အစ္စရေးတပ်များအား ဂါဇာကမ်းမြှောင်ဒေသမှ ဆုတ်ခွာပေးရန် ပါလက်စတိုင်းတိုက်တွန်း
အစ္စရေးတပ်ဖွဲ့များအား ဂါဇာကမ်းမြောင်ဒေသမှ ဆုပ်ခွာပေးရန်နှင့် အဆိုပါဒေသ၏ အုပ်ချုပ်ရေးလုပ်ငန်းများအား ပါလက်စတိုင်းအစိုးရကို ပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်ခွင့်ပြုရန် မတ်လ ၃ ရက်နေ့က ထုတ်ပြန်သည့် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် တိုက်တွန်းတောင်းဆိုခဲ့သည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်မှတစ်ဆင့် ပါလက်စတိုင်းပြည်သူများနှင့် ၎င်းတို့၏ အခွင့်အရေးများအပေါ် ပိတ်ဆို့ဟန့်တားမှုများကို ထိန်းသိမ်းပေးရေး၊ ပါလက်စတိုင်းအစိုးရ၏ လုပ်ပိုင်ခွင့်များအား အမြန်ပြန်လည်လွှဲပြောင်းပေးရေး၊ နိုင်ငံတကာအသိအမှတ်ပြု တရားဝင် ပါလက်စတိုင်းအစိုးရအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏လုပ်ငန်းတာဝန်များအား လုပ်ဆောင်ခွင့်ရရှိရေး၊ ဂါဇာကမ်းမြောင်ဒေသအပါအဝင် ၁၉၆၇ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့သည့် ပါလက်စတိုင်းနယ်မြေအားလုံးအား အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် ချက်ချင်း ရရှိရေးတို့အတွက် ကမ္ဘာ့နိုင်ငံများမှ စစ်မှန်သည့် ရပ်တည်မှုဖြင့် ပံ့ပိုးဆောင်ရွက်ပေးရေး စသည့်အချက်များ ဖော်ပြပါရှိပါသည်။
ဟားမက်နှင့် အစ္စရေးတို့အကြား အဆင့်(၃)ဆင့်ပါဝင်သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ ပထမအဆင့်ဖြစ်သည့် (၄၂)ရက်တာကာလသည် မတ်လ (၁)ရက်နေ့အစောပိုင်းတွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်သော်လည်း ဒုတိယအဆင့်အတွက် မည်သည့်ကြေညာချက်မျှ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
အစ္စရေးတို့အနေဖြင့် ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမအဆင့်ကို ဆက်လက်သက်တမ်းတိုး ဆောင်ရွက်လိုသော်လည်း ဟားမက်အနေဖြင့် အစ္စရေး၏ အဆိုပြုချက်ကို ပယ်ချကာ ဒုတိယအဆင့်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်လိုခဲ့သည်။
အပစ်အခတ်ရပ်စဲရေး၏ ဒုတိယအဆင့်တွင် ကျန်ရှိနေသေးသည် အစ္စရေးဓားစာခံများအား ပြန်လည်လွှတ်ပေးရေး၊ ဂါဇာရှိ အစ္စရေးတပ်ဖွဲ့ဝင်များအားလုံး ပြန်လည်ဆုတ်ခွာပေးရေးနှင့် ထာဝရအပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ရေး စသည့်အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း Xhinua သတင်းစာမျက်နှာတွင် ရေးသား ဖော်ပြထားပါသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄