ရုရှားအဖွဲ့ ဆော်ဒီမှ ပြန်လည်ထွက်ခွာ
ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး ခေါင်းဆောင်နှစ်ဦး မတွေ့ဆုံမီ ကြိုတင်ညှိနှိုင်းအစည်းအဝေးတက်ရောက်ရန် ဆော်ဒီအာရေးဗီးယား နိုင်ငံသို့ရောက်ရှိနေသော ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါသည်။
ဖေဖော်ဝါရီ ၁၈ ရက်တွင် အမေရိကန်နှင့်ရုရှားကိုယ်စားလှယ်အဖွဲ့သည် ရီယားဒ်မြို့၌ ၄ နာရီခွဲကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲအပြီးတွင် ယူကရိန်းပဋိပက္ခ အဆုံးသတ်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထောက်ပံ့ပေးရန်၊ အမေရိကန်-ရုရှား အကြား ဆက်ဆံရေး ပိုမိုနီးကပ်လာစေရေး အဆင့်မြင့်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယူကရိန်း ပဋိပက္ခအဆုံးသတ်ရေးအတွက် ပါဝင်သူအားလုံးအတွက် လက်ခံနိုင်ဖွယ်ရာ ဖြစ်ရမည်၊ ဥရောပသမဂ္ဂကိုလည်း အချိန်မီပါဝင်လာစေရန် လိုအပ်ကြောင်း ပြောကြားထားသလို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာဗရော့ဖ်က နေတိုးအဖွဲ့ ချဲ့ထွင်မှုနှင့် ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံခြင်းကို ရုရှားက လုံးဝလက်မခံနိုင်ကြောင်း ထပ်မံသတိပေး ပြောကြားထားပါသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာဗရော့ဖ်သည် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် အာလ်ဆောဒ်နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။
ကိုးကား-TASS
Photo: Reuters