အဖုအကျိတ်ဆိုတိုင်း စိုးရိမ်စရာမလိုပါ
Posted_Date
Image

Body
ခန္ဓာကိုယ်မှာ အလုံး ဒါမှမဟုတ် အဖုအကျိတ်တစ်ခုခုဖြစ်ပေါ်နေတယ်ဆိုရင် ကင်ဆာများဖြစ်နေပြီလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်တတ်ပါတယ်။
အဖုအကျိတ်တိုင်း ကင်ဆာမဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်မှာ အဖုအကျိတ်တွေထွက်ပေါ်လာတဲ့အခါ ကင်ဆာကျိတ် ဟုတ်၊ မဟုတ် ခွဲခြားသိရှိနိုင်ဖို့ ကြိုတင်လေ့လာ ထားသင့်ပါတယ်။
ရင်သားပေါ်မှာ အဖုအကျိတ်ပေါ်ရင် ရင်သားကင်ဆာလို့ယူဆကြတယ်။ အဖြစ်များတာက ဖိုင်ဘရိုအဒီနိုမာ (Fibroadenoma) အကျိတ် ဒါမှမဟုတ်အန္တရာယ်မရှိတဲ့အရည်အိတ် (Cyst)ဖြစ်နိုင်ပါတယ်။
အဲဒီအကျိတ်က ဂလန်ဂျူလာ(Glandulas) တစ်သျှူးတွေကနေဖြစ်ပေါ်လာတဲ့ အန္တရာယ်ကင်းအကျိတ်ဖြစ်ပါတယ်။ ကိုင်ကြည့်ရင် တင်းတင်းမာမာလေးဖြစ်ပြီး ဘေးဘက်၊ အထက်အောက် ရွှေ့ကြည့်လို့ရပါတယ်။ အသက် ၂၀-၃၀ ဝန်းကျင်မှာ အဖြစ်များပါတယ်။ ကိုင်ကြည့်လို့ ဂျယ်လီလိုပျော့ပြီး နာကျင်ရင်တော့ အရည်အိတ်(Cyst) ဖြစ်နိုင်ပါတယ်။ အသက် ၃၀-၄၀ ကျော်အရွယ်မှာအဖြစ်များပါတယ်။
Fibroadenoma အကျိတ်က ကိုယ့်ကို ဘာဒုက္ခမှမပေးရင် ဒီအတိုင်းထားလို့ရပါတယ်။ ဒါမှမဟုတ် နာကျင်လာရင် ဆရာဝန်က အသေးစားခွဲစိတ်မှုပြုလုပ်ပြီး ဖယ်ထုတ်ပေးနိုင်ပါတယ်။ အသက် ၃၅ နှစ်အောက်ဆိုရင် အာထရာဆောင်းနဲ့ အရည်အိတ် (Cyst) ဟုတ်၊ မဟုတ် စစ်ကြည့်လို့ရပါတယ်။ အရည်အိတ် (Cyst) ဖြစ်ပြီး နေရထိုင်ရအဆင်မပြေရင် အဲဒီ အဖုထဲက အရည်တွေစုပ်ထုတ်နိုင်ပါတယ်။ FNAB- Fine Needle Aspiration biopsy ဆိုတာကတော့ အကျိတ်ထဲ အပ်သေးသေးထိုးထည့်ပြီး ဆဲလ်တွေဖယ်ရှားပြီးတဲ့အခါ ဓာတ်ခွဲခန်းဆီပို့ပြီး ကင်ဆာဟုတ်၊ မဟုတ် စစ်ဆေးတဲ့နည်းဖြစ်ပါတယ်။
ရင်သားကင်ဆာဆိုလည်း စိုးရိမ်စရာမလိုပါဘူး။ရင်သားကင်ဆာက အများအားဖြင့် နာကျင်မှုမရှိသလို Fibroadenoma နဲ့အရည်အိတ် (Cyst) ထက်စာရင်ကြီးထွားမှုနှေးကွေးပါတယ်။ အရွယ်အစား၊ ပုံသဏ္ဌာန်အပြောင်းအလဲကို သတိပြုမိရင်၊ ပုံမှန်မဟုတ်တဲ့ခံစားမှုမျိုးခံစားရရင် အကျိတ်ပေါ်ပြီး အရေပြားနီရဲတာ၊ တွန့်ခေါက်တာ၊ ချိုင့်ဝင်တာ ဒါမှမဟုတ်အရည်ထွက်တာတို့ကို သတိပြုမိရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ရင်သားတစ်ဖက်တည်းမှာပဲ နာကျင်နေပြီး ခံရခက်နေတယ်ဆိုရင်တော့ စိုးရိမ်သင့်ပါတယ်။ ရင်သားကင်ဆာဖြစ်ရင် ခွဲစိတ်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း (Chemotherapy)၊ ဓာတ်ရောင်ခြည်ပေးခြင်း (Radiation) တို့ ပြုလုပ်ပြီး ကုသမှုခံယူတဲ့အခါ လုံးဝပျောက်ကင်းတဲ့ အခြေအနေထိရောက်ရှိနိုင်ပါတယ်။
ခြေထောက်မှာ အကျိတ်မာမာဖြစ်နေတဲ့အခါ ကင်ဆာထင်ပြီး ကြောက်ရွံ့နေတတ်ပါတယ်။ ဖြစ်နိုင်ခြေက အဆီဖု ဒါမှမဟုတ် အရေပြားပေါ်က အကျိတ် (Dermatofibroma) ဖြစ်ပါတယ်။
အရေပြားအကျိတ် (Dermatofibroma) ဆိုတာ ကင်ဆာမဟုတ်တဲ့ အကျိတ်မာဖြစ်ပါတယ်။ အသားရောင်၊ အဖြူရောင်၊ ပန်းရောင် စတဲ့အရောင်တွေရှိပြီး ပိုးကိုက်သလို၊ ဆူးစူးသလို ပြန်လည်တုံ့ပြန်တာဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အဲဒီအကျိတ်က ခြေထောက်၊ လက်၊ ဗိုက်၊ ခါး၊ လည်ပင်းမှာဖြစ်ရင် ဒါက အဆီဖု(Lipoma) ဖြစ်ပါတယ်။
အဖုအကျိတ်တွေကြီးထွားလာပြီး အလှမပျက်မချင်း ဖယ်ရှားစရာမလိုပါဘူး။ ကင်ဆာမျိုးဖြစ်တဲ့ စကွေးမက်ဆဲလ်ကင်ဆာ (Squamous cell carcinoma) ကတော့ ခြေ၊ လက်၊ မျက်နှာနဲ့ နားမှာဖြစ်တတ်ပြီး အရင်ဆုံး အနီရောင်အရေပြားကနေ တဖြည်းဖြည်းကြီးပြီး မာလာတတ်တယ်။ ဒါကြောင့်အပြောင်းအလဲတစ်ခုခု သတိထားမိလိုက်တာနဲ့ဆရာဝန်နဲ့ပြသသင့်ပါတယ်။
ပေါင်ခြံမှာ အဖုစမ်းမိရင် ကင်ဆာဆိုပြီး စိုးရိမ်မိ တတ်ကြတယ်။ ဖြစ်နိုင်ခြေက အသားပို ဒါမှမဟုတ်အရေပြားထဲမြုပ်နေတဲ့ အမွေးဖြစ်တတ်တယ်။
အသားပိုထွက်တာက ဖြစ်လေ့ရှိပြီး ခန္ဓာကိုယ်ရှိ ပေါင်ခြံ၊ လည်ပင်း၊ ချိုင်း၊ ဆီးခုံနဲ့ပေါင်တို့မှာဖြစ်တတ်ပါတယ်။ ချိုင်းနဲ့ဆီးခုံမှာ အမွေးအမှင်တွေ ကိုဖယ်ရှားပြီးနောက် အသစ်ထွက်လာတဲ့ အမွေးတွေက အပြင်မထွက်ဘဲ အတွင်းမှာမြုပ်နေရင်လည်းအဖုဖြစ်နိုင်ပါတယ်။
အသားပိုတွေကို ဆရာဝန်တွေအနေနဲ့ ဖယ်ရှားပေးဖို့လွယ်ကူပေမယ့် ကိုယ့်ကိုအန္တရာယ်မပေးရင်ဒီအတိုင်းထားလို့ရပါတယ်။ အမွေးက အရေပြားထဲမြုပ်နေရင် တစ်ခါတစ်ရံရောဂါပိုးဝင်ပြီး ရောင်တတ်ပါတယ်။ ဒီလိုဖြစ်ရင် ပဋိဇီဝပိုးသတ်ဆေး( Antibiotic) လိုပါတယ်။ ဒီလိုမဖြစ်ရအောင် အမွေးမရိတ်မီ အရေပြားကြေးချွတ်နိုင်ပါတယ်။ အမွေးပေါက်တတ်တဲ့နေရာတွေကို ပိုးသတ်နိုင်တဲ့လက်ဖက်ဆီ (Tea Tree Lotion) လိမ်းပေးနိုင်ပါတယ်။
အဖုက တဖြည်းဖြည်းကြီးလာပြီး စမ်းကြည့်တဲ့အခါ မာမာကြီးဖြစ်နေတာ၊ သွေးထွက်တာတို့ရှိရင်ဆရာဝန်နဲ့ပြသသင့်ပါတယ်။ နောက်ပြီး ချိုင်း၊ပေါင်ခြံနဲ့ လည်ပင်းမှာ နာကျင်မှုမရှိတဲ့အဖုကတစ်လကျော်ကြာဖြစ်ပေါ်နေရင်လည်း ဆရာဝန်နဲ့ပြသသင့်ပါတယ်။
လည်ပင်းမှာထွက်တဲ့အကျိတ်က အဆီအိတ် (Sebaceous cyst) ဖြစ်နိုင်ပါတယ်။ အသက် ၂၀-၃၀ ကျော်အရွယ်တွေမှာ အများဆုံးဖြစ်တတ်ပါတယ်။
ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်တတ်ပါတယ်။ အဆီဂလင်းတွေပိတ်ပြီး အဆီတွေများလာကာ 1-10စင်တီမီတာနဲ့အထက်အရွယ်ရှိ နာကျင်မှုကင်းတဲ့ အဖုတွေဖြစ်လာနိုင်ပါတယ်။
ဆရာဝန်က ထုံဆေးပေးပြီး ဖယ်ရှားလို့ရပေမယ့် ခွဲစိတ်လို့ကျန်ခဲ့တဲ့အမာရွတ်က နဂိုအဖုအကျိတ်ထက်တောင် ပိုကြီးနိုင်တာကြောင့် အဖုကြီးမှ ဒါမှမဟုတ် ရောဂါပိုးဝင်နိုင်ခြေရှိမှ ခွဲထုတ်လေ့ရှိပါတယ်။
အဆီအိတ်အဖုကနေ ကင်ဆာဖြစ်မလာနိုင်ပေမယ့် အဲဒီအဖုက အနီရောင် ဒါမှမဟုတ် ပန်းရောင်အဖုလေးဖြစ်ပြီး အက်ကွဲတာ၊ သွေးထွက်တာတို့ဖြစ်လာရင် ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။
အရေပြားအောက် အဆီကျိတ်တွေက အရေပြားအောက်နားကထွက်လာတဲ့ အဆီအိတ် ဒါမှမဟုတ် အလုံးငယ်လေးဖြစ်ပြီး မျက်နှာ၊ လည်ပင်းနဲ့ နောက်ကြောတွေမှာ အဖြစ်များပါတယ်။ ဒီအဖုအကျိတ်တွေက နာကျင်မှုမရှိဘဲ လှုပ်လို့ရတာ၊ ဖြည်းဖြည်းချင်းကြီးလာတာများတယ်။ ဒါပေမဲ့ တစ်ခါတလေ ရောင်ပြီးနာလာတတ်တယ်။
မွေးညင်းပေါက်နားမှာဖြစ်တာများပြီး တစ်ခါတလေမှာ ထိခိုက်ဒဏ်ရာကြောင့် ပိုဆိုးတတ်ပါတယ်။
အဆီကျိတ်တွေက အရေပြားအောက်နားလေးကထွက်လာတဲ့နာကျင်မှုမရှိတဲ့ အဖုငယ်လေးဖြစ်ပြီး နှစ်ကြာလာတဲ့အခါ အလွန်ကြီးလာတတ်တယ်။
အချိန်ကြာလာတာနဲ့အမျှ ရောဂါပိုးလည်းဝင်လာနိုင်တယ်။ ရောဂါပိုးဝင်လာပြီဆိုရင် အဖုက နီရဲပြီး နာလာတယ်။ ဒီလိုဖြစ်လာရင် အရည်ပျစ်ပျစ်တွေထွက်လာတတ်တယ်။ လိုအပ်ရင် အသားစယူပြီးစစ်ဆေးကြည့်သင့်ပါတယ်။
ကုထုံးတွေအနေနဲ့ အဖုအကျိတ်တွေကအန္တရာယ်မရှိလို့ ဒီအတိုင်းထားလို့ရတယ်။ ဒီအဖုတွေက နီပြီး ရောင်ရမ်းလာရင်တော့ ရေနွေးဝတ်ကပ်ပေးသင့်ပါတယ်။ ရောင်နေတဲ့အဖုကို အရောင်ကျစေဖို့ စတီးရွိုက် (Steroid) ဆေးထိုးတာ၊ ပြည်တည်ပါက ခွဲထုတ်တာအပြင် အန္တရာယ်ဖြစ်နိုင်တဲ့နေရာတွေမှာအဖုဖြစ်ရင်၊ အဲဒီအဖုမှာ ရောဂါပိုးဝင်နေမယ်ဆိုရင် ခွဲစိတ်ထုတ်ပစ်သင့်ပါတယ်။
အဖုအကျိတ်အားလုံး ကင်ဆာမဟုတ်တဲ့အတွက် အမြဲစိတ်ပူနေဖို့မလိုပါဘူး။ ခန္ဓာကိုယ်အပေါ်ယံအရေပြားကနေ စမ်းလို့ရတဲ့အဖုအကျိတ်အများစုက မစိုးရိမ်ရပါဘူး။
အဖုအကျိတ်ကိုကိုင်ကြည့်ရင်ပျော့တယ်၊ လှုပ်တယ်၊ ရွေ့သွားတယ်၊ နာတယ်။ အဆီကျိတ် (Lipoma) နဲ့ ချွေးပေါက်ကနေထွက်တဲ့အကျိတ် (Sebaceous cyst )တွေက မနာတတ်ပါဘူး။
တစ်ခါတစ်ရံ လှုပ်ရှားမှုလုပ်လိုက်ရင်နာတယ်၊ကြီးလာတယ်၊ အနားပေးလိုက်ရင် သက်သာသွားပြီး သေးသွားတယ်။ ဒါက အားကစားသမားတွေမှာထိခိုက်မိရင် ပြင်းပြင်းထန်ထန်လှုပ်ရှားတဲ့အခါအဖုအကျိတ်ပေါ်တာမျိုးပါ။ ဒါမျိုးဆိုရင် ရေခဲအုံပြီး ပတ်တီးစည်းပေးသင့်ပါတယ်။
ကိုင်ကြည့်ရင်မာတယ်၊ မရွေ့ဘဲ တဖြည်းဖြည်းနဲ့ကြီးလာတယ်။ အမျိုးသမီးတွေရဲ့ ရင်ဘတ်အကျိတ်၊အမျိုးသားတွေရဲ့ငယ်ပါအကျိတ်၊ ချိုင်း၊ လည်ပင်း၊ ပေါင်ခြံနေရာကအကျိတ်တွေဆိုရင် သတိထားသင့်ပါတယ်။
ဘယ်အဖုအကျိတ်ကိုမဆို ၁ လက်မထက် တဖြည်းဖြည်းကြီးလာရင် သတိထားသင့်တယ်။ ထိမိခိုက်မိတာမဟုတ်ဘဲ အဖုအကျိတ်၊ အလုံးအသစ်တစ်လုံးပေါ်လာပြီး တစ်ပတ်၊ နှစ်ပတ်လောက်အတွင်း ပျောက်မသွားရင် မိသားစုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
အချုပ်ဆိုရရင် မြန်မာနိုင်ငံမှာ အဖုအကျိတ်တိုင်းကင်ဆာ တစ်ခုတည်း စဉ်းစားစရာမဟုတ်ဘဲ တီဘီကိုလည်း ခေါင်းထဲထည့်စဉ်းစားရမှာဖြစ်တယ်။ အဖုအကျိတ်တိုင်း ဆေးတွေလိမ်းလိုက်၊ သောက်လိုက်လုပ်စရာမလိုပါဘူး။ ညှစ်မထုတ်သင့်ပါဘူး။ အဆီကျိတ်အများစုက ကင်ဆာမဟုတ်ပါဘူး။ မမာဘူး၊ လှုပ်လို့ရတယ်၊ အကျိတ်ကိုစမ်းကြည့်လို့ လိမ့်နေတယ်ဆိုရင် မခွဲဘဲနေနိုင်ပါတယ်။ အရေပြားတင်မက အမြစ်ပါတွယ်နေရင် ခွဲစိတ်ဖယ်ရှား သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။