ယူကရိန်းဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်ရန် ရုရှားနှင့် အမေရိကန် သဘောတူညီခဲ့
ရုရှားနှင့် အမေရိကန် ထိပ်တန်းသံတမန်များသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့အကြား ထိပ်သီး အစည်းအဝေးကျင်းပရန်နှင့် ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ရေး လမ်းခင်းပေးနိုင်ရန်အတွက် သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က ဦးဆောင်ပြီး ပူတင်၏ အကြီးတန်းနိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူ ယူရီ ဥရှာကော့ဗ်လည်း ပါဝင်သည်။ ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (RDIF) ၏ CEO ကီရီလ် ဒီမီထရီယက်ဗ်ကလည်း ညှိနှိုင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။ အမေရိကန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့လ်ဇ်နှင့် အရှေ့အလယ်ပိုင်းအတွက် အထူးကိုယ်စားလှယ် စတီဗ်ဝစ်ကော့ဖ်တို့က ကိုယ်စားပြုခဲ့သည်။
ယူကရိန်းနှင့် ဥရောပသမဂ္ဂတို့သည် အဆိုပါအစည်းအဝေးတွင် ပါဝင်ခြင်းမရှိဘဲ၊ ယူကရိန်းဘက်မှ ၎င်းတို့ပါဝင်ခြင်းမရှိပါက ဆွေးနွေးပွဲ၏ ရလဒ်များကို အသိအမှတ်မပြုကြောင်း သတင်းစကားပေးပို့ခဲ့သည်။
ကိုးကား-RT