မြတ်နိုးစရာ မြန်မာ့ရိုးရာသနပ်ခါး

Posted_Date

Image

မြတ်နိုးစရာ မြန်မာ့ရိုးရာသနပ်ခါး

Body

မြန်မာမိန်းကလေးတွေအတွက် မရှိမဖြစ် မြန်မာ့ရိုးရာသနပ်ခါးကတော့ ကျွန်မတို့ငယ်စဉ်ကလေးဘဝ ကတည်းက ကျွန်မတို့ရဲ့အဘွားတွေအမေတွေ အစ်မတွေက အမြတ်တနိုးလိမ်းပေးခဲ့ပါတယ်။ အသားအေးတယ်။ ချစ်စရာကောင်းတယ်။ ကလေးငယ်များကို သနပ်ခါးခွံ့ခြင်းဓလေ့လည်းရှိကြပါတယ်။  ကလေးတွေကြို့ထိုးရင်  သက်သာစေနိုင်တယ်လို့ဆိုကြပါတယ်။ ကလေးတွေဖြစ်တတ်တဲ့ ကျောက်ရောဂါ၊ ဝက်သက်ရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ မြန်မာ့သနပ်ခါးရဲ့ ခါးသက်သက်အရသာလေးကလည်း နှစ်သက်စရာလေးပါနော်။ ငယ်ငယ်ကကြားဖူးခဲ့တဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့ ရွှေဘိုသနပ်ခါးသီချင်းလေး ထဲက “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက်ဖြူ၊ ပုဇွန်တောင် ကြည့်မြင်တိုင်သူနဲ့   မန္တလေးမြို့တော်သူ   ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့်       စိမ်းစိမ်းညက်ညက်ဖြူဖြူ ကြံကြံဖန်ဖန်ရန်ကုန်သူ      မန္တလာမြင့်တို့ရန်ကုန်သူ မန္တလေးသွားလို့ အသားမဲပြန်သတဲ့ဆူ။” အသားဖြူဖို့   သနပ်ခါးလိမ်းပါတဲ့နော်။  နောက်ရှိပါသေးတယ်။

“ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ။” ဆိုတဲ့ သီချင်းလေးတွေက မြန်မာမိန်းကလေးတွေရဲ့ ချစ်စရာအလှတရားကိုဖော်ဆောင်ပေးပြန်ပါတယ်။

သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတို့မှာတွေ့ရှိရကြောင်း    မှတ်သားရပါတယ်။   မြန်မာ့သနပ်ခါးဟာ       အရည်အသွေး အကောင်းဆုံးဖြစ်ကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံ မိုးနည်းရပ်ဝန်းဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။ စီးပွားဖြစ် စိုက်ပျိုးကြရုံသာမက မိမိတို့ အိမ်ခြံဝင်းထဲတွင်လည်း   တစ်နိုင်တစ်ပိုင်စိုက်ပျိုးလေ့ရှိကြပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာခရိုင်အတွင်း သနပ်ခါးစိုက်ပျိုးထွက်ရှိရာ ‌ဒေသများအနက် အရာတော်မြို့ကို  “သနပ်ခါးမြို့တော်” ဟုတင်စားခေါ်ဝေါ်ကြကြောင်းသိရှိရပါတယ်။   ရှင်မတောင်သနပ်ခါး၊ ရွှေဘိုသနပ်ခါး စသည်ဖြင့်လည်း ထင်ရှားပါတယ်။ သနပ်ခါးပင်ဟာ ရေငတ်ဒဏ်နှင့် ပူပြင်းတဲ့ ရာသီဥတုဒဏ်ကိုကောင်းစွာခံနိုင်တဲ့   နှစ်ရှည်ပင်ဖြစ်ပါတယ်။ ဂရုတစိုက်ပြုစု ပျိုးထောင်ရတဲ့အပင်မျိုးဖြစ်ပြီး မြေချစိုက်ပျိုးတဲ့နေ့မှ   သုံးနှစ်အထိ အချိန်စောင့်ရပါတယ်။ သနပ်ခါးပင်ဟာ   တစ်ဖန်ပြန်ပြီး    စိုက်ပျိုးစရာမလိုတဲ့  အဖိုးတန် နှစ်ရှည်ပင် ဖြစ်ပါတယ်။ ပထမအကြိမ်ခုတ်ပြီး  သန်မာထွားကျိုင်းတဲ့သားတက်များ ထပ်ခါထပ်ခါ ထွက်လာနိုင်တဲ့အတွက် ဘိုးစဉ်ဘောင်ဆက်ခုတ်ယူရောင်းချနိုင်လို့ “အပူပိုင်းပဒေသာပင်၊   အပူပိုင်းဒေသရဲ့ရတနာ” တစ်ပါးလို့ တင်စားကြပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှုများစွာရှိတဲ့အနက်  မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဟာ ယနေ့တိုင် ထင်ရှားဆဲဖြစ်တဲ့ ဓလေ့တစ်ခုဖြစ်နေပါတယ်။ မြန်မာသနပ်ခါးလိမ်းတဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ဟာ အေဒီ ၅ ရာစုမှအေဒီ ၉ ရာစုအတွင်း စတင်ထွန်းကားခဲ့ပြီး ပျူခေတ်ကတည်းက သနပ်ခါးကို နှစ်သက်စွဲလမ်းစွာ အသုံးပြုလာကြကြောင်း   မှတ်သားရပါတယ်။  သမိုင်းမှာ ဗိဿနိုးဘုရင်မကြီးရဲ့ အလှပြင်ပစ္စည်းမှာ ကျောက်ပျဉ်နှင့်သနပ်ခါးပါဝင်ခဲ့သလို ရာဇဓာတုကလျာရဲ့ ရွှေပိန်းချကျောက်ပျဉ်ကိုလည်းတွေ့ရှိမှတ်သားရပါတယ်။ 

အေဒီ  ၁၁ ရာစု၌ ပုဂံပြည်ရှိ မြင်းကပါက ဂူပြောက်ကြီးဘုရား၊   နဂါးရုံဘုရား၊   အပယ်ရတနာဘုရားတို့၏ နံရံဆေးရေးပန်းချီကားများတွင် သနပ်ခါးနဲ့အသုံးပြုရတဲ့ကျောက်ပျဉ်နဲ့ အလှဆင်နေတဲ့ မိန်းမပျိုပုံများကို တွေ့ရှိရပါတယ်။  ဒါ့ကြောင့်  ရှေးခေတ်ကတည်းက သနပ်ခါးကို မြန်မာမိန်းကလေးများ နှစ်သက်မြတ်နိုးစွာ  အလှဆင်လိမ်းခြယ်ခဲ့ကြောင်းသိရှိနိုင်ပါတယ်။ အခုနှစ်မှာတော့    သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့ကို ယူနက်စကိုသို့တင်သွင်းရန်အတွက် အ‌ထောက်အပံ့ဖြစ်ဖို့ လှုပ်ရှားမှုအနေနဲ့ သွေးချင်းတို့စုံလင် သနပ်ခါးသဘင်သရုပ်ဖော်ပြိုင်ပွဲကို   ရန်ကုန်မြို့မှာ ၂၀၂၅ ခုနှစ်  ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျင်းပမှာဖြစ်ကြောင်း သိရှိရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်မိပါတယ်။ သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ  အသက်အရွယ်မရွေးလိမ်းခြယ်ကြပါတယ်။     နံနက်ခင်းအချိန်ကျောင်းတက်မယ့်   ကလေးငယ်များဆိုရင်   သနပ်ခါးဖွေးဖွေးနဲ့  အလွန်ပင်ချစ်စရာကောင်းလှပါတယ်။

ရုံးတက်မယ့် ရုံးဝန်ထမ်းမိန်းကလေးကြီးကြီးငယ်ငယ်တို့မှာလည်း   သနပ်ခါးပါးကွက်ကြားလေးနဲ့   လှပတင့်တယ်နေကြပါတယ်။ အိမ်မှာကျန်ရစ်တဲ့ အဘွားတို့ကိုလည်း   သနပ်ခါးလေးလိမ်းခြယ်ပေးထားရင် အလွန်ကျက်သရေရှိနေပါတော့တယ်။

သနပ်ခါးကို အမြတ်တနိုးနဲ့ ပွဲတော်တစ်ခုအဖြစ် ကျင်းပလေ့ရှိတဲ့ ရခိုင်လူမျိုးတို့ရဲ့ နံ့သာသွေးပွဲလေးကလည်း အလွန်ပင်စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကျွန်မအဖေ စစ်တွေမှာ   တာဝန်ကျစဉ်က ပါဝင်ဆင်နွှဲခဲ့ရတဲ့   ရခိုင်လူမျိုးတို့ရဲ့   ရိုးရာသင်္ကြန်ပွဲတော်ဟာ       ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့များနဲ့ ကျင်းပလေ့ရှိကြပါတယ်။ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် သင်္ကြန်အကြိုရက်မှာ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ သနပ်ခါး   စတဲ့အမွှေးနံ့သာတို့ကို  တပျော်တပါးသွေးကြပြီး ရိုးရာဓလေ့အစဉ်အလာအတိုင်း ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာရည်များနဲ့ပူဇော်ခြင်း၊ ရောင်ခြည်‌တော်ဖွင့်ခြင်းတို့ပြုလုပ်ပြီး ကုသိုလ်ယူလေ့ရှိကြပါတယ်။ ရခိုင်ပြည်နယ်မှာ နံ့သာသွေးပွဲကို     စန္ဒာသူရိယမင်းလက်ထက်မှ စတင်ပြီး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပြီးစီးသော  သက္ကရာဇ်  ၁၂၃ ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ဘုရင်မိဖုရားနဲ့တကွ မှူးမတ်ပြည်သူအပေါင်းတို့က နံ့သာသွေးကြကာ အမွှေးနံ့သာရည် များနဲ့ ပူဇော်ကြခြင်းကြောင့်   နံ့သာသွေးပွဲစတင် ကျင်းပခဲ့ကြကြောင်း မှတ်သားရပါတယ်။

ကျွန်မတို့မြန်မာနိုင်ငံရဲ့      ဒေသတစ်ခုဖြစ်တဲ့ ယောနယ်မှာလည်း   သနပ်ခါးပါးတို့ပွဲဆိုတဲ့ ရိုးရာဓလေ့လေးတစ်ခုရှိပါသေးတယ်။   အင်မတန်ချစ်စရာကောင်းတဲ့   ပွဲတော်လေးဖြစ်ပါတယ်။    ကိုယ်တိုင်မကြုံရပေမယ့်     “သနပ်ခါးပါးတို့ပွဲ” သီချင်းလေးကို သတိရမိပါတယ်။

“ သဘောဖြူ မနောဖြူ ယောသူတို့ရွာ၊ ပုံတောင်ပုံညာကာဆီး ကြီးဧရာ့ရွာ အပျိုချောတွေ သောသောညံမစဲ အပျို အပျို အပျို အပျို၊ လူပျိုချောတွေ သောသောညံမစဲ လူပျို လူပျို လူပျို လူပျို၊ တစ်နှစ်တစ်ခါကြုံဆုံကြသည်ပွဲမှာ ချစ်ဘူတာရုံဆိုရမည်မလွဲပါ၊ ညလုံးပေါက်ဆင်နွှဲကြတာ သနပ်ခါးပါးတို့ပွဲပါ” တဲ့နော်။

ယောနယ်က တစ်ရွာနဲ့တစ်ရွာ စည်းလုံးညီညွတ်မှု၊ ၅၂၈  ချစ်ခြင်းမေတ္တာ၊ လူငယ်ဘဝ မောင်နှင့်မယ်တို့ရဲ့ ၁၅၀၀ မေတ္တာရသတို့ကို မြင်ရသိရတဲ့အပြင် ဝါလကင်းလွတ် သီတင်းကျွတ်ချိန်မှာ မြတ်စွာဘုရား အားပူဇော်တဲ့ ဆီမီးဖယောင်းတိုင်များ၊ ရောင်စုံမီးပုံးများ၊ မီးကြာခွက်များနဲ့ မီးစကြာလှည့်ပွဲတို့ကို နယ်သူနယ်သားများစုပေါင်းပြီး   ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြတာကလည်း   ကုသိုလ်ရေးဆိုလက်မနှေးတဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ ဖြစ်ပါတယ်။   လူကြီးလူငယ်အပေါင်း  မှန်တွေ ၊ သနပ်ခါးဘူးတွေယူကာ လှလှပပဝတ်စားပြင်ဆင်ပြီး မီးစကြာလှည့်မယ့်ပွဲတော်သို့သွားကြပါတယ်။ အဲဒီမှာ အပျို လူပျိုတွေတန်းစီပြီး သနပ်ခါးတို့သူကတို့ မှန်ထောင်ပေးသူဆီမှာ သနပ်ခါးညီမညီပြန်ညှိနဲ့ အင်မတန်ပျော်စရာကောင်းလှပါတယ်။   ယောနယ်ရဲ့  ချစ်စရာရိုးရာဓလေ့သနပ်ခါးပါးတို့ပွဲလေးက ကြည်နူးစရာအလွန်ကောင်းလှပါတယ်။ ကျွန်မရဲ့မိခင်ကြီးဇာတိမြို့  မင်းဘူးနဂါးပွက်တောင် မှာဆိုရင် စောင်းတန်းထဲမှာ သနပ်ခါးကျောက်ပျဉ်အကြီးကြီးနဲ့   သနပ်ခါးတုံးတွေ   လှူဒါန်းထားတာတွေ့ရပါတယ်။ ဘုရားဖူးလာရင်း နံ့သာသွေးပြီးလည်းလှူနိုင်သလို  ကိုယ်တိုင်လည်းလိမ်းကြ မှန်ကြီးကြီးကိုကြည့်ပြီး သနပ်ခါးညှိကြနဲ့  ပျော်စရာတစ်ခုပါပဲ။ မြန်မာနိုင်ငံအနှံ့အပြားက ဘုရားစေတီပုထိုးများရဲ့ ဘုရားစောင်းတန်းတွေမှာ  သနပ်ခါးကျောက်ပျဉ်နဲ့သနပ်ခါးတုံးတွေလှူထားတတ်ကြပါတယ်။ 

မြန်မာသနပ်ခါးသည် မြန်မာနံ့သာ ၁၀ မျိုးတွင် အခေါက်နံ့သာတစ်မျိုးဖြစ်ပါတယ်။ အပွေးအခေါက်ရှိတဲ့အပင်ဖြစ်ပါတယ်။ အသီး၊ အရွက်၊ အမြစ်၊ ပင်စည်၊ အကိုင်းအားလုံးဆေးဖက်ဝင်ပါတယ်။      မြန်မာ့ဆေးကျမ်းများမှာတော့ “သနပ်ခါးသည်ပူ၏။ သွေးကို ကြွစေ၏။ ပူခါးချုပ်ပွင့်ဖြစ်၏။ ငန်းမန်းကိုနိုင်စေ၏။ အပူနာ၊ အအေးနာနှစ်မျိုးစလုံးကိုနိုင်စေ၏။    ပူ၍ကိုက်သော ဒူးဆစ်ရောင်ရောဂါကို သနပ်ခါးပင်အမြစ်ကိုသွေးလိမ်းပေးလျှင်   အေးပြီးအရောင်ကျစေ၏”  ဟုဆိုထားကြောင်းသိရပါတယ်။  သနပ်ခါးခေါက်မှာ Tannic acid အဓိကပါဝင်တဲ့အတွက် ဗက်တီးရီးယားများကိုသေစေနိုင်ခြင်း၊   အရေပြားကိုကျုံ့ဝင်စေပြီး တင်းရင်းစေတဲ့    အော်ဂဲနစ်ပစ္စည်းများပါဝင်တဲ့အတွက်   အရွယ်တင်နုပျိုစေခြင်း၊  အသားအရေကြည်လင်စေခြင်း၊ ဝက်ခြံ၊ တင်းတိပ်အဖြူအမည်းစက်များ၊ အဖုအပိမ့်များကို  ပျောက်ကင်းစေခြင်းတို့ဖြစ်ပါတယ်။ အရေပြားယားယံမှုဖြစ်ပါက သနပ်ခါးနဲ့ဆားကိုသွေးလိမ်းရင် ပျောက်ကင်းနိုင်ပါတယ်။ သနပ်ခါး လိမ်းထားတဲ့အခါ   အသားအရေမှာရှိတဲ့ ချွေးပေါက်၊ အဆီပေါက်တွေကိုကျုံ့သွားပြီး အဆီထွက်အားကို လျော့နည်းစေပါတယ်။  မြန်မာကျေးလက် လုံမပျိုတို့ဟာ   ကောက်စိုက်ချိန်၊    နွေရာသီ ကောက်ရိတ်သိမ်းချိန်၊ သီးနှံခူးချိန်တို့မှာ သနပ်ခါးကို ထူထူလိမ်းကာ အပူဒဏ်ကိုကာကွယ်လေ့ရှိပါတယ်။ ရှေးခေတ်နန်းတွင်းသူတို့လည်း နှစ်ခြိုက်စွာ လိမ်းခြယ်ခဲ့ကြကြောင်း  မှတ်သားရပါတယ်။  ယခုအချိန်ထိ မြန်မာအမျိုးသမီးများသာမက  အမျိုးသားများပါ နေ့စဉ်နေ့တိုင်း သနပ်ခါးကို အလှဆင်ပစ္စည်းအဖြစ် အမြတ်တနိုးလိမ်းခြယ်လေ့ရှိကြပါတယ်။ ကျွန်မတို့လည်း သနပ်ခါးကို ကြိုက်နှစ်သက်ပါတယ်။ အောက်ခံ ခရင်တစ်ခုခုလိမ်းပြီး သနပ်ခါးကို ထူထူလိမ်းလေ့ရှိပါတယ်။ သနပ်ခါးမပါရင် နေအပူဒဏ်ကိုခံနိုင်မှုမရှိပါ။   သနပ်ခါးပါးကွက်ကြားလေးနဲ့   လှရက်ရှာပေတယ်လို့ ဆိုကြတယ်မဟုတ်ပါလား။ သင်းသင်းလေးမွှေးသော သနပ်ခါးရနံ့လေးကိုလည်း အလွန်နှစ်သက်မိပါတယ်။ ကျောက်ပျဉ်ပေါ်မှာ မြန်မာ့သနပ်ခါးတုံးစစ်စစ်ကို   ရေလေးဖျန်းကာသွေးပြီး   လိမ်းရတဲ့ အရသာက အလွန်မွှေးပျံ့အေးမြလှပါတယ်။

သနပ်ခါးဟာ သင်းသင်းလေးမွှေးလို့ အခုချိန်မှာတော့ အလှပြင်ပစ္စည်းတချို့မှာ သနပ်ခါးနံ့လေးထည့်ပြီး ထုတ်လုပ်နေကြပါပြီ။  

ရေမွှေး၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပေါင်ဒါစတာတွေမှာလည်း သနပ်ခါးအနံ့ကို ဓာတုဗေဒနည်းနဲ့ဖော်စပ်ကာ ထည့်သွင်းအသုံးပြုကြပါတယ်။ သနပ်ခါးစစ်စစ်နှင့် မတည့်သူရှားမယ်လို့ထင်ပါတယ်။ မြန်မာ့သနပ်ခါးဟာ တော်ဝင်တဲ့၊ ဂုဏ်ယူစရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အရေပြားအထူးကုဆရာဝန်ကြီးတစ်ဦးက   သနပ်ခါးကို   N သုံးလုံး (Natural, Nontoxic,Non-allergic)လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

အခုအချိန်မှာတော့  ရယ်ဒီမိတ်သနပ်ခါးဘူးများ ထုတ်လုပ်နေကြပါတယ်။ သနပ်ခါးတုံးအစစ်လောက် မကောင်းပါဘူး။ သနပ်ခါးတုံးကို ကျောက်ပျဉ်ပေါ်တင်သွေးပြီး ချက်ချင်းလိမ်းရတဲ့အရသာကိုပဲနှစ်သက်ပါတယ်။   သနပ်ခါးတင်မကဘဲ   ကျွန်မတို့နိုင်ငံမှာ အမွှေးနံ့သာပင်များလည်း  ပေါက်ရောက်ပါတယ်။ ကရမက်၊ နံ့သာဖြူ၊ တောင်တန်ကြီး၊ တောင်တန်ကတိုး  စတဲ့အမွှေးနံ့သာပင်များကလည်း ကျွန်မတို့ မြန်မာမိန်းကလေးများအတွက် သဘာဝကပေးတဲ့ အော်ဂဲနစ်အလှအပဆိုင်ရာပစ္စည်းများဖြစ်ကြပါတယ်။  ရာသီဥတုအပေါ်မူတည်ပြီး  လိမ်းကျံလို့ရပါတယ်။ ဆေးဖက်ဝင်တဲ့ အမွှေးနံ့သာများဖြစ်ပါတယ်။ ကရမက်ဆိုရင်အသားအေးတယ်။ နွေရာသီမှာ အပူဒဏ်ခံနိုင်အောင် ကာကွယ်နိုင်ပါတယ်။ သွေးတိုးအမူးရောဂါအတွက် ကရမက်ကိုသွေးပြီး ဆန်ဆေးရည် ရောသောက်ပါက သက်သာစေနိုင်ကြောင်း မှတ်သားရပါတယ်။ တောင်တန်ကြီး၊ တောင်တန်ကတိုးဆိုရင် ခြေထောက်နာတာတို့ ကိုက်ခဲတာတို့ဆိုရင် ဆေးအဖြစ်လိမ်းနိုင်ပါတယ်။ နံ့သာဖြူ၊ နံ့သာနီတို့ဆိုရင် ကျွန်မတို့အဘွားတွေလိမ်းထားပါက အနံ့သင်းသင်းချိုချိုလေးနဲ့မွှေးနေတာပါ။    မြန်မာ့ဆေးကျမ်းမှာ “နံ့သာဖြူ၊   နံ့သာနီ(နံ့သာနှစ်ပါး) သွေးတဲ့အရည်နဲ့ ကံ့ကော်ဝတ်ဆံပေါင်းလိမ်းပေးရင်    ပူပြီးကိုက်တဲ့ ဒူးဆစ်ကိုက်ရောဂါသက်သာစေပါတယ်” လို့ မှတ်သားရပါတယ်။

သနပ်ခါးကို မြန်မာလူမျိုးသာမက နိုင်ငံခြားသားများကလည်း နှစ်ခြိုက်ကြကြောင်းတွေ့ရှိရပါတယ်။ သနပ်ခါးလေးနဲ့ မိန်းကလေးတွေဟာ အလွန်လှပကြပါတယ်။ မြန်မာ့ရိုးရာဓလေ့ထုံးစံကို    များများဖော်ထုတ်ကြ စေချင်ပါတယ်။       သနပ်ခါးစစ်စစ်ထုတ်ကုန်များထုတ်လုပ်စေချင်ပါတယ်။ မြန်မာ့ရေမြေတောတောင်ကနေ ထွက်ရှိတဲ့ ဆေးဖက်ဝင်သဘာဝ မြန်မာ့သနပ်ခါးဟာ အဖိုးထိုက်တန်လွန်းလှပါတယ်။ မြတ်နိုးတန်ဖိုးထား သင့်ပါတယ်။   ကျွန် ကတော့ အမြဲသနပ်ခါးလိမ်းနေရရင်     ကျေနပ်နေတာပါပဲ။

ဘာမိတ်ကပ်မှလိမ်းဖို့မလိုပါဘူး။   အဖိုးတန်မြန်မာ့သနပ်ခါးကို အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကျွန်မတို့ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်။    မြန်မာနဲ့ သနပ်ခါးဟာ ခွဲခြားမရတဲ့ မြန်မာ့ယဉ်ကျေးမှုစစ်စစ်ဖြစ်ပါတယ်။

သနပ်ခါးလေးလူးပြီး   မြန်မာရိုးရာဝတ်စုံလေးဝတ်ကာ ကျက်သရေရှိတဲ့ ယဉ်ကျေးတဲ့ မြန်မာအမျိုးသမီးများ ကျန်းမာလှပနိုင်ကြပါစေ။     ။

Source: Myawady Web Portal