် နိုင်ငံစီးပွားရေးကို လျင်မြန်စွာ ဖွံ့ဖြိုးစေမည့် မြန်မာနိုင်ငံမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်များအား တင်သွင်းနိုင်ရန် ကြိုးပမ်းခဲ့ သည်။
အိန္ဒိယနိုင်ငံသည် ၎င်း၏ ကာလရှည်ကြာ ဆုပ်ကိုင်ထားသည့် “အရှေ့မျှော်ဝါဒ” ဖြင့် မြန်မာ နိုင်ငံမှတစ်ဆင့် အရှေ့တောင်အာရှဒေသ၏ အားကောင်းသည့်ဈေးကွက်များနှင့် ချိတ်ဆက် နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ အကျိုးစီးပွားများနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာ အခြေအနေ များဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပျံ့နှံ့နေသော သြဇာ လွှမ်းမိုးမှုကို စိန်ခေါ်ရန် ခက်ခဲသည့်အနေအထားတွင် ရှိနေသည်။
အမေရိကန်သည် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ပဋိပက္ခမှ လုံးလုံးလျားလျား ဆုတ်ခွာသွားခြင်းဖြင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် အမေရိကန်၏ ပံ့ပိုးမှုမရှိဘဲ သို့မဟုတ် ခိုင်မာအားကောင်း သည့်မည်သည့်အထောက်အပံ့မျှ မရှိဘဲ လုပ်ဆောင်ကြရလိမ့်မည် ဖြစ်ပေသည်။
Bertil Lintner
ကိုးကား။ Asia Times