တိုင်းရင်းသားဒေသများတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မည်သို့ စီမံဆောင်ရွက်ထားရှိသနည်း။

တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် ဒေသခံဘာသာ စကားဖြင့် မေးမြန်း၍ သန်းခေါင် စာရင်းကောက်ယူနိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့က ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများအပါအဝင် ဝန်ထမ်း (၁၀၇)ဦးနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ပြင်ပပုဂ္ဂိုလ် ဖြစ်သည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့အသီးသီးတို့၏ အဖွဲ့ခေါင်းဆောင်/ အဖွဲ့ဝင် (၃၂၂)ဦးတို့ဖြင့် အသီးသီးပါဝင်ပံ့ပိုးသွားမည်ဖြစ်ပါသည်။ ၎င်းတို့မှတစ်ဆင့် တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု Teaching Assistant-TA နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher-LT စုစုပေါင်း (၁၈၁၇၆) ဦးဖြင့်  ပိုမိုကျယ်ပြန့်စွာ အထောက်အကူပြု ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် တိုင်းရင်းသားများအတွက် ၎င်းတို့၏ ဘာသာစကားဖြင့် မေးခွန်း များကို သေချာစွာနားလည်သဘောပေါက်မှသာ မှန်မှန်ကန်ကန်ဖြေဆိုနိုင်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်နေရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အလေးထားစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှု၏ မေးခွန်းပါအချက်အလက်များ မှန်မှန်ကန်ကန်ရရှိမှုသည်အလွန်အရေးကြီး သဖြင့် ရရှိလာသည့်  လုပ်ငန်းစဉ်လိုအပ်ချက်များကို မှန်ကန်စွာဆက်လက်အကောင်အထည် ဖော်နိုင်မှသာ ပင်မ နိုင်ငံသားများဖြစ်ကြသည့် ပြည်ထောင်စုဖွား မိမိတို့တိုင်းရင်းသားလူမျိုးများအားလုံးအတွက်   လိုအပ်သည့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးရလဒ်ကောင်းကို ပိုမိုပြီး စနစ်တကျရရှိနိုင်မည်ဖြစ်ပါသည်။