ကြက်ဥကပေးသည့် ကျန်းမာရေးကောင်းကျိုးများ

၁။ လူတိုင်း ကြက်ဥကြော်၊ ကြက်ဥချက်၊ ကြက်ဥပြုတ်၊ ကြက်ဥပေါင်း အစရှိသဖြင့် ကြက်ဥကို ဟင်းလျာအမျိုးမျိုးပြုလုပ်ကာ စားသုံးတတ်ကြပါသည်။ ကြက်ဥထဲတွင် အကာအဖြူပိုင်းနှင့် အနှစ်အဝါရောင်ဟူ၍ နှစ်မျိုးပါရှိသည်။ ကြက်ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ် မျိုးစုံပါဝင်သည်။ ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာမင်ဘီတွဲ၊ ဗီတာမင်ဘီဖိုက်၊ ဗီတာမင်ဘီတူး၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတက် စီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနှင့် ဇင့်ဓာတ်များ ပါဝင်နေသည်။ ကြက်ဥသည် အခြားအစားအစာများနှင့်မတူဘဲ ခန္ဓာကိုယ်ထဲရောက်သည်နှင့် ချက်ချင်းစုပ်ယူနိုင်သည့် အစားအစာဖြစ်သည်။ အစာအိမ်အူလမ်းကြောင်းက ချေဖျက်စရာမလိုဘဲ ချက်ချင်းစုပ်ယူနိုင်သောကြောင့် အစာအိမ်ရောဂါသမားများ၊ သက်ကြီးရွယ်အိုများအတွက် အထူးသင့်လျှော်သည်။ အိမ်ကြက်ဥဖြစ်စေ၊ မွေးမြူရေးကြက်ဥဖြစ်စေ အာဟာရတန်ဖိုးချင်းက အတူတူပင်ဖြစ်သည်။

၂။ လူအများစုက ကြက်ဥအနှစ်စားလျှင် ကိုလက်စထရော(အဆီဓာတ်)တက်သည်၊ နှလုံးသွေးကြောကျဉ်းသည်ဟု ယုံကြည်ထားကြသည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ ပြောကြားချက်အရ လူတစ်ဦးက တစ်နေ့လျှင် ကိုလက်စထရော ၃၀၀ မီလီဂရမ်အထိ စားနိုင်သည်ဟု ဆိုထားသည်။ ကြက်ဥတစ်လုံးတွင် ကိုလက်စထရော ၁၈၀ မှ ၂၀၀ မီလီဂရမ်ပါရှိသဖြင့် မွေးရာပါ ကိုလက်စထရောတက်သည့် ရောဂါရှိသူမှလွဲ၍ မည်သည့်ရောဂါသည်မဆို တစ်နေ့လျှင် ကြက်ဥတစ်လုံး စိတ်ချလက်ချ စားသုံးနိုင်ပါသည်။ တစ်နေ့လျှင်ကြက်ဥတစ်လုံးစားသုံးပေးရုံဖြင့် အယ်လ်ဇိုင်းမားဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည့်ပြင် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေသည်။ မျက်စိချို့ယွင်းခြင်းကို ကာကွယ်ပေးပြီး နေရောင်ခြည်တွင် ပါဝင်သည့် ဓာတ်ရောင်ခြည်များကို ကာကွယ်ပေးနိုင်သည်။

၃။  ကြက်ဥတစ်လုံးတွင် ပရိုတိန်း ၆ ဂရမ်ပါဝင်သောကြောင့် ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေသည်။ ထို့ကြောင့် ကလေးငယ်များကို အသက် ၆ လပြည့်သည်နှင့် ခန္ဓာကိုယ်ကြီးထွားပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ကြက်ဥကို နေ့စဉ်ကျွေးသင့်သည်။ အမျိုးသမီးများတွင် သွေးဆုံး ပြီးသည့်အခါ မဟော်မုန်းဓာတ် အီစထြိုဂျင် မထုတ်ပေးနိုင်တော့ပေ။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အရိုးပါးခြင်း၊ အရိုးပွခြင်းများ၊ ဖြစ်လာတတ်သည်။ ထို့ကြောင့် ကြက်ဥကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အရိုးများကို ပြန်လည်သန်စွမ်းပါသည်။ 

၄။ ကြက်ဥစားသုံးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိသည်ဆိုသော်လည်း ကြက်ဥစားသုံးရာတွင် သတိပြုသင့်သည့်အချက်များလည်း ရှိသေးသည်။ ကြက်ဥကို အစိမ်းသောက်ခြင်းက ချက်ပြုတ်စားသောက်ခြင်းထက် ပိုအားရှိသည်ဟု လူအများက လက်ခံထားကြသည်။ မှန်သင့်သလောက် မှန်သည်။ သို့သော် အစိမ်းသောက်သည့်အခါ ရောဂါပိုးမျာ ခန္ဓာကိုယ်ထဲသို့ ဝင်သွားနိုင်သည်။ ကြက်ဥအခွံပေါ်တွင် ကြက်၏ မစင်၊ အစာအဆိပ်သင့်စေနိုင်သည့်ပိုးများနှင့် အခြားရောဂါပိုးများ ရှိနေတတ်သည်။ ကြက်ဥကို ဝယ်လာပြီးလျှင် ရေဖြင့်စင်ကြယ်စွာဆေးကြောပြီး သန့်ရှင်းသောနေရာတွင် သိမ်းဆည်းရန်လိုအပ်သည်။ ထို့ပြင် ယခုခေတ်‌ မွေးမြူရေးကြက်များမွေးရာတွင် အချိန်မတန်ခင် ကြက်ဥဥရန် ဓာတုဗေဒဆေးဝါးများကို အသားတိုးစေရန် အသုံးပြုကြသောကြောင့် မလိုလားအပ်ဘဲ ရောဂါများဖြစ်စေနိုင်၍ သတိပြုစားသုံးရန် လိုအပ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ကိုးကား - အင်တာနက်စာမျက်နှာများ

ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Photo: Pinterest

Subject-Image

  • ကြက်ဥကပေးသည့် ကျန်းမာရေးကောင်းကျိုးများ

Posted-Date