မြန်မာနိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်နေရာဒေသနှင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များကို ဖြေကြားပေးစေလိုပါသည်။
မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအမွေအနှစ် နေရာဒေသမြောက်မြားစွာရှိသည့်အနက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အမွေအနှစ်များကို နိုင်ငံတကာအဆင့်ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်နိုင်ရန်အတွက် UNESCO သို့ အမည်စာရင်းတင်သွင်းခဲ့ရာမှ အောက်ပါ ဒေသများသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါသည် -
(က) ပျူမြို့ဟောင်း ၃ မြို့ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) ။ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ ကာတာနိုင်ငံ ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေး { 38th Session of the World Heritage Committee(Doha 2014) } ၌ ပျူမြို့ဟောင်း (၃) မြို့အား ကမ္ဘာ့အမွေအနှစ်ကော်မတီက ၂၀၁၄ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် (38 COM 8B.28) ဖြင့် အတည်ပြု သတ်မှတ်ပေးခဲ့ပါသည်။
(ခ) ပုဂံဒေသ။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပသော (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေး၏ ဆုံးဖြတ်ချက် (43 COM 8B. 20) ဖြင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အတည်ပြုပေးခဲ့ပါသည်။
ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပြုစာတွဲ (အပြည့်အစုံ) အား ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ တင်ပြထားခဲ့ပါသည်။
ထို့အတူ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ပေးခံရမှုများမှ အောက်ပါ အတိုင်းဖြစ်ပါသည် -
(က) ကုသိုလ်တော်ကျောက်စာ ။ ကျောက်စာချပ်ပေါင်း ၇၂၉ ချပ်ရှိသော ကုသိုလ်တော် ကျောက်စာများအား ၂၀၁၃ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့တွင် ပြုလုပ်သော (၁၁) ကြိမ်မြောက် အစည်းအဝေးမှ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
(ခ) မြစေတီကျောက်စာ ။ ကျန်စစ်သားမင်းလက်ထက် အေဒီ ၁၁၁၃ ခုနှစ်တွင် ပျူ၊ မွန်၊ မြန်မာ၊ ပါဠိဘာသာစကား (၄) မျိုး၊ အက္ခရာ (၂) မျိုးဖြင့် ရေးထိုးခဲ့သော မြစေတီကျောက်စာ (ရာဇကုမာရ်ကျောက်စာ) အား ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့၌ ပြုလုပ်သော (၁၂) ကြိမ်မြောက် အစည်းအဝေးမှ ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
(ဂ) အလောင်းမင်းတရားကြီး သဝဏ်လွှာ။ အလောင်းမင်းတရားကြီးက အေဒီ ၁၇၅၆ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ဗြိတိန် ဘုရင်ဂျော့-၂ (George II ) ထံသို့ ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရန်အတွက် ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးထိုး၍ ဆင်စွယ်ကြုတ်အတွင်း ထည့်သွင်းပေးပို့ခဲ့သည့် စာကြောင်းရေ (၁၀) ကြောင်းပါ သဝဏ်လွှာကို ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့၌ ပြုလုပ်သော (၁၂) ကြိမ်မြောက် အစည်းအဝေးမှ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
(ဃ) ဘုရင့်နောင် မင်းတရားကြီး၏ ခေါင်းလောင်းစာ ။ ဘာသာ(၃)မျိုးဖြင့် ရေးထိုးထားသော ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာအား ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပသည့် (၁၃)ကြိမ်မြောက် အစည်းအဝေးမှ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
အာရှ-ပစိဖိတ်ဒေသတွင်း မှတ်တမ်းအမွေအနှစ်အဖြစ် အာနန္ဒစန္ဒြကျောက်စာအား ၂၀၁၈ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ၊ ဂွမ်ဂျူးမြို့တွင် ကျင်းပသည့် အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ကော်မတီ၏ (၈) ကြိမ်မြောက် အစည်းအဝေး၌ သတ်မှတ်ပေးခဲ့ပါသည်။