ငြိမ်းချမ်းရေးအတွက် နောက်ထပ် ခြေတစ်လှမ်း

၂၀၂၅ခု မတ်လ ​နောက်ဆုံးပတ်တွင် NSPNC အ​နေဖြင့် ငြိမ်းချမ်း​ရေးစကားဝိုင်းကို ပါတီများ၊တိုင်းရင်းသားများ၊ သု​တေသီများ၊ ​​လေ့လာသူများဖြင့် ၃ရက်တိုင်ကျင်းပခဲ့သည်။ ၃လအကြာ ယခု ဇွန်လ​နောက်ဆုံးပတ်တွင် ငြိမ်းချမ်း​ရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ပြီး နစက ဥက္ကဋ္ဌလည်း တက်ရောက်မည်ဟုသိရသဖြင့် ဖိုရမ်နှင့်ပတ်သက်ပြီး NSPNC အတွင်း​ရေးမှူးအား ​ပေါ်ပြူလာနယူးစ်က ဆက်သွယ်​​မေးမြန်းထားသည်များကို ​ဖော်ပြသွားပါမည်။

Q. ငြိမ်းချမ်း​ရေးအတွက် ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ဖို့ လိုအပ်ချက်များက ဘာတွေပါလဲ။ လက်ရှိအခြေအနေနှင့် ထပ်လုပ်ကြမည့် အချက်များက ဘာပါလဲ

A. လိုအပ်ချက်​တွေက လုပ်ဆောင်ချက်တွေပွင့်လင်းမြင်သာမှု (Transparency)၊ အပြောနဲ့ အလုပ်တူညီမှု (Consistency)၊ အပြန်အလှန်လေးစားမှု (Mutual Respect) အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းဖန်တီးနိုင်မှု (Inclusivity)၊ ရေရှည်ဆက်ဆံရေး တည်ဆောက်ထားနိုင်မှု (Long-term Engagement)တို့လိုပါတယ်။

လက်ရှိအ​ခြေအ​နေမှာ Capacity Building Plans, Stakeholder Mapping, Policy Influence Roadmap တွေကို ကောင်းကောင်းရေးဆွဲဖို့ လိုအပ်သလို အရင်က ရေးဆွဲပြီး သဘောတူညီထားခဲ့တဲ့ သ​ဘောတူညီချက်တွေကိုလည်း အကောင်အထည်ဖော်ဖို့ လိုပါတယ်။

Q. လူသားချင်းစာနာ​ထောက်ထားမှုနဲ့ပတ်သက်ပြီး မဟာဗျူဟာထဲ ဘာတွေပါဝင်သင့်ပါလဲ။

A.တကယ့်မြေပြင်မှာ လိုအပ်နေတဲ့ အကူအညီတွေကို ဦးစားပေးလုပ်ဆောင်ရပါမယ်။ လူထုပါဝင်တဲ့ ပုံစံမျိုးခိုင်မာ​အောင်တည်ဆောက်ပြီးမှ ဒေသခံအဖွဲ့အစည်းတွေ၊ CBOs/CSOs တွေနဲ့ပူးပေါင်းပြီး ထောက်ပံ့ရေးလုပ်ငန်း​တွေ​ဆောင်ရွက်ရမယ်။ အကာကွယ်​ပေး​ရေး လုပ်ငန်းစဥ်မှာ ထိခိုက်လွယ်တဲ့အုပ်စု​တွေဖြစ်တဲ့ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် လူမျိုးရေးလူနည်းစုတွေရဲ့ အခွင့်အရေးကာကွယ်ရေးတွေကိုပါ မဟာဗျူဟာထဲ မှာထည့်သွင်းသွားနိုင်ရေးဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

Q.တိုင်းပြည် ပိုအဆင်​ပြေလာစေမယ့်မူဝါဒများ ပြောင်းလဲသွားနိုင်​ရေး ​ကြားခံအဖွဲ့​တွေ ထားဖို့ရှိပါလား

A.တိုင်းပြည်အတွက် ပို​ကောင်းလာ​စေနိုင်တဲ့ မူဝါ​ဒ​တွေ (ဥပမာ ဆန်ရှင်၊ isolation တို့အစား engagement ထိတွေ့ဆက်ဆံမှုတွေကနေသွားသင့်တာလိုမျိုးပေါ့ဗျာ) ပြောင်းလဲသွားဖို့ ​ကြားခံအဖွဲ့တစ်ဖွဲ့က လုပ်​ပေးတဲ့ အဖွဲ့ပုံစံမျိုးက တစ်စိတ်တစ်ဒေသအနေနဲ့တော့ ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိပြုရပါမယ်။ ပဋိပက္ခ တွေအတွက် Myanmar Owned.Myanmar Led ဖြင့်ရေရှည်တည်တံ့သည့်ဖြေရှင်းနည်းကိုကျနော်တို့ရှာဖွေကြရမှာဖြစ်ပါတယ်။

Q.​ဘာ​တွေ ဦးစား​ပေးဆွေး​နွေးကြပါမလဲ

A.ဆွေးနွေးမဲ့ Topic ၅ ခုကို ကျနော်တို့အလေးထား ရွေးချယ်ပြင်ဆင်ထားပါတယ်။ ခေါင်းစဥ်တွေဟာချိတ်ဆက်နေပါတယ်။” နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်” ဆိုတဲ့ စိတ်ခံစားချက် ​တွေနဲ့နားစွင့်​ပေးဖို့​ပြောချင်ပါတယ်။

Q.ဘယ်သူ​တွေကိုဖိတ်ကြားထားပါလဲ

A. သံရုံး ၁၇ ရုံးက သံအမတ်ကြီးတွေ သံရုံးယာယီတာဝန်ခံတွေအပါအဝင် ၃၀ကျော် တက်ရောက်ဖို့ပဏာမသိထားရပါတယ်၊ ထပ်တိုးလာဖို့ဘဲရှိပါမယ်။ နိုင်ငံတွင်းကဆို အခုပွဲမှာ NGOs၊ INGOs အဖွဲ့၂၀ကျော်က ခေါင်းဆောင်/ကိုယ်စားလှယ်တွေတက်ကြပါမယ်။ နိုင်ငံ ၆ နိုင်ငံက resource persons တွေလဲ တက်ရောက်ပြီး သူတို့ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာအတွေ့အကြုံတွေ၊ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံတွေ လေ့လာတွေ့ရှိချက်တွေ မျှဝေဆွေးနွေးကြပါမယ်။

နိုင်ငံတွင်းက ဖိတ်ကြားသင့်တဲ့သူတွေကိုလည်း အလေးထားဖိတ်ကြားထားပါတယ်၊ ဖိတ်ကြားခံရသူတွေတက်လာကြမယ်ဆိုရင် ကျနော်တို့ရဲ့ အားလုံးပါဝင်ရေးအပေါ် အလေးထားမှုကို ပွဲနေ့မှာမြင်တွေ့လာမယ်လို့ထင်ပါတယ်။

Q. ဒီဖိုရမ် အပြီးသက်ဆိုင်သူများအကြားနားလည်မှု ရာခိုင်နူန်း ဘယ်လောက်တက်လာမယ်လို့ မှန်းထားပါလဲ

A.ဒါက​တော့ ပါဝင်တက်​ရောက်​ဆွေး​နွေးကြမယ့် သူ​တွေရဲ့ ယုံကြည်ချက်၊ ခံယူမှု​တွေက​နေ ထွက်​ပေါ်လာမယ့် ရလဒ်​တွေ၊ အ​ကောင်ထည်​ဖော်လုပ်​ဆောင်မှု​တွေ​ပေါ်မူတည်ပါမယ်။ ရပ်​နေတာထက်စာရင် ​ခြေလှမ်း​တွေဆက်လှမ်း​နေတာက တိုးတက်မှု​တွေဖြစ်လာ​စေမယ်လို့ ယူဆပါတယ်ဗျ။

Popular Myanmar

Question

ငြိမ်းချမ်းရေးအတွက် နောက်ထပ် ခြေတစ်လှမ်း