တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော လာရောက်ဆိုက်ကပ်မှုအပေါ် မြောက်ကိုရီးယားက ပြင်းထန်စွာ ရှုတ်ချလိုက်ခြင်း
တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော အလည်အပတ် ခရီးစဉ်အဖြစ် လာရောက်ဆိုက်ကပ်ခဲ့မှုအပေါ် “နိုင်ငံရေးနှင့်စစ်ရေးအရကျူးကျော်ရန်စမှု” အဖြစ် အမေရိကန်ကို မြောက်ကိုရီးယား က ပြင်းထန်စွာရှုတ်ချကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယူဂျောင်း၏ ထုတ်ပြန်ချက်ပြောကြားချက်ကို နိုင်ငံပိုင်ရုပ်သံဖြစ်သည့် KCNA ရုပ်သံတွင် မတ်လ ၄ ရက်နေ့က ထုတ်လွှင့်ဖော်ပြ ခဲ့ပါသည်။
အမေရိကန်အစိုးရသစ်အနေဖြင့် ယခုနှစ်အတွင်း စတင်တာဝန်ယူသည့်အချိန်ကစ၍ ယခင်အစိုးရ၏ ရန်လိုသည့် မူဝါဒအား ဆက်လက်ဖော်ဆောင်သည့်အနေဖြင့် မြောက်ကိုရီးယားအပေါ် နိုင်ငံရေးနှင့် စစ်ရေးအရ ကျူးကျော် ရန်စမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ကင်ယူဂျောင်းက ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
အမေရိကန်တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်၏ စွမ်းဆောင်ရည်မြင့်လေယာဉ်တင်သင်္ဘော USS Carl Vinson သည် အလည်အပတ်ခရီးစဉ်အဖြစ် မတ်လ ၂ ရက်က ဘူဆန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဘူဆန် ခရီးစဉ်သည် တောင်ကိုရီးယားခေါင်းဆောင်များအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် လုပ်ဆောင်သွားမည့် အမေရိကန်၏ကတိကဝတ်ကို ပြသရာ ရောက်ကြောင်း အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပါသည်။
မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ပုံမှန်လုပ်ဆောင်သည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပေါ် ကျူးကျော်ရန်စမှုအတွက် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အနေဖြင့်ရှုမြင်ပြီး ပြစ်တင်ရှုတ်ချခြင်းများ လုပ်ဆောင်ခဲ့သည့်နည်းတူ ဒုံးကျည် စမ်းသပ်ပစ်ခတ်ခြင်းများကိုလည်း မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း CNA သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- CNA
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄