မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို မည်သို့ ယှဉ်ပြိုင်နိုင်သနည်း။

ယှဉ်ပြိုင်ခွင့်ပြုသည့် ပြိုင်ပွဲဝင်အဆင့်များ

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတင်ကျင်းပသည့် ၁၉၉၃ ခုနှစ်ပထမအကြိမ်ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် တစ်ဆင့်တည်း ကိုသာ ယှဉ်ပြိုင်ခဲ့၍ ဒုတိယအကြိမ်ပြိုင်ပွဲမှ စတုတ္ထအကြိမ်ပြိုင်ပွဲအထိ ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ ၁၂ နှစ်အထက်၊ အခြေခံပညာ ၁၂ အောက်အဆင့်ဟူ၍ ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါသည်။ ပဉ္စမအကြိမ်ပြိုင်ပွဲမှ ၁၃ ကြိမ်မြောက်ပြိုင်ပွဲအထိ ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း) အဆင့်၊ အခြေခံပညာ(အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်၊ အခြေခံပညာ(အသက် ၅ နှစ်ပြည့်မှ ၁၀ နှစ်အတွင်း)အဆင့်သတ်မှတ်ခဲ့၍ ၂၀၁၆ ခုနှစ်၊ ၁၄ ကြိမ်မြောက် ပြိုင်ပွဲမှ ၂၂ ကြိမ်မြောက် ပြိုင်ပွဲအထိ ဝါသနာရှင်(ပထမတန်း)အဆင့်၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့်၊ အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာ(အသက်၁၅နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်၊ အခြေခံပညာ (အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်၊ အခြေခံပညာ (အသက် ၅ နှစ်ပြည့်မှ ၁၀ နှစ် အတွင်း)အဆင့်များသတ်မှတ် ယှဉ်ပြိုင်ခဲ့ပါသည်။

ယှဉ်ပြိုင်ခွင့်ပြုခဲ့သည့် ဘာသာရပ်များ

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတင်ကျင်းပသည့် ၁၉၉၃ ခုနှစ် ပထမအကြိမ်ပြိုင်ပွဲတွင် အဆိုဘာသာရပ် ၁ မျိုး၊ အကဘာသာရပ် ၁ မျိုး၊ အရေး ဘာသာရပ် (အမျိုးသား/ အမျိုးသမီး)နှင့် အတီးဘာသာရပ် ၅ မျိုးကိုသာ ယှဉ်ပြိုင်ခဲ့၍ နှစ်စဉ်ဘာသာရပ်များတိုးမြှင့်ယှဉ်ပြိုင်ခဲ့ရာ ၂၂ ကြိမ်မြောက်ပြိုင်ပွဲတွင် အဆိုဘာသာရပ် ၃ မျိုး၊ အကဘာသာရပ် ၇ မျိုး၊ အရေးဘာသာရပ် (အမျိုးသား/အမျိုးသမီး)နှင့် အတီးဘာသာရပ် ၁၃ မျိုးကို ယှဉ်ပြိုင်ခဲ့ပါသည်။

အမှတ်ပေးစနစ်

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် အမှတ်ပေးစနစ်မှာ သာမန်အထက်ဟုယူဆပါက ၇ မှတ်မှ ၉ မှတ်၊ သာမန်ဟုယူဆပါက ၄ မှတ်မှ ၆ မှတ်ပေးရန် သတ်မှတ်ထားပါသည်။ ဘာသာရပ်တစ်ခုလျှင် အကဲဖြတ်ရမည့် အရည်အချင်း သတ်မှတ်ချက် ၅ ချက်စီ သတ်မှတ်၍ အရည်အချင်း သတ်မှတ်ချက်တစ်ခုလျှင် အများဆုံး ပေးမှတ် ၉ မှတ်ဖြင့် စုစုပေါင်းပေးမှတ် ၄၅ မှတ် သတ်မှတ်ပါသည်။