ယူကရိန်းအရေးနှင့်ပတ်သက်၍ ထရမ့်နှင့် ပူတင်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေး
ထရမ့်နှင့် ပူတင်တို့သည် ယူကရိန်းအရေးနှင့်ပတ်သက်၍ မေလ ၁၉ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြပြီး အပြုသဘောဆောင်သည့် ဆက်သွယ်ဆွေးနွေးမှုဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် ကြီးမားသည့် တိုးတက်မှု ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားခဲ့သည်။
ယခုဆွေးနွေးမှုသည် ရင်းနှီးပွင့်လင်းပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှု ဖြစ်ခဲ့ကြောင်း၊ ဆက်စပ် သက်ဆိုင်သည့် သဘောတူညီမှုများရရှိပါက ယာယီ အပစ်အခတ်ရပ်စဲရေးမှာ ဖြစ်နိုင်ချေရှိကြောင်း၊ ရုရှားအနေဖြင့် နောင်အနာဂတ်ကာလတွင် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရေး နားလည်မှု စာချွန်လွှာအတွက် ယူကရိန်းနှင့် ဆွေးနွေးဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း၊ နှစ်နိုင်ငံပဋိပက္ခဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းများကို ဖယ်ရှားပေးရန်လိုကြောင်း စသည့် အချက်များကို ပူတင်က ဆွေးနွေးပြောကြား ခဲ့သည်။
သမ္မတထရမ့်ကလည်း “၂ နာရီကြာ ဆွေးနွေးမှုသည် အပြုသဘောဆောင်မှု များစွာရှိခဲ့ကြောင်း” ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် ဆွေးနွေးပွဲများ ချက်ချင်း စတင်လုပ်ဆောင်ကြရန် တောင်းဆိုခဲ့သည်။
တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထရမ့်က “ဤစစ်ပွဲသည် အမေရိကန်နိုင်ငံ၏စစ်ပွဲမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ဝင်မပါသင့်သည့် ဇာတ်ရှုတ်ထဲသို့ ဝင်ပါမိနေခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဘာတီကန်၌ လုပ်ဆောင်သင့်ကြောင်း” စသည်ဖြင့် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း “မိမိအနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ စတင်ရန် ရုရှားနိုင်ငံဘက်မှ သဘောထားကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ ရုရှားနိုင်ငံဘက်မှ အဆိုပြုချက်ကို ဦးစွာ ရယူလိုကြောင်း၊ အဆိုပါ အဆိုပြုချက်ရရှိမှသာ မိမိတို့ သဘောထားများကိုလည်း ပြန်လည်ချပြနိုင်မည် ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ အဆိုပြုချက်ကို မိမိတို့အနေဖြင့် လိုက်လျောပေးနိုင်ခြင်း မရှိပါက သမ္မတ ထရမ့်နှင့် ဆွေးနွေးခွင့် ရရှိလိုကြောင်း၊ မကြာမီကာလအတွင်း တူရကီ၊ ဘာတီကန် သို့မဟုတ် ဆွစ်ဇလန် စသည့် နိုင်ငံတစ်ခုခုတွင် အမေရိကန်၊ ယူကရိန်းနှင့် ဥပရောပနိုင်ငံများပါဝင်သည့် ဆွေးနွေးပွဲကို ကျင်းပလိုကြောင်း” စသည်ဖြင့် ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက-၄