တုပ်ကွေးအဖျားအတွက် ရိုးရာဆေးမြီးတိုများ

Posted_Date

Image

တုပ်ကွေးအဖျားအတွက် ရိုးရာဆေးမြီးတိုများ

Body

တုပ်ကွေးအဖျားသည် အအေးပတ်၍ ဖျားသောအဖျားမဟုတ် အပူလျှပ်၍ ဖျားသော အဖျားမျိုးလည်းမဟုတ်။ ကိမိလအဖျားဟု ခေါ်သော ပိုးကြောင့်ဖြစ်သည့် အဖျားမျိုးဖြစ်သည်။ တစ်နည်းအားဖြင့် ပိုးမှကူးစက်သော အဖျားဖြစ်သည်။ ထိုပိုးမျိုးသည် ရာသီဥတုအကူး အပြောင်းတွင် ဖြစ်လေ့ရှိသည်။ ရာသီဥတုကြောင့်ဖြစ်လေ့ရှိသော နှာစေးခြင်း၊ ချောင်းဆိုးခြင်းတို့နှင့် ယှဉ်တွဲကာ ဖြစ်ပွားကူးစက်လေ့ရှိသည်။

ယခုရက်ပိုင်းအတွင်း ရာသီဥတု အပူ၊ အအေး ကူးပြောင်းချိန်တွင် တုပ်ကွေးဖျားသူ အတော်များများ တွေ့ရသည်။ ထိုသို့ ဖြစ်ပွားသူများ မှာ ဘတ်စကားစီးသူ၊ ရုံး၊ ကျောင်း၊ ဈေး၊ ဘဏ် စသောလူအများနှင့် ထိတွေ့ဆက်ဆံရသော နေရာများသို့ သွားရောက်ရသူများတွင်ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရသည်။

တုပ်ကွေးပိုးသည် အိပ်ရေးပျက်၍ ကိုယ်ခံအားနည်းသူများတွင် ပို၍ ကူးစက်လွယ်သည်။ အလုပ်ချိန်နောက်ကျသဖြင့် ညနေစောင်း သို့မဟုတ် ညပိုင်းရေချိုးသူများတွင် ပို၍ဖြစ်ပွားလေ့ရှိသဖြင့် နေဝင်ပြီးနောက်ပိုင်း ရေမချိုးလျှင် အကောင်းဆုံးဖြစ်သည်။

တုပ်ကွေးဖြစ်ချင်သည့်လက္ခဏာ နှာရည်ယို၊ ချောင်းအနည်းငယ်ဆိုး ပြီး မျက်နှာနီမြန်းလာလျှင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကွမ်းရွက် ပြုတ်ရည်သောက်သင့်သည်။ ကွမ်းရွက်သုံးရွက်ကို ရေနွေးမတ်ခွက် တစ်ဝက်တွင် ဆားအနည်းငယ်ထည့်၍ နွမ်းသွားအောင် ၁၅ မိနစ်ခန့် အုပ်ထားပါ။ ကွမ်းရွက်နွမ်းသောအခါ ခပ်ပူပူလေးမှုတ်သောက်လျှင် နဖူးမှ ချွေးစို့လာပြီး တော်ရုံအဖျားမှာ ပျောက်ကင်းနိုင်သည်။

ဒုတိယနည်းမှာ ကွမ်းရွက်သုံးရွက်၊ ထန်းလျက် (အမည်း) ခုနစ်ခဲ၊ ဆားမန်ကျည်းစေ့ခန့်ကို မတ်ခွက်တစ်ခွက်စာ ရေနွေးဖြင့်ထည့်ပြီး သုံးပုံ တစ်ပုံခန်းအောင် ကျိုချက်ပါ။ ထို့နောက် ကြွေပန်းကန်လုံးကြီးထဲသို့ ထည့်ပြီး အငွေ့ကို မျက်နှာနှင့်ထိတွေ့အောင် ခေါင်းငုံ့ကာ ကြွေဇွန်းဖြင့် ခပ်သောက်ပါ။ ကွမ်းရွက်၊ ထန်းလျက်ပြုတ်ရည်မတ်ခွက်တစ်ဝက် ကုန် အောင်သောက်လျှင် ပထမရက် အဖျားဝင်ခါစ တုပ်ကွေးအဖျားကို ကာကွယ်နိုင်သည်။

ကြာဆံဟင်းခါးနှင့် ရှောက်သီးသုပ်သည် တုပ်ကွေးဖျားသူများအတွက် ဓာတ်စာဖြစ်သည်။ ကြာဆံဟင်းခါးတွင်ပါသော ချင်းနှင့် ငရုတ်ကောင်း မှုန့်တို့သည် ဖျား၍ အစာကြေကျက်အားနည်းနေသော အစာအိမ်ကို ဝမ်းမီးတောက်ပြီး အစာကြေအားပေးသည့်အပြင် ခံတွင်းပျက်ခြင်းမှ လည်း ပြန်လည်ကောင်းမွန်လာစေနိုင်သည်။ တချို့ဓာတ်စာဆရာများက တုပ်ကွေးဖျားသူများကို ကြက်သားနှင့် ရှောက်ရွက်သုပ်စားခိုင်းသည်။ အသားမစားသူ၊ သက်သတ်လွတ်စားသူများမှာ ရှောက်ရွက်ဟင်းချို သောက်ပေးလျှင် အဖျားတက်ခြင်းမှ သက်သာစေနိုင်သည်။

(ကြာဆံဟင်းခါး သောက်သူများ သတိပြုရန်မှာ ငုံးဥ ထည့်မချက်ရန် ဖြစ်သည်။ ငုံးဥသည် အဖျားကို ငုပ်စေသည်။ အစာမကြေဖြစ်စေသည်။)

တုပ်ကွေးကို အဖျားပျောက်အောင် ဆေးပူချည်း တိုက်၍မရပေ။ အအေးဓာတ်ပါသော ဓာတ်စာများစားပေးမှသာ ရက်မကြာဘဲပျောက် ကင်းနိုင်သည်။ တုပ်ကွေးဖျားသူကို နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း အုန်းစိမ်းရည်ကို တိုက်ပေးလျှင် အားပြည့်ပြီး အဖျားကျစေနိုင်သည်။ ညနေသုံးနာရီမှ ခြောက်နာရီအတွင်းတွင် သံပရာရည်သောက်သင့် သည်။ တုပ်ကွေးဖျားနေစဉ် ထမင်းမစားဘဲ ဆန်ပြုတ်၊ ပဲရာဇာဟင်းချို၊ ခေါက်ဆွဲပြုတ်၊ ကြက်ပေါင်းရည် စသည်တို့ကိုသောက်သုံးသင့်သည်။

ဂျပန်ခေတ်က ဆေးဝါးများ ရှားပါးချိန်တွင် အားဆေးအဖြစ် အုန်းစိမ်း ရည်ကို အကြောဆေးအဖြစ် ပိုက်ဖြင့် သွေးကြောအတွင်းသို့ တိုက်ရိုက် ထိုးပြီး ကုသမှုပြုခဲ့သည်ဟု သိရသည်။ ဝမ်းလျှော၍ အားပြတ်ခြင်း၊ ဆီးချုပ်ဆီးအောင့်ခြင်းများကိုလည်း အုန်းစိမ်းရည်ဖြင့် ကုသနိုင်သည်။ ပင်လယ်ကမ်းခြေ၌အပန်းဖြေသူများသည် အုန်းစိမ်းရည်သောက်လျှင် အားပြည့်ရုံသာမက အုန်းစိမ်းရည်အအေးဓာတ်ဖြင့် စိတ်ကိုပါလန်းဆန်း စေနိုင်သည်။