တောင်ရိုးတိုင်းရင်းသားများ၏ တာတက်ပွဲဆိုသည်မှာအဘယ်နည်း။

တာတက်ပွဲ 

တောင်ရိုး တိုင်းရင်းသားတွေရဲ့ ဒီပွဲတော်ကို    အခုလိုကာလ   တန်ခူး၊ ကဆုန်လများအတွင်း        တောင်ရိုး တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ မြို့နယ် အလိုက် ရွာအလိုက်တွေမှာ  ကျင်းပလေ့ရှိ ကြပါတယ်။  တစ်ခါတလေ တစ်နေ့တည်းမှာ သုံးလေးပွဲကျင်းပတာလည်းရှိတတ်ကြပါတယ်။ တာတက်ပွဲတွေကိုအလှည့်ကျ  ကျင်းပမယ့်ရက်အလိုက် ရွာတွေမှာ စုပေါင်း ကျင်းပကြတယ်။  သင်္ကြန်အတက် နေ့အပြီး  နောက်ရက်ဖြစ်တဲ့ နှစ်ဆန်း ၁ ရက်နေ့ ကစပြီး ကဆုန်လကွယ်နေ့အထိတိုင်အောင်      အလှည့်ကျကျင်းပလေ့ရှိပါတယ်။  ရှမ်းပြည်နယ်အတွင်း ကလော၊ အောင်ပန်း၊   ပင်းတယနဲ့ ပင်လောင်းမြို့နယ်တွေမှာ တောင်ရိုးတိုင်းရင်းသား တွေ   အများဆုံးတွေ့ရှိရပြီး    လူဦးရေ ငါးသိန်းကျော်ရှိတာမို့ တစ်ရွာပြီးတစ်ရွာ ပွဲတွေပြုလုပ်နေကြတာ ပျော်တပြုံးပြုံးနဲ့ မမောနိုင် မပန်းနိုင်အောင်ပါပဲ။

တာတက်ပွဲဆိုတာ  ဓနု၊ တောင်ရိုး၊ ပအိုဝ်းလူမျိုးတွေရဲ့   ရိုးရာပွဲတော်တစ်ခုလို့လည်း ဆိုနိုင်ပါသေးတယ်။ တာတက် ပွဲကိုတချို့ဒေသတွေမှာပွဲဝင်တယ်လို့လည်းခေါ်ဝေါ်သုံးစွဲကြပါတယ်။ ပွဲဝင်ခံရတဲ့ ရွာကိုတခြားရွာမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူကြီး၊ လူငယ်မကျန်လာရောက်ကြပါတယ်။ လာတဲ့အခါရွာဘုန်းတော်ကြီးကျောင်းအတွက် လှူဖွယ်ပစ္စည်းတွေအစုံအလင်နဲ့   တပျော်တပါးလာရောက်ကြတာပါ။ အဲဒီထဲမှာ ဘုန်းတော်ကြီးကျောင်းအတွက် ရိုးရာမပျက်ဆွမ်းတော်အုပ်ပါသလို ကျေးရွာအလိုက် ကိုယ့်အစုအဖွဲ့နဲ့ကိုယ် အိုးစည်ဗုံမောင်းတွေ ကို     တီးခတ်ဖျော်ဖြေရင်း တာဝင်ကြတယ်လို့ သိရပါတယ်။
တစ်နှစ်တာကာလပတ်လုံး လယ်ယာလုပ်ငန်းခွင်မှာ လုပ်ကိုင်ကြတာမို့ အခုလိုပွဲတော်ကာလဟာ  ဆွေမျိုးပေါင်းစုံ နဲ့ပြန်လည်တွေ့ဆုံကြရတဲ့ကာလလည်းဖြစ်ပါတယ်။တာတက်ပွဲကိုအကြောင်းပြုပြီး     ဒီပွဲတော်ကာလမှာ တောင်ရိုး တိုင်းရင်းသားမောင်မယ်တို့ဟာ     လူပျို အပျိုရှာကြတဲ့  ဓလေ့ရိုးရာလည်း   ရှိကြပါတယ်။