အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပံ့ပိုးကူညီမှုဖြင့် အီရန်နှင့် စစ်ပွဲကို အဆုံးသတ်သွားမည် ဖြစ်ကြောင်း နေတန်ယာဟု ပြောကြား

ဖေဖော်ဝါရီလ ၁၆ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ပြုလုပ်သည့်ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက “အီရန်နှင့်စစ်ပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပံ့ပိုးကူညီမှုဖြင့် အဆုံးသတ်သွားမည်”ဟု ကတိပြုခဲ့သည်။ မာကိုရူဘီယို၏ အစ္စရေးခရီးစဉ်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ချိန်မှစ၍ ၎င်း၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

လွန်ခဲ့သော ၁၆ လကျော်က အစ္စရေးသည် အီရန်၏ အကြမ်းဖက်ဝန်ရိုးတန်းအဖွဲ့ကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ယခုသမ္မတထရမ့်၏ ခိုင်မာသည့် ခေါင်းဆောင်မှုအောက်တွင် အီရန်နှင့် စစ်ပွဲကို အဆုံးသတ်နိုင်မည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း နေတန်ယာဟုက ပြောကြား ခဲ့သည်။

ထို့ပြင် အီရန်အနေဖြင့် မည်သည့်အခါမျှ နျူကလီးယားပိုင်သည့်နိုင်ငံ မဖြစ်နိုင်တော့ကြောင်း၊ မိမိတို့အနေဖြင့် ဟားမက်စ်အရေးကိစ္စဖြစ်စေ၊ ဟစ်ဘိုလာအရေးကိစ္စဖြစ်စေ၊ ဂျော်ဒန်မြစ်အနောက်ဖက် ကမ်းရှိ အကြမ်းဖက်မှုအရေးကိစ္စဖြစ်စေ၊ ဆီးရီးယားအရေးကိစ္စကိုဖြစ်စေ၊ အီရတ်အရေးကိစ္စဖြစ်စေ ဆွေးနွေးကြသည့်အခါ ကိစ္စအားလုံး၏ အရင်းခံမှာ အီရန်ပင် ဖြစ်ကြောင်း၊ ဤအရေးကိစ္စကို မိမိတို့ အနေဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။

အစ္စရေးသည် ဤနှစ်အတွင်း အီရန်၏ နျူကလီးယားအစီအစဉ်အတွက် အဓိကအရေးပါသော စက်ရုံများကို တိုက်ခိုက်ရန် လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း လေ့လာအကဲဖြတ်မှုများနှင့် နီးစပ်သည့် အရင်းအမြစ်များ၏အဆိုကို ကိုးကား၍ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ဘိုင်ဒင်နှင့် ထရမ့်အစိုးရများကို မကြာသေးမီက သတိပေးခဲ့သည်။

ထို့အပြင် အစ္စရေး၏ စစ်အားအသုံးပြုလိုသည့် ဆန္ဒထက်သန်နေမှုသည် သမ္မတ ဒေါ်နယ်ထရမ့်၏ လက်ရှိ တီဟီရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိလိုမှုနှင့် ဆန့်ကျင်နေပြီး အီရန်၏ နျူကလီးယား နေရာများကို အကြီးစားတိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းတွင် ကြီးမားကျယ်ပြန့်သည့်စစ်ပွဲကြီး တစ်ရပ် ပေါ်ပေါက်လာနိုင်ခြေ ပိုမိုမြင့်မားလာစေနိုင်ကြောင်းကိုလည်း အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများက သတိပေးခဲ့သည်။

ခြုံငုံ၍ကြည့်မည်ဆိုလျှင် အစ္စရေးသည် အီရန်တွင် အာဏာအပြောင်းအလဲဖြစ်စေလိုသည့် ၎င်း၏ ကြီးမားသည့်ရည်မှန်းချက်ကို ပုံဖော်နေဆဲပင်ဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်တွင် မကြာသေးမီက ဖော်ပြခဲ့သည်။

ဂါဇာအရေးကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးတို့သည် တူညီသည့်မဟာဗျူဟာ တစ်ခုရှိကြောင်းနှင့် ဟားမက်စ်တို့အနေဖြင့် ဖမ်းဆီးထားသည့်ဓါးစာခံများအားလုံးကို လွှတ်မပေး ခဲ့ပါက ၎င်းတို့အတွက် ငရဲတံခါးများအား ဖွင့်ပေးသွားမည်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့ ပါသည်။

ထရမ့်ကလည်း အမေရိကန်အနေဖြင့် ဂါဇာကိုသိမ်းပိုက်ပြီး ပါလက်စတိုင်းများအား ပျက်စီးသွားသည့် ထိုဒေသမှ ဖယ်ရှားပစ်မည် ဖြစ်ကြောင်း၊ ဤသည်မှာ ကြီးမားသည့် မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ယခုလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထရမ့်၏ အဆိုပါပြောစကားသည် လူများကို တုန်လှုပ်ခြောက်ခြားစေနိုင်ကြောင်း၊ သို့သော် ထိုသို့ မလုပ်ဆောင်ပါက အဖန်ဖန်တလဲလဲဖြစ်နေသည့် အကြမ်းဖက်မှုသံသရာမှာ အဆုံးသတ်လိမ့်မည် မဟုတ်ကြောင်း ရူဘီယိုက ပြောကြားခဲ့ပါသည်။

အမေရိကန်ဂျူးအဖွဲ့အစည်းများ(American Jewish organizations)၏ ခေါင်းဆောင်များနှင့် ပြောဆိုရာတွင် နက်တန်ယာဟူက “ထိုအစီအစဉ်သည် ဂါဇာလူမျိုးများ၊ အစ္စရေးနှင့် ဤဒေသ အတွက် အနာဂတ်သစ်ကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသောအစီအစဉ်တစ်ရပ်” ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား - CNN

Subject-Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပံ့ပိုးကူညီမှုဖြင့် အီရန်နှင့် စစ်ပွဲကို အဆုံးသတ်သွားမည် ဖြစ်ကြောင်း နေတန်ယာဟု ပြောကြား

Posted-Date