ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၊ စူပါဆိုင်ကလုန်း)

Posted_Date

Image

ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၊ စူပါဆိုင်ကလုန်း)

Body

(ယမန်နေ့မှအဆက်)
ထိုသို့ ယမ်းအိုးက  အဆင်သင့်ဖြစ်လာချိန်၌ မီးပွားတစ်စကလည်းတိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာသည်။ ယင်းမှာ အလုပ်အကိုင်ခွဲတမ်းကိစ္စဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲ၌ ကိုယ်ကျိုးစွန့်ပါဝင်ခဲ့ကြသူများ၏ မိသားစုများအတွက်  အစိုးရဝန်ထမ်းအလုပ်အကိုင်၏  ၃၀ ရာခိုင်နှုန်းအား  ခွဲတမ်းသတ်မှတ်ပေးခဲ့သည်။ နောင်အခါ  ဤကိစ္စနှင့်ပတ်သက်၍ ဆန့်ကျင်ဆူပူမှုများရှိခဲ့သောကြောင့် ၂၀၁၈ ခုနှစ်တွင်  ဤစနစ်ကိုဖျက်သိမ်းခဲ့သည်။  သို့သော် သက်ဆိုင်ရာ  မိသားစုများက  တရားရုံး အဆင့်ဆင့်တွင် အယူခံဝင်ခဲ့ကြရာ ၂၀၂၄ ခုနှစ် ဇွန်လတွင် ဗဟိုတရားရုံးက ခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးရန် အမိန့်ချ ခဲ့သည်။   ယင်းမှာ အဝါမီလိဂ်ကို ဆန့်ကျင်ထိုးနှက်လိုသူများအတွက်    လက်နက်ကောင်းဖြစ်သွားခဲ့သည်။
အကြောင်းမှာ  လွတ်လပ်ရေး  တိုက်ပွဲဝင်သူအများစုမှာ အဝါမီလိဂ်မှဖြစ်ပြီး ဆွေစဉ်မျိုးဆက် အဝါမီလိဂ်ပါတီဝင်နှင့် ထောက်ခံသူများ ဖြစ်နေကြသောကြောင့်ပင် ဖြစ်လေသည်။  လူဦးရေများပြီး အလုပ်အကိုင် ရှားပါးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နှစ်စဉ်အစိုးရအရာထမ်း ရာထူးဝင်ပေါက် ၃၀၀၀ ခန့်သာ ရှိရာတွင် တစ်နိုင်ငံလုံးမှ လျှောက်ထားသူ ငါးသိန်းခန့်ရှိသည့်အတွက် ယင်းဝင်ပေါက်နေရာ အနည်းငယ်မှ  ၃၀  ရာခိုင်နှုန်းထပ်၍ လျော့သွားမည့်အပေါ်မကျေနပ်မှုက အဝါမီလိဂ်ကို  ဆန့်ကျင်မုန်းတီးမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ထိုမကျေနပ်မှု ဆန့်ကျင်မုန်းတီးမှုမှာ အလုပ်ရှာနေသည့် ပညာတတ်လူငယ်များအကြား၌  အများဆုံး  ပေါ်ပေါက်ခဲ့ရာ  လူထုအုံကြွမှုကို အစပျိုးသည့်နေရာမှာ လူငယ်ထုဖြစ်လာသည်။   ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူဦးရေ သန်း ၁၇၀တွင် လူငယ် ၃၂ သန်းခန့်မှာ အလုပ်လက်မဲ့ဖြစ်နေကြသည်ဟုဆိုပါသည်။ယင်းပညာတတ် လူငယ်ထုအတွင်းအစိုးရဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားမည့်သူများမှာလည်းအဆင်သင့်ရှိပြီးဖြစ်၏။ ယင်းမှာ (ရှေးယခင်က မြန်မာ့နိုင်ငံရေးမှအလံဖြူကွန်မြူနစ်ပါတီက ထိန်းချုပ်သောတပ်ဦးကျောင်းသား၊ အလံနီကွန်မြူနစ်က ထိန်းချုပ်ထားသော တပ်ဦးသစ်ကျောင်းသား အုပ်စုများကဲ့သို့အတိုက်အခံ နိုင်ငံရေးပါတီများက ထိန်းချုပ်ကြိုးကိုင်ထားသောကျောင်းသားအဖွဲ့များဖြစ်သည်။
အထူးသဖြင့် ပါကစ္စတန် ကျောထောက်နောက်ခံရှိသည့် ဘာသာရေးအယူအစွဲ ပြင်းထန်သော ပါတီ၏ ကျောင်းသားအဖွဲ့အစည်းဖြစ်သော (Islamic Chatra Shibir: ICS) အဖွဲ့က လူထုအုံကြွမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး အဓိကရုဏ်းများတွင် ဆန္ဒပြသူများဘက်မှ   အင်အားသုံး  အကြမ်းဖက်ရာတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် အစိုးရက ပိတ်ပင်ခံခဲ့ရသော အဖွဲ့အစည်းဖြစ်သည်။ ICSအဖွဲ့အနေဖြင့် အရေးအခင်းမတိုင်မီ နှစ်နှစ်ခန့်ကပင် ဘင်္ဂလားဒေ့ရှ်တစ်ဝန်းရှိ တက္ကသိုလ်များ၏ ကျောင်းသားသမဂ္ဂများတွင် စိမ့်ဝင်လှုပ်ရှားနေခဲ့သည်ဟု အိန္ဒိယထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကား၍ အိန္ဒိယသတင်းစာများက ဖော်ပြခဲ့သည်ကို တွေ့ရသည်။
အရောင်တော်လှန်ရေး ဖော်မြူလာအလုပ်သမားခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးခွင့်အမိန့်ကြောင့် ၂၀၂၄ ခုနှစ်ဇွန်လတွင်တက္ကသိုလ်ကျောင်းသားများကဦးဆောင်၍ဒါကာမြို့တော်တွင်ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများဖြင့်  စတင်ခဲ့သည်။   အခြေအနေတည်ငြိမ်လာစေရေးအတွက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗဟိုတရားရုံးချုပ်က အလုပ်ခွဲတမ်း စနစ်အား  အနိမ့်ဆုံး   ၅  ရာခိုင်နှုန်းသို့  လျှော့ချ သတ်မှတ်ပေးခဲ့သော်လည်း အရှိန်မြင့်လာသော လူအုပ်စု အုံကြွမှုအဟုန်ကို မထိန်းသိမ်းနိုင်တော့ပေ။   ရက်အလိုက်ဖြစ်ရပ်များကိုကြည့်ပါက လူထုအုံကြွမှုအရောင်တော်လှန်ရေးနည်းစဉ်များအတိုင်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ဇူလိုင်လ  ၇  ရက်နေ့တွင်  “ဘင်္ဂလားပိတ်ဆို့မှု” (Balgla   Blockade)  အမည်ဖြင့်  ဘင်္ဂလားဒေ့ရှ် မြို့ကြီးများတွင်  ပြည်သူလူထု  အပြင်မထွက်ရေး လုပ်ဆောင်ခဲ့သည့်အတွက် ရုံးများ၊ စက်ရုံများ၊အလုပ်ရုံများလုပ်ငန်းရပ်ဆိုင်းသွားသည်။မီးရထားလမ်း၊ ကားလမ်း သယ်ယူပို့ဆောင်ရေးများ ရပ်တန့် ကုန်သည်။ဇူလိုင်လ ၁၁ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ဖြိုခွဲရာမှ အဓိကရုဏ်းများစတင်ဖြစ်ပွားသည်။ဇူလိုင်လ ၁၅ ရက်နေ့တွင်  အာဏာရနှင့်အတိုက်အခံကျောင်းသားအဖွဲ့များအကြား တိုက်ခိုက်မှုများ စတင်ဖြစ်ပွားသည်။   ဇူလိုင်လ ၁၆ ရက်နေ့တွင် အနောက်နိုင်ငံများမှ ချိတ်ဆက် နှီးနွှယ်သည့်ပုဂ္ဂလိကတက္ကသိုလ်ကောလိပ်များမှ ကျောင်းသားများပါဆန္ဒပြအုံကြွမှု၌ ပါဝင်လာသည်။  ထူးခြားချက်မှာ နာမည်ကြီး BRAC တက္ကသိုလ်မှ ကျောင်းသားများက ဦးဆောင်၍ လူအသွားအလာများသော စီးပွားရေးရပ်ကွက် လမ်းဆုံကို ပိတ်ဆို့ခြင်း၊ ရဲစခန်းများကို မီးရှို့ခြင်း၊ ဆိုင်ကယ်များကို မီးရှို့ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်လာခြင်းဖြစ်သည်။ ယင်း BRAC တက္ကသိုလ်တည်ထောင်သူမှာ နာမည်ကျော် ဂျူးဘီလီယံနာသူဌေးကြီး ဆိုရော့စ်၏ မိတ်ဆွေရင်း ဖြစ်ပြီး BRAC တက္ကသိုလ်သည် ဆိုရော့စ်က ဒေါ်လာ တစ်ဘီလီယံ ထောက်ပံ့ထားသော Open Society University    Network   တက္ကသိုလ်ကွန်ရက်မှ အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်သည်။ ယင်းတက္ကသိုလ်ကျောင်းသားများသည် ဒါကာမြို့တွင်းရှိ အရေးပါသော လမ်းများနှင့်ဒါကာမြို့မှထွက်သော မီးရထားလမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ယင်းမှာ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံမှ Milk Tea Alliance  ကျောင်းသားလှုပ်ရှားမှုပုံစံများနှင့် ထပ်တူဖြစ်သည်။ဇူလိုင်လ ၁၈ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့်BRACတက္ကသိုလ်ကျောင်းသားအုပ်စုတို့အဓိကရုဏ်းဖြစ်ပွားသည်။ ဒါကာမြေအောက်ရထားဘူတာရုံ မီးရှို့ခံရသည်။ ဘင်္ဂလားဒေ့ရှ် ရုပ်မြင်သံကြားဌာန မီးရှို့ခံရသည်။ နိုင်ငံပိုင်ဒေတာစင်တာ ဖျက်ဆီးခံရသည်။ ကျောင်းသားအချို့ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အရေးပါသော အင်တာနက်ဝက်ဘ်ဆိုက်များတိုက်ခိုက်ခံရသည်။ အစိုးရက အင်တာနက်လိုင်းအားလုံးကိုပိတ်လိုက်သည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင်   အတိုက်အခံဘက်မှ လက်နက်ကိုင်များကနာဆင်ဒီ ခရိုင်ရှိ အကျဉ်းထောင်ကို ဝင်ရောက်စီးနင်း ပြီး ထောင်သားများကိုလွှတ်ပေးကာ လက်နက်ခဲယမ်းများကို လုယူသွားသည်။   
ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ အစိုးရနှင့်   ဆန္ဒပြကျောင်းသားအုပ်စုတို့အကြား စေ့စပ် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း  မအောင်မြင်ခဲ့ပေ။  ဆန္ဒပြသူများဘက်မှ တောင်းဆိုချက် ၉ ချက် တင်ပြရာတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဆန္ဒပြသူများကို   တောင်းပန်ရေးနှင့်    ပြည်ထဲရေးဝန်ကြီးနှင့် လမ်းပန်း သယ်ယူပို့ဆောင်ရေးဝန်ကြီးတို့ ရာထူးမှ နုတ်ထွက်ပေးရေးတို့  ပါဝင်ပါသည်။ အစိုးရဘက်မှ အလုပ်ခွဲတမ်းကို စုစုပေါင်း၅၆ရာခိုင်နှုန်းမှ ၇ရာခိုင်နှုန်းလျှော့ချပေးခဲ့မှုနောက်ပိုင်းတွင်ဆန္ဒပြမှုများ ခေတ္တရပ်ဆိုင်း သွားခဲ့သော်လည်း ကျောင်းသားခေါင်းဆောင်အချို့ကိုလုံခြုံရေးတပ်ဖွဲ့များကထိန်းသိမ်းခေါ်ဆောင်သွားမှုကြောင့်ဇူလိုင်လ   ၁၉  ရက်နေ့တွင်   အင်အားအလုံးအရင်းဖြင့် ဆန္ဒပြမှုများ  ပြန်လည်ပေါ်ပေါက်လာပြီး  ဆန္ဒပြသူ အများအပြားလည်း ဖမ်းဆီးထိန်းသိမ်းခံကြရသည်။
ဇူလိုင်လ ၃၁ ရက်နေ့တွင် “တရားမျှတမှုအတွက် ချီတက်ကြ” (March for Justice) လှုပ်ရှားမှုကို ပြုလုပ်ပြီး ထိန်းသိမ်းခံထားရသူများနှင့် သေဆုံးသူများအတွက် ရည်ညွှန်း၍ ဒါကာတစ်မြို့လုံး ချီတက် ဆန္ဒပြမှု ပြုလုပ်သည်။
ဩဂုတ်လ  ၁  ရက်နေ့တွင်  ထိန်းသိမ်းခံ ကျောင်းသားခေါင်းဆောင်များကို ပြန်လွှတ်ခဲ့သော်လည်း ဆန္ဒပြပွဲမှာ မရပ်တန့်သွားဘဲ ပို၍ကျယ်ပြန့်လာသည်။ ဩဂုတ်လ ၂  ရက်နေ့တွင်  ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက စေ့စပ်ညှိနှိုင်းရန် ဖိတ်ခေါ်ခဲ့သော်လည်း ဆန္ဒပြသူများဘက်မှ ပယ်ချကာ တစ်ခုတည်းသော တောင်းဆိုချက်ကို ထုတ်ပြန်ခဲ့သည်။ယင်းမှာဝန်ကြီးချုပ်နှင့်အစိုးရတစ်ဖွဲ့လုံးနုတ်ထွက်ပေးရေးဖြစ်သည်။ ဩဂုတ်လ  ၃  ရက်နေ့တွင်  အစိုးရဌာနများနှင့်ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်ရေး  (Non-cooperation   Movement) ကို  စတင်ခဲ့သည်။ ယင်းမှာ   ဂျင်းရှပ်၏  နိုင်ငံရေးအန်တုမှုနည်းလမ်းဖြစ်ပြီး အစိုးရကို အခွန်အခမပေးရေးနှင့် ထိတွေ့ ဆက်သွယ်မှုမပြုရေးဖြစ်သည်။ စစ်တကောင်းဒေသတွင် အစိုးရဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာသည်။
အစိုးရက  ဩဂုတ်လ  ၄  ရက်နေ့တွင် အပြင် မထွက်ရအမိန့် ထုတ်ပြန်ကာ   ဘင်္ဂလားဒေ့ရှ် တပ်မတော် လုံခြုံရေးတပ်ဖွဲ့များမြို့တွင်းသို့ စေလွှတ်ချထားခဲ့သော်လည်းလူအုပ်ကြီးက မပြိုကွဲသွားဘဲမင်းမဲ့စရိုက်ဆန်ဆန် ထိန်းမနိုင် သိမ်းမရဖြစ်လာသည်။ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ်က ဆန္ဒပြလူအုပ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင် အင်အားသုံးစွဲခြင်းမပြုရန် ညွှန်ကြားခဲ့သည့်အတွက် ဒါကာမြို့တော်တွင် တရားဥပဒေစိုးမိုးမှု   လုံးဝပျက်ပြားသွားသည့်သဘောရှိခဲ့သည်။ ဘာသာရေးအယူအစွဲပြင်းထန်သူများကလူနည်းစုဟိန္ဒူလူမျိုးများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို  တိုက်ခိုက် ဖျက်ဆီးခဲ့ကြသည်။  ရဲစခန်းအများစုမှာလည်း ဖျက်ဆီးခံခဲ့ရပြီး လက်နက်ခဲယမ်းများလည်း လုယူခံရကာ ရဲတပ်ဖွဲ့ဝင်များလည်း လူအုပ်ကြီး၏ တိုက်ခိုက်မှုမှလွတ်ကင်းရန် ထွက်ပြေးရှောင်ပုန်း နေခဲ့ကြရသည်။
ဩဂုတ်လ   ၅   ရက်နေ့  နေ့လယ်ပိုင်းတွင်မူ လူအုပ်ကြီးက ဝန်ကြီးချုပ်   ရှိတ်ဟာဆီနာ၏ အိမ်တော်ဘက်သို့ ဦးတည်လာခဲ့သည်။ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာဥဇမန်က ဝန်ကြီးချုပ်ကို ရာထူးမှ နုတ်ထွက် ၍  နိုင်ငံမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ပြီး  ထိုသို့ ထွက်ခွာရန်အတွက် ပြင်ဆင် ချိန် ၄၅ မိနစ်သာပေးခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှာ ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ စီစဉ်ပေးသည့် ရဟတ် ယာဉ်ဖြင့် ကသုတ်ကရက် “ထွက်တော်မူ နန်းကခွာ” ခဲ့ရတော့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆယ်စုနှစ် နှစ်ခုပင် မပြည့်မီ ကာလအတွင်းဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဘဝမှဖွံ့ဖြိုးမှုအမြန်ဆုံးထွန်းသစ်လာမည့်နိုင်ငံတစ်ခုအဖြစ်  ဆွဲတင်ပေးခဲ့သော အမျိုးသမီးကြီးမှာ ရက်သုံးဆယ်ခန့် လူအုပ်စုအုံကြွမှုကြောင့်ရာထူးမှ    နုတ်ထွက်၍   မျက်ရည်စက်လက်ဖြင့် နိုင်ငံမှ ထွက်ခွာသွားရသည်မှာ နိုင်ငံရေးသံဝေဂ ပွားဖွယ်ဖြစ်တော့သည်။ ရှေ့အလားအလာ
လက်ရှိအခြေအနေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၅ နှစ်ကျော် အုပ်ချုပ်ခဲ့သည့် အဝါမီလိဂ်ပါတီမှာ ရုတ်ခြည်းဆိုသလိုပင်တောပုန်းပါတီ ဖြစ်သွားရလေပြီ။ပါတီခေါင်းဆောင်  ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာမှာ နိုင်ငံရေးခိုလှုံရန်မူလရည်မှန်းထားသည့်ဗြိတိန်နိုင်ငံနှင့်အနောက်အုပ်စုနိုင်ငံများအားလုံးလိုလိုကလက်မခံသဖြင့် အိန္ဒိယနိုင်ငံတွင် သောင်တင်လျက်ရှိနေဆဲဖြစ်သည်။ အဝါမီလိဂ်ပါတီမှ ခေါင်းဆောင်များကိုလည်း စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။ ရှိတ်ဟာဆီနာနှင့်နီးစပ်သည်ဟု ယူဆရသော ဘင်္ဂလားဒေ့ရှ်တပ်မတော်အရာရှိကြီးများမှာလည်းရာထူးမှဖယ်ရှားခံကြရသည်။အလားတူပင်  ရှေ့နေချုပ်၊   တရားသူကြီးချုပ်၊  ဗဟိုဘဏ် ဥက္ကဋ္ဌ   စသော   ထိပ်တန်းပုဂ္ဂိုလ်များမှာလည်း လူအုပ်စုဖြင့် ခြိမ်းခြောက်ဖိအားပေးမှုကြောင့် နုတ်ထွက်သွားခဲ့ကြရသည်။ အစိုးရဌာနအသီးသီးတွင်လည်း မိမိဆန္ဒအလျောက် နုတ်ထွက်သွားသူ၊ ထုတ်ပယ် ခံရသူ၊ ဖိအားပေး၍ နုတ်ထွက်ခိုင်းခံရသူ စသည်တို့ကြောင့်အုပ်ချုပ်မှုယန္တရားတစ်ခုလုံး ပရမ်းပတာဖြစ်နေသည်ဟုဆိုသည်။ ရှေးယခင်ကဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေအနေကို ထိန်းသိမ်းပေးနိုင်သည့် ဩဇာကြီးမားသော တပ်မတော်မှာလည်း  ယခုအရေးအခင်းတွင် ကျောင်းသားခေါင်းဆောင်များအား မလွန်ဆန်နိုင်တော့ သည်ကိုတွေ့ရသည်။ရှိတ်ဟာဆီနာ ထွက်ခွာသွားပြီးနောက် ကျောင်းသားခေါင်းဆောင်များက ရှိတ်ဟာဆီနာနှင့် လုံးဝအဆင်မပြေခဲ့သည့်  စီးပွားရေးပညာရှင်နှင့် ဂရာမင်းဘဏ်လုပ်ငန်းရှင် နိုဘယ်ငြိမ်းချမ်းရေးဆုရ ဒေါက်တာ မိုဟာမက်ယူနွတ်စ်ကို ကြားဖြတ်အစိုးရ အဖွဲ့ခေါင်းဆောင် အကြံပေးအရာရှိချုပ် ခန့်အပ်ပေးရန် တောင်းဆိုခဲ့ရာ တောင်းဆိုသည့်အတိုင်း ခန့်အပ်ပေးခံရသည်။  ကျောင်းသားခေါင်းဆောင်များက  တပ်မတော်မှ  တင်မြှောက်သည့် အစိုးရကို လုံးဝလက်ခံမည်မဟုတ်ဟုရာဇသံပေးခဲ့သည့်အတိုင်း    လိုက်နာခဲ့ရပြီး   ကာကွယ်ရေးဝန်ကြီး အပါအဝင် ဝန်ကြီးအဖွဲ့ဝင်အားလုံးကို ကျောင်းသားများ၏ အတည်ပြုချက်ဖြင့်သာ ခန့်အပ်ခဲ့ရသည်။ ကျောင်းသားခေါင်းဆောင်နှစ်ဦးကိုလည်း အစိုးရအဖွဲ့တွင် ထည့်သွင်းခဲ့ရကာတစ်ဦးလျှင် ဝန်ကြီးဌာနနှစ်ခုစီ ကိုင်တွယ်တာဝန်ယူထားသည်ကိုတွေ့ရသည်။ လက်ရှိအနေအထားအရ အနောက်အုပ်စုနှင့် အထူးနီးစပ်သည့် အသက် ၈၄ နှစ်အရွယ် မိုဟာမက်ယူနွတ်စ် ဦးဆောင်ပြီး ဆန္ဒပြကျောင်းသားများကကြိုးကိုင်ထားသောကြားဖြတ်အစိုးရကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအချိန်ကာလအတိုင်းအတာတစ်ရပ်အထိအုပ်ချုပ်နေဦးမည့်သဘောရှိနေသည်။ ဘင်္ဂလားဒေ့ရှ်ပြည်သူများကို ဩဂုတ်လ ၁၈ ရက်နေ့က   ရုပ်သံလွှင့်ပြောကြားခဲ့သည့်  ယူနွတ်စ်၏ မိန့်ခွန်းတွင်  ရွေးကောက်ပွဲကျင်းပမည့်ကာလကို နိုင်ငံရေးအရ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်    နိုင်ငံရေး၊   စီးပွားရေး၊ လူမှုရေးအောက်ခြေသိမ်းပြုပြင်ပြောင်းလဲမှု (ခေတ်ပြောင်းတော်လှန်ရေး)ပြုလုပ်ပြီးစီးကာသတင်းအချက်အလက်စီးဆင်းမှုမှာလည်းအဖြတ်အတောက်  အဆီးအတားမရှိချောမွေ့လာသည့်အခါမှသာရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ပြောကြားသွားခဲ့သည်။ ယူနွတ်စ်သည် အမေရိကန် သမ္မတဟောင်းကလင်တန်နှင့် ဇနီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ သမ္မတဟောင်း အိုဘားမားတို့နှင့် အထူးရင်းနှီးပြီး ဂျော့ဆိုရော့စ်၏ လူရင်းလည်းဖြစ်ရာ ဘင်္ဂလားဒေ့ရှ်ကို အနောက် လစ်ဘရယ်အုပ်စုများအကြိုက်  ပြုပြင်ပြောင်းလဲသွားရန် ကြိုးပမ်းလိမ့်မည်ဟု ယူဆရသည်။ နိုင်ငံရေးအပိုင်းတွင် ထိုင်းနိုင်ငံမှ လူငယ်မျိုးဆက်သစ်တို့၏ Future Forward ပါတီကဲ့သို့ လူငယ်ပါတီသစ် ထူထောင်ရန်လည်း ကျောင်းသားခေါင်းဆောင်များက    ပြောကြားလာခဲ့ကြခြင်းကြောင့်  ယင်းသို့ ပေါ်ပေါက်လာမည့် လူငယ်ပါတီသစ် အင်အားခိုင်မာသည်အထိ ရွေးကောက်ပွဲမကျင်းပသေးဘဲ စောင့်ဆိုင်းနေဖွယ်ရှိကြောင်း မှန်းဆရပါသည်။
သို့ရာတွင်  ထိုသို့ရွေးကောက်ပွဲကာလမသေချာမှုအပေါ် အာဏာလိုချင်လှပြီဖြစ်သောBNPပါတီက စိတ်မရှည်နိုင်ဖြစ်သကဲ့သို့ အဝါမီလိဂ်ပါတီ ထောက်ခံသူများကလည်း အဝါမီလိဂ်ကို နိုင်ငံရေးပါတီအဖြစ်မှ ပိတ်ပင်တားမြစ်ခြင်း မရှိသေးသဖြင့်   ပါတီကို ပြန်လည်ထူထောင်ရန် ရွေးကောက်ပွဲဝင်ခွင့်ရရန် လိုလားလျက်ရှိကြသည်။ သို့ဖြစ်ရာ  အနာဂတ်တွင်  အနောက်လိုလားသော လစ်ဘရယ်လူငယ်အုပ်စု၊ ပါကစ္စတန်လိုလားသော ဘာသာရေး အခြေခံဝါဒီ   BNP  နှင့်  ဂျမ္မတ်အုပ်စု၊ အိမ်နိမ့်စံ အဝါမီလိဂ်အုပ်စုဟူ၍ အုပ်စုကြီးသုံးခု၏ သုံးပွင့်ဆိုင် နိုင်ငံရေးကျားကစားကွက်များကို တွေ့မြင်ရဖွယ်ရှိသည်။ နိုင်ငံတကာဆက်ဆံရေးတွင်မူ  အမေရိကန်နှင့် အနောက်အုပ်စု၏ထောက်ခံအားပေးမှုရရှိထားသော ကျောင်းသားအုပ်စုသာ အာဏာရလာပါက အနောက် လိုလားသည့်  နိုင်ငံခြားဆက်ဆံရေးပေါ်ထွက်လာပြီး တရုတ်နှင့်ဆက်ဆံရေး ယိုယွင်း ကျဆင်းသွားနိုင်ဖွယ်ရှိသည်။
ပါကစ္စတန် လိုလားသော BNP နှင့် ဂျမ္မတ်အုပ်စုတက်လာပါက အိန္ဒိယနှင့်ဆက်ဆံရေး တင်းမာလာမည်မှာ သေချာသလောက်ရှိသည်။အဝါမီလိဂ်ပါတီအနေဖြင့်မူလတ်တလောကာလတွင်   လူထုသဘောထား   ပြောင်းပြန် ပြောင်းလဲသွားကာပြည်သူ့ချဉ်ဖတ်သဖွယ်ဖြစ်သွားခဲ့သဖြင့်အချိန်အတိုင်းအတာတစ်ခုအထိ နိုင်ငံရေးဆောင်းခိုကာလ(Political Hibernation)ကို ဖြတ်သန်းရဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။ အဝါမီလိဂ်အစိုးရနှင့် နှစ်ရှည်လများ မဟာမိတ်ဖြစ်ခဲ့သော တရုတ်နိုင်ငံအနေဖြင့် မိမိ၏ အကျိုးစီးပွားအရ မူဝါဒပြန်လည်ထိန်းညှိမှု ပြုလုပ်ရဖွယ်ရှိပြီး မည်သူပင်အနိုင်ရစေကာမူ အလုပ်ဖြစ်နိုင်သည့် လုပ်ငန်းသဘောဆက်ဆံရေးကို ထူထောင် ရဖွယ်ရှိပါသည်။သို့ရာတွင် ကျွဲလေးကောင်ခတ်သည့်အကြားမှ မြေစာပင်ဖြစ်နေရသည့်   ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အပေါ်ယံမြင်တွေ့ရန်ခက်ခဲသော   ကန့်လန့်ကာ နောက်ကွယ်တွင်မူ ဇာတ်ရှုပ်များ ပေါ်ပေါက်နိုင်ဖွယ်ရှိသည်။ ပထဝီနိုင်ငံရေးအရ ဘင်္ဂလားဒေ့ရှ်ကုန်းမြေ နယ်နိမိတ်၏ အများစုကို ဝိုင်းရံထားသော အိန္ဒိယနိုင်ငံကို ကလန်ကဆန်ပြုမိသည်နှင့် အိန္ဒိယနိုင်ငံမှ စီးဆင်းလာသောမြစ်ရေကို မှီခိုနေရသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွက် အကြောင်းဆိုးသွားနိုင်သည်များလည်းရှိသည်။
အလားတူပင်ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ကိုမဖြစ်မနေလိုအပ်နေသည့်တရုတ်နိုင်ငံအား နတ်မြစ်ဝထိပ်မှ  အနောက်အုပ်စုကထိန်းချုပ်ရန် အခွင့်ပေးလိုက်ပါက နိုင်ငံကာကွယ်ရေးတွင် တရုတ်စစ်လက်နက်ပစ္စည်းများကိုအားပြုနေရပြီး  နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှု၊တရုတ်နည်းပညာနှင့် တရုတ်ချေးငွေကို လိုအပ်သည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်  အိပ်မက်ဆိုးများ  ရောက်ရှိလာနိုင်သည်။ လက်ရှိအခြေအနေမှာ အရေးအခင်းကာလတွင်မင်းမဲ့စရိုက်များကြောင့်ဒေါ်လာ၁ဒသမ၂ဘီလီယံဖိုးခန့် အခြေခံအဆောက်အအုံများ  ပျက်စီးဆုံးရှုံးခဲ့ရပြီး အရေးအခင်းအလွန်ကာလတွင် အိန္ဒိယဘက်မှ မြစ်ရေလျှံကျစီးဆင်းလာမှုကြောင့် လူပေါင်း ၅ သန်းကျော်ရေဘေးကြုံတွေ့နေရကာအစားအစာ၊ဆေးဝါးနှင့်အဝတ်အထည်စသည့်အထောက်အပံ့များ အရေးပေါ် လိုအပ်နေသည်ဟုဆိုသည်။ စီးပွားရေးဘက်၌   ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏  အဓိက ဝင်ငွေရလမ်းတစ်ခုဖြစ်သည့်  အထည်ချုပ် လုပ်ငန်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အထိနာခဲ့ပြီး အော်ဒါမှာယူမှုများလည်း ကျဆင်းနေသည်ဟု ဆိုသည်။ဘဏ္ဍာရေးဘက်၌ နိုင်ငံခြားကြွေးမြီ ဒေါ်လာ ဘီလီယံ ၁၀၀ ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြွေးမြီနှင့် ပို့ကုန်အချိုးမှာ ၁၁၆ ဒသမ ၆ ရာခိုင်နှုန်း သို့ ရောက်ရှိနေသည်။ နိုင်ငံခြားသုံးငွေ အရန်ပမာဏမှာလည်းများစွာကျဆင်းနေပြီး  ဒေါ်လာ  ၁၈ ဘီလီယံခန့်သာရှိရာ သွင်းကုန် သုံးလစာခန့်အတွက်သာ လုံလောက်ရုံရှိသည်ဟု ဆိုသည်။ ထို့ကြောင့် ရှိတ်ဟာဆီနာ မနုတ်ထွက်ရမီကာလက တရုတ်နိုင်ငံမှ ဒေါ်လာဘီလီယံ  ၂၀  ချေးယူရန်  စီစဉ်ခဲ့သည်ဟုဆို၏။ အချုပ်အားဖြင့် သုံးသပ်ရပါမူ နှစ်ရှည်လများအထိုင်ကျနေသည့်တိုးတက်ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို ရုတ်ခြည်းပြောင်းပြန်လှန်ကာ အရာခပ်သိမ်းဖျက်သိမ်း မြေလှန်၍ အသစ်ပြန်လည်တည်ဆောက်မည်ဟုကြုံးဝါးနေချိန်တွင်နိုင်ငံအခြေအနေမှာ“သည်မိုး၊  သည်လေ၊  သည် လူတွေ”နှင့်  ရေရှည် မည်သို့ကူးခတ်ကြမည်ကို စောင့်ကြည့်ရန်သာ ရှိပါတော့သတည်း။        ။

Source-Myawady Webportal

ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၊ စူပါဆိုင်ကလုန်း)

Posted_Date

Image

ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၊ စူပါဆိုင်ကလုန်း)

Body

ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို Two Begums’ War (ဘွားတော်ကြီးနှစ်ဦး၏ စစ်ပွဲ)ဟု နိုင်ငံတကာရေးရာလေ့လာသူများက ဝိဂြိုဟ်ပြုလေ့ရှိကြသည်။ ဤအဆို သည်လည်း   မမှားပါ။  ၁၉၇၁  ခုနှစ်တွင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ပေါ်ပေါက်လာပြီးနောက်ပိုင်း  အဓိကနိုင်ငံခေါင်းဆောင် ငါးဦးသာရှိခဲ့ရာ ရှိတ်မူဂျီဘူရာမန်၊ ဗိုလ်ချုပ်ကြီး ဇီယာရာမန်၊  ဒုတိယဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက် အာရှတ်၊ ဘီဂမ်ခါလီဒါဇီယာ (ဗိုလ်ချုပ်ကြီး ဇီယာရာမန်၏ ဇနီး)နှင့် ဘီဂမ်ရှိတ်ဟာဆီနာ (ရှိတ်မူဂျီ ဘူရာမန်၏ သမီး)တို့ ဖြစ်ကြသည်။ ရှိတ်မူဂျီ ဘူရာမန်မှာ ၁၉၇၅ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး ဗိုလ်ချုပ်ကြီး ဇီယာရာမန်မှာ ၁၉၈၁ ခုနှစ်တွင် လုပ်ကြံခံခဲ့ ရသည်။ ယင်းနောက် ဆက်ခံသည့် ဒုတိယဗိုလ်ချုပ်ကြီး အာရှတ်မှာ ၁၉၉၀ ပြည့်နှစ်တွင် အတိုက်အခံနိုင်ငံရေးပါတီများ၏ အုံကြွဆန့်ကျင်မှုကြောင့် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။
ထိုမှနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အဓိကနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သော  ခါလီဒါဇီယာ ဦးဆောင်သည့် BNP ပါတီနှင့် ရှိတ်ဟာဆီနာ ဦးဆောင်သည့် အဝါမီလိဂ်ပါတီတို့ကသာ အားပြိုင်နေခဲ့ကြကာ တစ်လှည့်စီ အာဏာရနေခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီဟုဆိုသော်လည်း တစ်ပါတီအာဏာရလျှင်အတိုက်အခံပါတီက  လွှတ်တော်မတက်ဘဲ   သပိတ်မှောက်သည်။ရွေးကောက်ပွဲလုပ်သည့်အခါ   တစ်ဖက်နှင့်တစ်ဖက်   လုံးဝ မယုံကြည်သဖြင့် သမ္မတက ကြားဖြတ်အစိုးရဖွဲ့ကာ ရွေးကောက်ပွဲလုပ်ပေးရသည်။
ခါလီဒါဇီယာ၏ ပါတီက ၁၉၉၁ မှ ၁၉၉၆ အထိ အာဏာရခဲ့ပြီး ရှိတ်ဟာဆီနာက ၁၉၉၆ မှ ၂၀၀၁ အထိ အာဏာရခဲ့သည်။ တစ်ဖန် ခါလီဒါဇီယာက ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ အာဏာရခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်သဖြင့် ၂၀၀၆ မှ ၂၀၀၉ နှစ်စပိုင်းအထိ ကြားဖြတ်အစိုးရများက အုပ်ချုပ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင်    ရှိတ်ဟာဆီနာ၏ ပါတီရွေးကောက်ပွဲ အနိုင်ရပြီးသည့် နောက်ပိုင်းမှစ၍ ခါလီဒါဇီယာ၏ ပါတီမှာ  ခေါင်းမထောင်နိုင်တော့ပေ။  ကြားဖြတ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးရသည့် အခြေခံ ဥပဒေပြဋ္ဌာန်းချက်ကို ၂၀၁၁ ခုနှစ်တွင် အဝါမီလိဂ် ပါတီက  ပယ်ဖျက်လိုက်သည့်နောက်ပိုင်း၊  ၂၀၁၄ ခုနှစ်တွင်BNP  ပါတီက  ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင်   BNP  က  ရွေးကောက်ပွဲဝင်ခဲ့သော်လည်း မရှုမလှအရေးနိမ့်ခဲ့သည်။ BNP ပါတီက ရွေးကောက်ပွဲတွင် မဲမသမာမှု အလွန်များပြားကြောင်း စွပ်စွဲခဲ့သည်။ ၂၀၂၄ရွေးကောက်ပွဲ၌BNP ပါတီက ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့ပြန်သည်။
ဤသို့ဖြင့် ဘင်္ဂလားဒေ့ရှ်၏ နှစ်ပါတီနိုင်ငံရေး ဘတစ်ပြန်၊ ကျားတစ်ပြန် အုပ်စီးမှု (Duopoly) မှာ အာဏာရပါတီက လွှတ်တော်၌ တစ်ဖက်သတ် အုပ်စီးထားချိန်တွင် အတိုက်အခံပါတီက လွှတ်တော်ကို   သပိတ်မှောက်၊ ရွေးကောက်ပွဲကို သပိတ်မှောက်၊ တစ်နိုင်ငံလုံး အိမ်ထဲမှ အပြင်မထွက်ရဟု  အတင်းအကျပ်  အကြမ်းဖက်ပိတ်ဆို့သည့် ဟာတားလ် (Hatel)ခေါ် အထွေထွေသပိတ်ပြုလုပ် စသည်ဖြင့် ရွေးကောက်ပွဲပြင်ပလူအုပ်စု နိုင်ငံရေး ပြုလုပ်ကာ နိုင်ငံရေးတည်ငြိမ်မှုကင်းမဲ့နေခဲ့သည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားစသည့် လူ့အဖွဲ့အစည်းအသီးသီးတွင် နိုင်ငံရေးပါတီအလိုက်အသင်းအပင်းများ ဖွဲ့စည်းကာ အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည်။
အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင်လက်နက်ခဲယမ်းများ ရောယှက်ပါဝင်လာသောအခါ တက္ကသိုလ်ကျောင်းဝင်းများအတွင်း ကျောင်းသားအဆောင် တစ်ဆောင်နှင့်တစ်ဆောင် လက်နက်ငယ်များနှင့်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားသည်အထိ ဖြစ်ခဲ့သည်။ နိုင်ငံရေးပါတီများ၏ လူထုစည်းဝေးပွဲများတွင် ဗုံးဖောက်ခွဲမှု၊ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်မှု စသည့် နိုင်ငံရေးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ရှိတ်ဟာဆီနာ ကိုယ်တိုင်ပင်လျှင် အတိုက်အခံခေါင်းဆောင်ဘဝက ၂၀၀၄ ခုနှစ်တွင် လူထုစည်းဝေးပွဲတစ်ခု၌ လက်ပစ်ဗုံးဖြင့်  ပစ်ခတ်လုပ်ကြံခံခဲ့ရဖူးပြီး  အသက်ဘေးမှ  သီသီလေးလွတ်ခဲ့ရဖူးသည်။ ထိုအချိန်မှစ၍ ရှိတ်ဟာဆီနာနှင့် ခါလီဒါဇီယာတို့မှာ ကမ္ဘာကြေသော်လည်း ရန်ငြိုးမပြေသည့် ကမ္ဘာရန်များ ဖြစ်သွားခဲ့ကြရလေသည်။
၂၀၀၉ ခုနှစ်နောက်ပိုင်း ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီ ဆက်တိုက်အာဏာကို ကိုင်စွဲထားနိုင်ခဲ့သောအခါ အတိုက်အခံပါတီများနှင့် ဘာသာရေးအစွန်းရောက်  အကြမ်းဖက်အဖွဲ့အစည်းများကိုအင်အားသုံး၍   ဖိနှိပ်ချေမှုန်းခြင်းဖြင့်  နိုင်ငံရေးတည်ငြိမ်မှုကို အကြမ်းနည်းဖြင့် တည်ဆောက်ခဲ့သည်။ အခြားတစ်ဖက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် စီးပွားရေးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်ခဲ့သည်။
အကျိုးဆက်အနေဖြင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးမှာ   ရှိတ်ဟာဆီနာ၏   လက်ထက်တွင် သိသိသာသာ  တိုးတက်ခဲ့သည်။   ရှိတ်ဟာဆီနာ စတင်တာဝန်ယူသည့် ၂၀၀၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဂျီဒီပီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ   ၅   ဘီလီယံသာ  ရှိခဲ့ရာမှ  ၂၀၂၃  ခုနှစ်သို့ ရောက်သောအခါ ၄၃၇ ဒသမ ၄၂ ဘီလီယံ ရှိလာ ခဲ့ပြီး လေးဆကျော် ဖြစ်လာခဲ့သည်။ တစ်ဦးချင်း ဝင်ငွေမှာ ၂၀၀၉ ခုနှစ်တွင် ၆၉၈ ဒသမ ၅ ဒေါ်လာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၂၆၈၈ ဒေါ်လာသို့ ရောက်ရှိလာခဲ့သည်။ ထိုသို့ အထင်ကြီးလေးစားလောက်ဖွယ် အောင်မြင်မှုများရရှိလာသည်နှင့်အမျှ ရှိတ်ဟာဆီနာ က “ဘင်္ဂလားဒေ့ရှ်၏   ၂၀၄၁   မျှော်မှန်းချက်” (Bangladesh Vision 2041) ဆိုသည်ကို ထုတ်ဖော်လာခဲ့သည်။ အဆိုပါ မျှော်မှန်းချက်အရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ် အမြင့်ပိုင်း  ဝင်ငွေရှိသည့်နိုင်ငံ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၅၇၀၀)၊ ၂၀၄၁ ခုနှစ်တွင် ဖွံ့ဖြိုးပြီး ဝင်ငွေ မြင့်မားသည့်နိုင်ငံ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၁၂၅၀၀) အဖြစ် ရောက်ရှိလာစေရန် မျှော်မှန်းခဲ့ခြင်းဖြစ်သည်။
အခြေခံအဆောက်အအုံ အပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခင်က မမြင်ဖူး၊ မကြားဖူးသည့် မြစ်ကူးတံတားကြီးများ၊ အဝေးပြေးလမ်းမကြီးများ၊ဒါကာ-စစ်တကောင်း မြန်နှုန်းမြင့် ရထားလမ်း၊ ဒါကာမြို့ပတ်မြေအောက်ရထားလမ်း စသည်တို့ကို   (တရုတ်နိုင်ငံ၏   ချေးငွေနှင့်  နည်းပညာအကူအညီဖြင့်) တည်ဆောက်ခဲ့သည်။ စွမ်းအင်အပိုင်းတွင်လည်း   ဒါကာအနောက်မြောက်ဘက် ရုပ္ပူးဒေသ၌    စက်ရုံတစ်ရုံလျှင်   ၁၂၀၀  မဂ္ဂါဝပ် စွမ်းအားရှိ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှစ်ရုံကို(ရုရှားနည်းပညာဖြင့်) တည်ဆောက်ခဲ့သည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ တတိယသက်တမ်း (၂၀၁၉-၂၀၂၃) ကုန်ဆုံးလုနီးကာလ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အနေအထားမှာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင်လည်း ကမ္ဘာပေါ် ၌ စီးပွားရေးတိုးတက်မှုနှုန်း အမြန်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်နေသကဲ့သို့ နိုင်ငံရေးအပိုင်းတွင်လည်း အတိုက်အခံမှန်သမျှကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ထားမှုကြောင့် အတော်ပင် တည်ငြိမ်နေပြီဖြစ်သည်။ အကြမ်းဖက်အုပ်စုများကိုလည်း RAB (Rapid Action Battalion)အထူးတပ်ဖွဲ့ဖြင့် ပိုက်စိပ်တိုက်နှိမ်နင်းခဲ့သဖြင့် အကြမ်းဖက်ခေါင်းဆောင်အများစုမှာ သေသူသေ၊ ထောင်ကျသူကျ၊ တောထဲတောင်ထဲသို့ထွက်ပြေးသူပြေးဖြင့် အင်အားပြိုကွဲလျက်ရှိသည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအပေါ် လူထု၏ထောက်ခံမှုမှာလည်း လူထုသဘောထားစစ်တမ်းများအရ ၇၀ ရာခိုင်နှုန်း ရှိနေရာ  ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက်  သပိတ်ဝင်အိတ်ဝင်  အနိုင်ရမည့်အခြေအနေဟု ဆိုနိုင်လေသည်။
သို့တိုင်အောင်   ၂၀၂၄   ခုနှစ်  ဇန်နဝါရီလရွေးကောက်ပွဲ၌  အနိုင်ရပြီး   ရှစ်လအကြာတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှာ ချက်ပြီး ထမင်းဟင်းများကိုပင် မစားလိုက်ရဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် နိုင်ငံမှထွက်ခွာသွားခဲ့ရသည့်အဖြစ်မှာ မယုံနိုင်လောက်အောင်ပင်  ဆန်းကြယ်လွန်းလှသည်။  အဘယ် အကြောင်းတရားများကြောင့် ထိုသို့ ဖြစ်ခဲ့ရပါသနည်း။


အတိုက်အခံတို့၏ နည်းဗျူဟာ


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို “ဇိကုပ်၍ နတ်ပြည်တင်” လိုသည့် ရှိတ်ဟာဆီနာ၏ စီမံကိန်းမှာ ခြောက်ပြစ် ကင်းသဲလဲစင် အောင်မြင်သည်တော့ မဟုတ်ပေ။ နှစ်ရှည်လများနှိပ်ကွပ်ခံခဲ့ကြရသည့်အတိုက်အခံများက ရှိတ်ဟာဆီနာနှင့်အဝါမီလိဂ်ပါတီကိုဆတ်ဆတ်ခါအောင်နာကြည်းခဲ့ကြသည်။ ၂၀၂၄ ရွေးကောက်ပွဲနီးကပ်လာချိန်၌ အတိုက်အခံတို့၏ နိုင်ငံရေးနည်းဗျူဟာမှာ ပြည်တွင်းလွှတ်တော်နိုင်ငံရေး၌ အဝါမီလိဂ်ပါတီကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်သဖြင့်လွှတ်တော်ပြင်ပလူထုအုံကြွ ဆန့်ကျင်လှုပ်ရှားမှုဖြင့် ရှိတ်ဟာဆီနာ အစိုးရကို ဖြုတ်ချရန်၊ နိုင်ငံတကာနယ်ပယ်တွင် အဝါမီလိဂ် ပါတီ၏ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ ရွေးကောက်ပွဲမသမာမှုနှင့် ဒီမိုကရေစီကိုဆန့်ကျင်၍ အတိုက်အခံများကို အဓမ္မဖိနှိပ်မှုများကို အကြောင်းပြု၍ နိုင်ငံတကာဒီမိုကရေစီဦးဆောင်နိုင်ငံများ (အနောက်နိုင်ငံများ)နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ ချဉ်းကပ်ကာ ရှိတ်ဟာဆီနာအစိုးရကို ဖိအားပေးစေရန်ဟူသည့် နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်ရန်ဖြစ်လေသည်။
ရွေးကောက်ပွဲမတိုင်မီကာလ လူထုအုံကြွဆန့်ကျင်မှုနည်းလမ်းမှာမူ များစွာမအောင်မြင်လှပေ။ အဓိကအကြောင်းရင်းမှာ အတိုက်အခံ BNP ၏ ခေါင်းဆောင်ပိုင်း   အားလုံးလိုလိုမှာ  လှုပ်မရအောင် ဖိနှိပ်ခံထားရသဖြင့် ဦးဆောင်မှု ကင်းမဲ့နေခြင်းကြောင့်ဖြစ်၏။ BNP ပါတီ ဥက္ကဋ္ဌ ခါလီဒါဇီယာမှာအဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ကျနေပြီး ကျန်းမာရေးလည်း အကြီးအကျယ်ချို့ယွင်းကာ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးရောဂါပေါင်းစုံဖြင့် အိပ်ရာထဲ၌ လဲနေသည်။ ခါလီဒါဇီယာ၏ သား တာဂျစ်ရာမန်မှာလည်း အဂတိလိုက်စားမှုဖြင့် မျက်ကွယ်တွင် တရားစီရင်ပြစ်ဒဏ်ချခံထားရကာ ဗြိတိန်နိုင်ငံတွင် တိမ်းရှောင်နေရသည်။  အခြား ထိပ်တန်းပါတီခေါင်းဆောင်များနှင့်  အလယ်အလတ်တန်း ခေါင်းဆောင်များမှာလည်း ရာနှင့်ချီ၍ ထိန်းသိမ်းခံထားရသည်။ ထို့ကြောင့် လူထုအုံကြွမှုပြုလုပ်သော်လည်း မှန်းသလောက် လူမစုနိုင်သည့်အပြင် ရဲတပ်ဖွဲ့၏ အင်အားသုံး နှိမ်နင်းမှုကိုခံရသဖြင့် အရေးနိမ့်ခဲ့ရသည်။
လူ့အခွင့်အရေးနှင့်ပတ်သက်သည့် နိုင်ငံတကာဖိအားပေးရေးနည်းလမ်းမှာမူ အတော်အတန် အလုပ်ဖြစ်ခဲ့သည်ဟုဆိုနိုင်သည်။  အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများက  တရုတ်နှင့် ရုရှားနိုင်ငံတို့အပေါ် ပိုမိုမှီခိုလာသည့် ဘင်္ဂလားဒေ့ရှ်အစိုးရအား အမြင်မကြည်လင်တော့သည့်အလျောက်  လူ့အခွင့်အရေးကို အကြောင်းပြကာ သံတမန်ရေးနှင့် နိုင်ငံရေးအရ လှည့်ပတ်၍ ပြဿနာရှာကာ  ဖိအားပေးခဲ့သည်။  ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု ကျော်စောသတင်းရှိသူများနှင့် အကြမ်းဖက်အုပ်စုများအား နှိမ်နင်းရာတွင် အလွန်အကျွံအင်အားသုံးသည်ဟု  စွပ်စွဲခံရသည့် RAB အထူးတပ်ဖွဲ့ခေါင်းဆောင်များကို အမေရိကန်သို့ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းခဲ့သည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃   ခုနှစ်တွင်   အမေရိကန်၌  ကျင်းပသည့် ဒီမိုကရေစီနိုင်ငံများ ထိပ်သီးညီလာခံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  မဖိတ်ကြားဘဲ  ဖယ်ကြဉ်ထားခဲ့သည်။ အမေရိကန်ထိပ်တန်းအရာရှိများကို စေလွှတ်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးမထားလျှင် ဘင်္ဂလားဒေ့ရှ်နှင့်  ပူးပေါင်းဆောင်ရွက်မှုများကို လျှော့ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ရှိတ်ဟာဆီနာနှင့် အဝါမီလိဂ်ပါတီ ခေါင်းဆောင် များကလည်း အနောက်နိုင်ငံများ၏ ဖိအားပေးမှုကို ခေါင်းငုံ့မခံဘဲ တုံ့ပြန်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ဘင်္ဂလားဒေ့ရှ်လွှတ်တော်၌   ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက မိန့်ခွန်းပြောကြားခဲ့ရာတွင် အမေရိကန်နိုင်ငံကိုတဲ့တိုးပင်ဖော်ထုတ်၍ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။  ရှိတ်ဟာဆီနာက အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်တွင် ဒီမိုကရေစီကို ဆိတ်သုဉ်းအောင်ပြုလုပ်နေပြီး  ဒီမိုကရေစီ မကျင့်သုံးသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာစေရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ အမေရိကန်သည် ဒီမိုကရေစီစံနှုန်းများအား အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်လွန်၍ ကျင့်သုံးမှုမရှိ (ပြည်ပနိုင်ငံများတွင် ဒီမိုကရေစီကို ဘေးချိတ်ထားကာ ဝင်ရောက်စွက်ဖက်သည်)ဟုဆိုခဲ့သည်။  “သူတို့က  ဘယ်နိုင်ငံက   အစိုးရကိုမဆို  ဖြုတ်ချနိုင်တယ်။  အထူးသဖြင့်  မွတ်စလင်နိုင်ငံတွေကတော့  ပိုပြီးဆိုးတာပေါ့”ဟု ဟာဆီနာက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက ရှိတ်ဟာဆီနာ၏အာဏာရပါတီကို  တစ်ဖက်က ဖိအားပေးခဲ့သလို အခြားတစ်ဖက်တွင်လည်း အတိုက်အခံအုပ်စုများနှင့် ပိုမိုထိတွေ့ဆက်သွယ်လာခဲ့ရာ  အဝါမီလိဂ်နှင့် အမေရိကန်ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့လေသည်။


၂၀၂၄ ခုနှစ်ရွေးကောက်ပွဲနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များ


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အဓိက အတိုက်အခံ BNP ပါတီက ၄၈ နာရီ ပြည်လုံးကျွတ် သပိတ်မှောက်ကြရန် လှုံ့ဆော်နေသည့်အကြားမှ ဇန်နဝါရီလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။   ဆန္ဒမဲပေးရန် မှတ်ပုံတင်ထားသူ ၁၁၉ သန်းအနက်မှ သန်း ၅၀ ကျော်လာရောက် မဲပေးခဲ့ကြပြီးဆန္ဒမဲပေးသူ ရာခိုင်နှုန်းမှာ ၄၁  ရာခိုင်နှုန်း ကျော်ဖြစ်သည်ဟုဆိုသည်။ လွှတ်တော်တစ်ရပ်တည်းသာရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ခံအမတ်နေရာ  ၃၀၀  ရှိသည့်အနက် ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီက ၂၂၄ နေရာ (၇၄ ဒသမ ၆) ရာခိုင်နှုန်း အနိုင်ရရှိသည်။   အာရှတ်ထူထောင်ခဲ့သည့်  ဂျာတီယပါတီက  ၁၃  နေရာ၊ ပါတီငယ်သုံးခုက သုံးနေရာနှင့်အဝါမီလိဂ်နှင့် နီးစပ်သော တစ်သီးပုဂ္ဂလများက  ၆၂  နေရာ ရရှိသည်ဟုဆိုသည်။ အဓိကအတိုက်အခံပါတီများ ဖြစ်သော BNP နှင့် ဂျမ္မတ်အီ အစ္စလာမီပါတီတို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။  
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အစိုးရအဖွဲ့သစ်နှင့်အတူ အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ရှိတ်ဟာဆီနာသည် စတုတ္ထသက်တမ်းအတွက် ဝန်ကြီးချုပ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အသက်အရွယ်အနေအထားအရ ဤသက်တမ်းသည် ရှိတ်ဟာဆီနာ၏ နိုင်ငံရေးဘဝတွင် နောက်ဆုံးတာဝန်ထမ်းဆောင်ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။
သို့ရာတွင် အတိုက်အခံများနှင့် အဝါမီလိဂ်အစိုးရကိုဖြုတ်ချလိုသူ ပယောဂများကမူ ဤနောက်ဆုံးသက်တမ်းပြီးဆုံးသွားသည်အထိပင် စောင့်ဆိုင်းလိုဟန် မရှိပေ။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအကြိုနှင့်  ရွေးကောက်ပွဲလွန်ကာလများတွင် နိုင်ငံရေးလှုပ်ရှားမှုများကို  သိုသိပ်စွာ စတင်ခဲ့ကြသည်။


ကျွဲလေးကောင်အကြားမှ မြေစာပင်ဘဝ


အင်အားကြီးအုပ်စုနှစ်ခု၏အားပြိုင်မှုအကြားမှ နိုင်ငံငယ်တစ်ခု၏ဘဝကို ကျွဲနှစ်ကောင်ခတ်သည့်အကြားမှ မြေစာပင်နှင့်နှိုင်းကြသည်ဟုဆိုပါလျှင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ အဖြစ်သနစ်မှာမူ “ကျွဲလေး ကောင်အကြားမှ မြေစာပင်” ဟု ဆိုရဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့မဟာဗျူဟာအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့်အမေရိကန်တို့၏ အားပြိုင်မှုအကြား၌လည်းကောင်း၊ တောင်အာရှ အင်အားကြီးနှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့်  ပါကစ္စတန်တို့၏  အားပြိုင်မှုအကြား၌လည်းကောင်း ကျရောက်နေခဲ့ရသောကြောင့် ဖြစ်ပါ၏။
ရှိတ်ဟာဆီနာ၏  အဝါမီလိဂ်ပါတီအစိုးရမှာ နောက်ပိုင်းတွင် အိန္ဒိယ၊ တရုတ်တို့နှင့် ပိုမို နီးကပ်စွာ ဆက်ဆံခဲ့သည်ကို တွေ့မြင်ရသည်။ အတိုက်အခံဖြစ်သော BNP နှင့် ဂျမ္မတ်အီ အစ္စလာမီပါတီတို့မှာ ပါကစ္စတန်နှင့် အနောက်အုပ်စုတို့နှင့် ပို၍ အလွမ်းသင့်သည်။
ရှိတ်ဟာဆီနာနှင့်အနောက်အုပ်စုတို့၏ သဘောထားကွဲပြားတင်းမာမှုမှာ ရွေးကောက်ပွဲလွန်ကာလတွင် ပို၍ထင်ရှားသိသာလာသည့်သဘောကို တွေ့မြင်ရပါသည်။   ၂၀၂၄   ခုနှစ်  ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲရလဒ်ကို အိန္ဒိယ၊ တရုတ်နှင့် ရုရှား နိုင်ငံတို့က  လျင်မြန်စွာ အသိအမှတ်ပြု ချီးကျူး ဂုဏ်ပြုခဲ့ကြသော်လည်း၊ အမေရိကန်နှင့် ဗြိတိန်တို့ကမူ လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲမဟုတ်ဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ရှိတ်ဟာဆီနာကလည်း အနောက်အုပ်စု၏ လျှို့ဝှက်ကြံစည်မှုကို  ၂၀၂၄   ခုနှစ်  မေလတွင် ထုတ်ဖော်ဖွင့်ချခဲ့သည်။   မေလ  ၂၃  ရက်နေ့တွင် မဟာမိတ် ၁၄ ပါတီ တွေ့ဆုံသည့် အစည်းအဝေး၌ ရှိတ်ဟာဆီနာက  “ဘင်္ဂလားဒေ့ရှ် (စစ်တကောင်းဒေသ)နှင့်  မြန်မာနိုင်ငံမှ  နယ်မြေများပါဝင်သည့် အရှေ့တီမောကဲ့သို့ အလားတူ ခရစ်ယာန်နိုင်ငံသစ်တစ်ခုကို ဖန်တီးရန်အတွက် ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ဒေသ၌ လေတပ်စခန်းတစ်ခု တည်ဆောက်ခွင့်ပေးရန်  လူဖြူတစ်ဦးက ရွေးကောက်ပွဲမတိုင်မီ ကာလက မိမိထံလာရောက် ကမ်းလှမ်းခဲ့ကြောင်း၊ ဤကိစ္စကိုသဘောတူပါက  ရွေးကောက်ပွဲတွင် မည်သည့်အနှောင့်အယှက်အဟန့်အတားမျှ မဖြစ်စေဘဲ အောင်မြင်စွာပြီးစီးစေရမည်ဟု အာမခံခဲ့ကြောင်း” ပြောကြားခဲ့သည်။ “ထိုကမ်းလှမ်းမှုကို မိမိက သဘောမတူ ပယ်ချခဲ့ခြင်းသည်ပင်လျှင် ထိုသူတို့အတွက် မိမိ၏  အကြီးဆုံးပြစ်မှုကြီးဖြစ်သွားခဲ့ကြောင်း၊ ရှေ့ဆက်၍လည်း ဒုက္ခပေးလာဖွယ်ရှိ‌ကြောင်း၊ သို့သော် မစိုးရိမ်ကြစေလိုကြောင်း” လည်း ဟာဆီနာက ပြောကြားခဲ့သည်။
ရှိတ်ဟာဆီနာက လာရောက်ချဉ်းကပ်သူ လူဖြူသည် မည်သည့်နိုင်ငံမှ ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ခြင်း မရှိသော်လည်း   အဝါမီလိဂ်ပါတီ၏   ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆာဒ်ရူး အာမက်ခန်းကမူ အမေရိကန်သည် နတ်မြစ်ဝရှိ စိန့်မာတင်ကျွန်း၌ ရေတပ်စခန်းဌာနချုပ်တစ်ခု တည်ဆောက်ထားရှိခွင့်ရရေး ကြိုးပမ်းနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် NUG နှင့်PDF ကဲ့သို့ အစိုးရဆန့်ကျင်ရေး အင်အားစုများနှင့် မြန်မာနိုင်ငံချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင် ကူကီး-ချင်း သူပုန်များကို ထောက်ပံ့ကူညီနိုင်ရေးအတွက် တောင်အာရှဒေသကိုဖြတ်၍ လမ်းကြောင်း ဖောက်လုပ်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားလှကြောင်း၊  အိန္ဒိယသတင်းစာတစ်စောင်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
မဟာမိတ် ၁၄ ပါတီနှင့် တံခါးပိတ်ဆွေးနွေးရာ၌ မိမိတို့အစိုးရကို ဖြုတ်ချရေးအတွက်  လျှို့ဝှက် ကြံစည်မှုများရှိနေပြီး၊   မိမိသည်လည်း  မိမိ၏ ဖခင် (ရှိတ်မူဂျီဘူရာမန်)ကဲ့သို့ ကံကြမ္မာမျိုးဖြင့် တွေ့ကြုံ ရနိုင်ကြောင်း၊ သို့သော် မိမိကတော့ အောက်ကျို့ အရှုံးပေးမည်မဟုတ်ကြောင်းလည်း ရှိတ်ဟာဆီနာ က ပြောကြားခဲ့သည်ဟု ဆိုသည်။


ယမ်းအိုးနှင့်မီးပွား


ရှိတ်ဟာဆီနာအနေဖြင့် သူ့ကိုဖြုတ်ချရန် လျှို့ဝှက်ကြံစည်နေမှုအပေါ်   ကြိုတင်သိရှိခဲ့သည့်တိုင်အောင် အခြေအနေကို ကောင်းစွာထိန်းသိမ်း ကျော်လွှားနိုင်လိမ့်မည်ဟု စိတ်ချယုံကြည်ခဲ့ဟန် တူသည်။ ရွေးကောက်ပွဲကိုလည်း သောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီးပြီ။ လူထုထောက်ခံမှုလည်း ရှိနေသည်။ အတိုက်အခံ အများစုကိုလည်း ထိန်းချုပ်ထားသည်။ ဘင်္ဂလားဒေ့ရှ်ကြည်းတပ်ဦးစီးချုပ်ကိုလည်း ဟာဆီနာ၏ လူယုံတစ်ဦးဖြစ်၊ တူမဝမ်းကွဲ၏ ခင်ပွန်းလည်းဖြစ်သော ဗိုလ်ချုပ်ကြီး ဝါကာဥဇမန်ကို စစ်ဦးစီး အရာရှိချုပ်(ကြည်း)အဖြစ်  ရွေးကောက်ပွဲမတိုင်မီကလေးတွင်ပင်ခန့်ထားခဲ့ပြီး  ရာထူးသက်ခြောက်လမျှနှင့်ပင် ကြည်းတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းဖြင့် စိတ်ချရအောင် ပြုလုပ်ထားခဲ့သည်။
သို့ရာတွင်  နိုင်ငံရေးစစ်တုရင်ပွဲ၌  တစ်ဖက်မှ ယှဉ်ပြိုင်ကစားနေသူများတွင်လည်း အားသန်သည့် ကစားကွက်များရှိနေသည်။ ရွေးကောက်ပွဲဖြင့် တင်မြှောက်ထားသည့် အစိုးရတစ်ရပ်တွင် တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားရေးကို တရားဝင်ဆောင်ရွက်ခွင့်ရှိရာ ယင်းကို  နိုင်ငံရေးအန်တုမှုဖြင့်  လူထုအုံကြွဖြုတ်ချရေးမှာ  လွယ်ကူသည့် ကိစ္စတော့မဟုတ်ပေ။
ပထမဆုံးလိုအပ်ချက်မှာ အုံကြွမှုတွင်ပါဝင်မည့် လူထု၌  အစိုးရအပေါ်   မကျေနပ်သည့်စိတ်များ အခြေခံအားဖြင့်ရှိနေရေးဖြစ်သည်။  ယင်းမှာ ပေါက်ကွဲလွယ်သည့် ယမ်းအိုးကြီးနှင့် တူသည်။ ထို့နောက် လူထု၏ မကျေနပ်စိတ်များကို ပေါက်ကွဲသွားအောင် ဖောက်ခွဲပစ်နိုင်သည့် ပြဿနာ မီးပွားတစ်ခု ပေါ်ပေါက်လာပါက ယင်းမီးပွားကို စနက်တံ၌  ရှို့၍  အစပျိုးပေးလိုက်ကာ  အခြေအနေကို ထိန်းမရအောင်ဖောက်ခွဲလိုက်ရန်ဖြစ်သည်။ ယင်းလုပ်ငန်းကိုတက်တက်ကြွကြွ  ဦးဆောင် လုပ်ကိုင်ပေးမည့် တက်ကြွလှုပ်ရှားသူများကိုမူ ကြိုတင်မွေးမြူ စုစည်းထားရန်လိုသည်။
ဘင်္ဂလားဒေ့ရှ်အရေးအခင်းတွင် အခြေခံယမ်းအိုးမှာ အခြေခံပြည်သူလူထု၏ စားဝတ်နေရေး မပြေလည်မှုဖြစ်သည်။ ရှိတ်ဟာဆီနာလက်ထက်တွင် နိုင်ငံ၏စီးပွားရေး တစ်ဟုန်ထိုး တိုးတက်ခဲ့သည် မှန်သော်လည်း၊   စီးပွားရေးတိုးတက်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုကလိုက်ပါလာပြီး အခြေခံလူသုံးကုန်နှင့်စားကုန်ဈေးနှုန်းတို့ ကြီးမြင့်လာသည်။  သို့သော် အောက်ခြေလူတန်းစားတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့်ဝင်ငွေက လုံလောက်အောင် တိုးတက်မလာသဖြင့် မကျေနပ်မှုများ ရှိနေကြသည်။ ဤအထဲတွင် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူယှဉ်တွဲပါလာလေ့ရှိသော ဗျူရိုကရေစီယန္တရား၏ အကျင့်ပျက်ခြစားမှုနှင့်အောက်ခြေလူထုအပေါ် ဖိစီးအနိုင်ကျင့်မှုများကအစိုးရကို အမြင်ဆိုးများဖန်တီးပေးခဲ့သည်။  ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးမတည်ငြိမ်မှုနှင့်  အတိုက်အခံများအား စုပြုံဖမ်းဆီးမှုများကလည်း  အတိုက်အခံဘက်နှင့် နှီးနွှယ်သူများ၏ နာကြည်းမုန်းတီးမှုများကို ကြီးထွားစေခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)

Source-Myawady Webportal

ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (အရှေ့အလယ်ပိုင်းမှ ကမ္ဘာဆုံးတိုင်ပဋိပက္ခ)

Posted_Date

Image

ကြက်ဥအယောင် တိမ်တောင်သဖွယ်  မင်းရေးကျယ် (အရှေ့အလယ်ပိုင်းမှ ကမ္ဘာဆုံးတိုင်ပဋိပက္ခ)

Body

ဤနေရာဒေသတွင် ကမ္ဘာ့ရှေးအကျဆုံး ယဉ်ကျေးမှု လူ့အဖွဲ့အစည်း  Civilization    စတင်ခဲ့သည်။ ဤနေရာမှာပင် ကမ္ဘာ့အရှည်ကြာဆုံး ပဋိပက္ခက ရှိနေပြန်သည်။  ဤနေရာ၏ အမည်သညာ ခေါ်တွင် ရာကား “အရှေ့အလယ်ပိုင်းဒေသ” ဖြစ်လေသည်။ 

စင်စစ်၌ “အရှေ့အလယ်ပိုင်း”   ဆိုသည်မှာ အနောက်တိုင်းသားတို့၏   သူတို့ရပ်တည်ရာမှ လှမ်းမျှော်ကြည့်သည့် အခေါ်ဖြစ်၏။  ပထဝီဝင် ဘာသာရပ်ဆိုင်ရာအမည်ကား  အနောက်အာရှ၊ ဒေသခံအာရပ်တို့၏အခေါ်ကား   “အယ်လ်ရှတ် အယ်လ်အော်ဆတ်” (Alsharq Al’ Awsat) (အရှေ့ အလယ်ပိုင်း) သို့မဟုတ်   မာရှရစ်   (Mashriq) (နေထွက်ရာအရပ်)ဟု ခေါ်ကြသည်။  ယင်းမာရှရစ် နယ်မြေမှ  အနည်းငယ်ပိုကျဉ်း၍    ယခုခေတ် ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ဂျော်ဒန်တို့ ပါဝင်သော နယ်မြေကိုမူ လီဗန့် (Levant) (အရှေ့)ဟု ခေါ်သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခသည် အခြေခံအား ဖြင့် ဂျူးလူမျိုးနှင့် အာရပ်လူမျိုးစုတို့၏ ပဋိပက္ခ ဖြစ်၏။ နောင်သော် ကိုးကွယ်ရာ ဘာသာများအကြား ပဋိပက္ခအသွင်ပါ ဆောင်လာ၍ ရဟူဒီဘာသာဝင် (ဂျူး)များနှင့် အစ္စလာမ်ဘာသာဝင်(အာရပ်ဆွန္နီ)၊ ပါရှန်(ရှီယိုက်)တို့၏ ပဋိပက္ခအဖြစ်လည်း ကျယ်ပြန့် လာသည်။   

ဤပဋိပက္ခ၏ စတင်မြစ်ဖျားခံရာမှာ ကမ္ဘာဦး အစကပင် ဖြစ်သည်ဟု ဆိုနိုင်သည်။  ခရစ်ယာန် ဘာသာဝင်တို့၏ ဓမ္မဟောင်းကျမ်း (Old Testa-ment) အပါအဝင်ဖြစ်သော အာဒီကပ္ပ ကမ္ဘာဦးကျမ်း (The Book of Genesis) အရ  ဣသရေလ လူမျိုး (အစ္စရေး) များနှင့် အာရပ်လူမျိုးများသည် ဧဗြာဟံ (Abram)ဟုခေါ်သော နယ်မြေအကြီးအကဲ တစ်ဦး ထံမှ  ဆင်းသက်လာခဲ့သည့် ဖအေတူ၊ မအေကွဲ ညီနောင်များဖြစ်သည်ဆို၏။  ဧဗြာဟံနှင့်   ဇနီးကြီး ဆာရာ (Sarah) တို့မှ မွေးဖွားသူ အီဆတ်(Isaac) (သားငယ်)နှင့် ကိုယ်လုပ်တော် မောင်းမငယ် ဟာဂါ (Hagar)တို့မှ အလျင် မွေးဖွားသူ အစ္စမေး(Ismael) တို့အကြား မိခင်ချင်းမပြေနိုင်သည့် အာဃာတများမှ တစ်ဆင့် အမွေဆက်ခံလာသည့် ပဋိပက္ခများက ယနေ့ထက်တိုင်   စစ်မီးများ    မငြိမ်းနိုင်သေးဘဲ တောက်လောင်နေဆဲ ဖြစ်၏။

မြေပြင်မှ သမိုင်းအထောက်အထားများအရ လည်း ရှေးယခင်ကစ၍ ဤဒေသတွင် အစ္စရီလိုက်၊ ဖီလစ္စတင်းနှင့် အီဂျစ်လူမျိုးစုများအကြား အားပြိုင် စစ်ထိုး လွှမ်းမိုးမှုများဖြင့် ပဋိပက္ခများ  စဉ်ဆက် မပြတ်  ရှိနေခဲ့သည်။   ရောမ၊ အောတိုမန်၊ ပါရှန်၊ အစ္စလမ္မစ်ခါလီဖိတ် အင်ပါယာများ ခေတ်တွင်လည်း ဤနယ်မြေ၌ စစ်မီးမငြိမ်းခဲ့၊ ခေတ်များပြောင်းကာ ၂၀ ရာစု စက်မှုခေတ်တိုင်အောင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့၌လည်း ဤနယ်မြေမှာ အေးချမ်း သည်ဟု မရှိခဲ့ပေ။

အာရပ်-အစ္စရေး စစ်ပွဲများ

ရောမအင်ပါယာလက်ထက် အေဒီ ၁ ရာစု ခန့်မှစ၍ အစုလိုက်အပြုံလိုက်  နေရပ်မှ  စွန့်ခွာ ကြရကာ နိုင်ငံပျောက်ခဲ့ရသော ဂျူးလူမျိုးများသည် ကမ္ဘာအရပ်ရပ်၌ ပြန့်ကျဲနေထိုင်ကြရာမှ  ပထမ ကမ္ဘာစစ်အပြီး ဗြိတိသျှကာကွယ်စောင့်ရှောက်မှု အောက်တွင် ယင်းတို့၏ မူလဘူတနယ်မြေဒေသသို့ ပြန်လည်ဝင်ရောက် အခြေချကြရာတွင် ထိုနယ်မြေ များ၌ နှစ်ပေါင်းထောင်နှင့်ချီ၍  နေထိုင်အခြေကျ ခဲ့ကြပြီးဖြစ်နေသော ပါလက်စတိုင်း အာရပ်များနှင့် ပဋိပက္ခ ဖြစ်ကြရပြန်တော့သည်။ 

ဒုတိယကမ္ဘာစစ်လွန်သော်   ကုလသမဂ္ဂ၏ ကြားဝင်ဖြေရှင်းမှုဖြင့် ၁၉၄၈ ခုနှစ်တွင် ထိုဒေသကို အစ္စရေးနှင့်  ပါလက်စတိုင်းဟု  လူမျိုးအလိုက် နှစ်နိုင်ငံခွဲခြား သတ်မှတ်ပေးခဲ့သော်လည်း၊ ပါလက် စတိုင်း အာရပ်တို့အတွက် နယ်မြေခွဲဝေမှု နည်းပါး သည်ဟု ယူဆသဖြင့်   မကျေမနပ်သောကြောင့် လည်းကောင်း၊  အာရပ်ဒေသအတွင်း ကမ္ဘာ့ရန်ဖြစ် သော ရဟူဒီဘာသာဝင် ဂျူးလူမျိုးတို့  နိုင်ငံသစ် ထူထောင်လာမည်ကို မရှုဆိတ် လက်မခံလိုသော အာဃာတစိတ်ကြောင့်လည်းကောင်း၊ ဂျူးနိုင်ငံသစ် ထူထောင်သည့် ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့မှစ၍ ပတ်ဝန်းကျင်မှ  အာရပ်ငါးနိုင်ငံက  အစ္စရေးကို ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် အာရပ်-အစ္စရေး ပထမ စစ်ပွဲ ဖြစ်ပွားခဲ့ရသည်။

ထိုစစ်ပွဲတွင် အစ္စရေးတို့က    အနိုင်ရရှိခဲ့ပြီး အတင်းအကျပ်နှင်ထုတ်ခဲ့မှုကြောင့် ပါလက်စတိုင်း၊ အာရပ် ၇၅၀၀၀၀  ခန့်မှာ   နယ်မြေပျောက်၍ ဒုက္ခသည်ဘဝသို့ ရောက်ရှိသွားခဲ့ရသည်။  ယခုအခါ ပါလက်စတိုင်းဒုက္ခသည်   ခြောက်သန်းခန့်ရှိနေပြီး အများစုမှာ အစ္စရေးနယ်နိမိတ်မျဉ်းမှ ကီလိုမီတာ ၁၀၀ (၆၂ မိုင်)အတွင်း နေထိုင်ကြရသည်ဟုဆိုသည်။  သုံးပုံတစ်ပုံခန့်မှာ လက်ဘနွန်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင် (ပါလက်စတိုင်း  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ)တို့ရှိ ဒုက္ခသည် စခန်း ၅၈ ခုတွင် နေထိုင်ကြရသည်။   

လက်ရှိ အခြေအနေတွင် စတုရန်းမိုင် ၁၄၀ ခန့် သာရှိသော ဂါဇာကမ်းမြောင်ဒေသ၌ ပါလက်စတိုင်း လူမျိုးနှစ်သန်းကျော်  နေထိုင်လျက်ရှိကြသည်။ (ယခုဖြစ်ပေါ်နေသော ပဋိပက္ခကြောင့်  ပါလက် စတိုင်း ၅၀၀၀၀ နီးပါး သေဆုံးခဲ့ပြီ ဖြစ်သည်ဟု ဆိုပါသည်။)

၁၉၄၈ ခုနှစ် စစ်ပွဲပြီးနောက်တွင် ၁၉၅၆ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၂ ခုနှစ်တို့တွင် အာရပ်-အစ္စရေးစစ်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။   သို့သော်လည်း     ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ကြိုးပမ်းအားထုတ်မှုများ လုံးလုံးလျားလျား ကင်းမဲ့ နေသည်တော့ မဟုတ်ပေ။ ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံဖြစ်ပြီး   အစ္စရေးကို ကူညီစောင့်ရှောက်ပေးနေ သည့် နိုင်ငံလည်းဖြစ်သော အမေရိကန်နိုင်ငံ၏ ကမကထပြုမှုဖြင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့ အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများလည်း ပြုလုပ် ခဲ့ကြပြီး  ၁၉၇၈ခုနှစ် အမေရိကန် သမ္မတ ကာတာ လက်ထက်တွင် ဒေးဗစ်စခန်း သဘောတူညီချက်၊ သမ္မတကလင်တန်လက်ထက်တွင်  ၁၉၉၃ ခုနှစ် အော့စလိုသဘောတူညီချက် (ပထမအကြိမ်)နှင့် ၁၉၉၅ ခုနှစ် အော့စလိုသဘောတူညီချက် (ဒုတိယ အကြိမ်) တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ 

ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် သီးခြားနှစ်နိုင်ငံ (Two State) ထူထောင်ရေး အယူအဆ

အမေရိကန်နိုင်ငံတွင် သဘောထားပျော့ပျောင်း သည့် ဒီမိုကရက်ပါတီသမ္မတများ (ဂျင်မီကာတာနှင့် ဘီလ်ကလင်တန်) လက်ထက်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းနှင့်   လက်မှတ်ထိုးခဲ့ကြသော အာရပ် နှင့်  အစ္စရေးခေါင်းဆောင်နှစ်စုံတွဲ (ဒေးဗစ်စခန်းတွင် အီဂျစ်သမ္မတ အန်ဝါဆာဒတ်နှင့် အစ္စရေးဝန်ကြီးချုပ်  မီနာချမ်ဘီဂင်၊  အော်စလိုတွင်   ပါလက်စတိုင်း ခေါင်းဆောင် ယာဆာအာရာဖတ်နှင့်    အစ္စရေး ဝန်ကြီးချုပ်  ယစ်ဇတ်ရာဘင်) စလုံး    နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ကြခြင်းဖြစ်သည်။

ဒေးဗစ်စခန်း သဘောတူညီချက်တွင် အဓိက အားဖြင့် အစ္စရေးက သိမ်းပိုက်ထားသော ဂါဇာနှင့် ဂျော်ဒန်မြစ်    အနောက်ဘက်ကမ်းနယ်မြေများ တွင် ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ထူထောင်ရေး၊ ယင်းနယ်မြေများမှ အစ္စရေးတပ်ဖွဲ့ နှင့် အရပ်သားများ ဆုတ်ခွာပေးရေး၊ ပါလက်စတိုင်း ပြည်သူများအား ငါးနှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ် ခွင့် အပြည့်အဝပေးရေးတို့ဖြစ်သည်။ နောက်ဆက် တွဲ အပြန်အလှန်အဖြစ် အစ္စရေးနိုင်ငံ တည်ရှိမှုကို အီဂျစ်နိုင်ငံက အသိအမှတ်ပြုခဲ့ကာ အမေရိကန် ကလည်း ထိုနှစ်နိုင်ငံစလုံးကို  ဒေါ်လာဘီလီယံနှင့် ချီ၍  အကူအညီပေးခဲ့သည်။  (အစ္စရေးကို အသိ အမှတ်ပြုခဲ့မှုကြောင့် အာရပ်နိုင်ငံများက အမျက် ထွက်ခဲ့ကြပြီး အီဂျစ်ကို အာရပ်အဖွဲ့ချုပ်မှ ထုတ်ပစ် ကာ သမ္မတ ဆာဒတ်မှာလည်း ၁၉၇၉ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။)

အော့စလို      သဘောတူညီချက်နှစ်ရပ်မှာ အထက်ပါ ဒေးဗစ်စခန်း သဘောတူညီချက်ကိုပင် အခြေခံ၍ ဆွေးနွေးရရှိခဲ့ခြင်းဖြစ်၏။     အဓိက အားဖြင့်  ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (Palestine Authority) ကို ဖွဲ့စည်းရေး၊ အနောက်ဘက်ကမ်း ဒေသတွင်     ပါလက်စတိုင်းထိန်းချုပ်နယ်မြေ၊ အစ္စရေးထိန်းချုပ်နယ်မြေနှင့် ရောနှောထိန်းချုပ် နယ်မြေ (အစ္စရေးစစ်ဘက်နှင့် ပါလက်စတိုင်း အရပ် ဘက် ရောနှောအုပ်ချုပ်မှု) ဟူ၍ ခွဲခြားအုပ်ချုပ်ရေး၊ ဂါဇာနှင့် ဂျယ်ရီချိုဒေသမှ အစ္စရေးတပ်များ ဆုတ်ခွာ ပေးရေးတို့ကို သဘောတူခဲ့ကြသည်။ (ဤဆွေးနွေးပွဲ အပြီး ၁၉၉၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အစ္စရေးဝန်ကြီးချုပ် ရာဘင်ကို ဂျူးအစွန်းရောက် တစ်ဦးက လုပ်ကြံခဲ့ပြီး ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်မှာလည်း ၂၀၀၄ ခုနှစ်တွင် အဆိပ်ခတ် ခံရ၍ သေဆုံးခဲ့သည်။)

ဤဖြစ်ရပ်များက     ရည်ညွှန်းနေသည်မှာ အာရပ်-အစ္စရေး ငြိမ်းချမ်းရေးလမ်းကြောင်းသည် ပန်းခင်းလမ်းမဟုတ်ဘဲ အပြစ်မဲ့ပြည်သူများမှသည် ထိပ်သီးခေါင်းဆောင်များအထိ အသက်သွေးပေါင်း များစွာ ရင်းနှီးခဲ့ရပြီး ခလုတ်တံသင်း ဆူးငြှောင့် များဖြင့် ပြွမ်းတီးသော ခယောင်းလမ်းဖြစ်နေသည် ကို ထင်ရှားစွာ တွေ့ရပေသည်။

စင်စစ်၌ ဤပြဿနာ၏အဖြေမှာ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းနှင့်   အစ္စရေးတို့ လွတ်လပ်ရေး ကြေညာချိန်ကပင် ထင်ရှားစွာပါဝင်ခဲ့ပြီဖြစ်သော သီးခြားနှစ်နိုင်ငံ ထူထောင်ရေးပင် ဖြစ်၏။ သို့သော် ဤအဖြေကို နှစ်ဖက်စလုံးက   လက်မခံနိုင်ကြ သဖြင့်သာ  ယနေ့ထက်တိုင်အောင်   ပဋိပက္ခ သက်ဆိုးရှည်နေရခြင်းပင် ဖြစ်လေသည်။

သီးခြားနှစ်နိုင်ငံ အယူအဆနှင့် ရေတစ်လှည့် မီးတစ်လှည့်ကာလများ

အစ္စရေးနိုင်ငံသည်    ၁၉၄၈   ခုနှစ်တွင် ကုလသမဂ္ဂကထူထောင်ပေးခဲ့သော အစ္စရေးနှင့် ပါလက်စတိုင်း သီးခြားနှစ်နိုင်ငံဘဝမှ ဖြစ်တည်မှု စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က   အာရပ်နိုင်ငံ အားလုံးလိုလို  ဂျူးလူမျိုးတို့၏  နိုင်ငံသစ်တစ်ခု ပေါ်ထွန်းလာမည်ကို  မလိုလားသည့်အတွက် အစ္စရေးကိုဝိုင်း၍ တိုက်ခဲ့ကြသည်။ သို့သော် အကျိုးရလဒ်မှာ ယင်းတို့လိုလားသည်နှင့်  ပြောင်းပြန်ဖြစ်သွားသည်။   ပါလက်စတိုင်းနိုင်ငံပျောက်၍ ပါလက်စတိုင်းအတွက်သတ်မှတ်ထားသော နယ်မြေအားလုံးကို အစ္စရေးက သိမ်းပိုက်လိုက်သည်။ ပါလက်စတိုင်းအများစု ထွက်ခွာသွားရကာ နိုင်ငံမဲ့ဒုက္ခသည်များ ဖြစ်သွားကြသည်။

နောက်ပိုင်းတွင် အာရပ်တို့  အင်အားစုစည်း မိလာတိုင်း အစ္စရေးကိုစစ်ဆင်နွှဲရန် ကြိုးစားရာ အစ္စရေးကလည်း လက်ဦးမှုယူ၍ အလျင်ဦးအောင် တိုက်လေ့ရှိသည်။ ၁၉၇၃ ခုနှစ် ယွန်ကစ်ပူး စစ်ပွဲ တစ်ခုသာလျှင် အာရပ်ဘက်မှ  စတင်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အစ္စရေးတို့က အများနှင့်တစ်ယောက်ဖြစ်၍ စစ်ရေးစွမ်းရည်ကို အစဉ်ထက်မြက်အောင်  လုပ်ဆောင်ထားခြင်း၊ ပြည်သူ့စစ်မဟာဗျူဟာကို အောင်မြင်စွာကျင့်သုံးနိုင်ခြင်းနှင့်နောက်ပိုင်းမှ   မဟာအင်အားကြီး အမေရိကန်နိုင်ငံက အစစကူညီပံ့ပိုး ထောက်ပံ့နေခြင်းတို့ကြောင့် အင်အားနည်းပါးလျက် အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်လေသည်။

သို့ရာတွင် ၁၉၈၂ ခုနှစ်၌ အစ္စရေးက လက်ဘနွန်ကို   ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသည့်နောက်ပိုင်း အာရပ်နိုင်ငံများနှင့် အစ္စရေးအကြား  နိုင်ငံချင်း စစ်ပွဲများ မဖြစ်ပွားတော့သော်လည်း အစ္စရေးနိုင်ငံ အတွင်း ပါလက်စတိုင်းနယ်မြေများ၌ ကျန်ရစ်ခဲ့ကြ သည့် ပါလက်စတိုင်း၊ အာရပ်များနှင့်   အစ္စရေး တို့အကြား အာဃာတမီးက  ငြိမ်းအေးမသွားဘဲ အကြောင်းသင့်တိုင်း အရှိန်မြင့်စွာတောက်လောင် ခဲ့သည်။ အထူးသဖြင့် အစ္စရေးနိုင်ငံ၌ သဘောထား တင်းမာသည့် လီကွဒ်ပါတီအာဏာ ရရှိသည့်ကာလ များ၌ အစ္စရေးနှင့် ပါလက်စတိုင်းလူ့အဖွဲ့အစည်း နှစ်ရပ်အကြား ပဋိပက္ခကြီးမားလေ့ရှိသည်ကို တွေ့ရ ၏။

ပါလက်စတိုင်းတို့မှာ အာဏာလက်မဲ့ လူနည်းစု ဖြစ်ရာ သဘောထားတင်းမာသည့် အစ္စရေးအစိုးရ ကို ဆန့်ကျင်တွန်းလှန်ရာတွင် လူအုပ်စုဖွဲ့၍ မင်းမဲ့ စရိုက်ဆန်ဆန်ရရာနည်းဖြင့်   ရရာလက်နက်ကို သုံးကာ တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့တိုက်ခိုက်သည့် နည်းများတွင်  ဂျူးလူမျိုးများကို   ဓားဖြင့်ထိုး၊ တုတ်ဖြင့်ရိုက်၊ ကားနှင့်တိုက်ခြင်း၊  ခဲနှင့်ပေါက် ခြင်းမှသည် ဗုံးခွဲခြင်းနှင့်  လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများအထိ ပါဝင်သည်။ ဤသို့ လူအင်အား ဖြင့်  အုပ်ဖွဲ့အုံကြွမှုကို   အင်တီဖာဒါလှုပ်ရှားမှု (Intifada) ဟုခေါ်ပြီး  ၁၉၈၇  ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် အကြီးကျယ်ဆုံး Intifada   များ ဖြစ်သွားခဲ့၏။   ပထမအင်တီဖာဒါအုံကြွမှုတွင် လူပေါင်း ၃၀၀၀ ခန့်၊   ဒုတိယအင်တီဖာဒါတွင် လူပေါင်း ၄၃၀၀ ခန့် သေဆုံးခဲ့ပြီး ယင်းအရေအတွက် ၏  သုံးပုံ  နှစ်ပုံကျော်ခန့်မှာ  ပါလက်စတိုင်းများ ဖြစ်ကြလေသည်။   

အစ္စရေးနိုင်ငံ၌ သဘောထားပျော့ပျောင်းသည့် လေဘာပါတီ အာဏာရရှိချိန်များ၌မူ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ပါလက်စတိုင်းနှင့် အစ္စရေးတို့ အကြား အတော်အတန်ညှိနှိုင်းပြေလည်မှုရရှိခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ကာ ပါလက် စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်  သီးခြား ပါလက် စတိုင်းနိုင်ငံ  ထူထောင်ရေးအထိ  မျှော်မှန်းလုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရပေသည်။

သို့ရာတွင် သဘောထားပြင်းထန်သူများ အာဏာရရှိလာချိန်၌မူ ထိပ်တိုက်ဆန့်ကျင်မှု ပိုမိုများပြားပြီး  အစ္စရေးအစိုးရဘက်ကလည်း လူအုပ်ဖွဲ့အုံကြွမှုများအား မျက်ရည်ယိုဗုံး၊ အဓိကရုဏ်း နှိမ်နင်းရေး သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းခြင်း၊ အကြမ်းဖက်ကျူးလွန်သူများကို နေရာတွင်ပင် သုတ်သင်ရှင်းလင်းပြီး အကြမ်းဖက်သမား၏ နေအိမ်ကိုလည်း မြေထိုးစက်ဖြင့် ဖြိုချဖျက်ဆီးခြင်း စသည့်နည်းလမ်းများဖြင့် အင်အားသုံး ဖြေရှင်းခဲ့သည်။ အလွန်သဘောထား ပြင်းထန်သည့် အစ္စရေး ဝန်ကြီးချုပ်ဟောင်း အေရီယယ်ရှရွန်၏လက်ထက် (၂၀၀၁-၂၀၀၆)တွင် သိမ်းပိုက်ပါလက်စတိုင်းနယ်မြေ များကို တံတိုင်းကာရံခြင်း၊ ဂါဇာနှင့် အနောက်ဘက်ကမ်း ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေးမိသားစုများကို ဝင်ရောက်အခြေချနေထိုင်စေပြီး၊ အိမ်ရာများ ဆောက်လုပ်ပေးခြင်းများ  ပြုလုပ်ခဲ့ သည်။ 

အကျိုးဆက်အနေဖြင့် ပါလက်စတိုင်းဘက်မှ အစ္စရေးဘက်ရှိ မြို့ရွာများကို ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခြင်းများနည်းပါးသွားခဲ့သော်လည်း ပါလက်စတိုင်းနယ်မြေအတွင်းရှိ ဂျူးအခြေချသူ များအပေါ် တိုက်ခိုက်မှုများ   ပြင်းထန်လာခြင်း၊ အထူးသဖြင့် ဂါဇာတွင်  ၁၉၈၇ ခုနှစ်မှ   စတင် ပေါ်ပေါက်လာသည့် ဟားမားစ်အကြမ်းဖက်အဖွဲ့က ပါလက်စတိုင်းဒေသတစ်ခုလုံးကို  ပါလက်စတိုင်း အာရပ်နိုင်ငံသစ်ထူထောင်ရေးနှင့် အစ္စရေးနိုင်ငံ လုံးဝချုပ်ငြိမ်းရေးဦးတည်ကာ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းတို့ကြောင့်  ဂါဇာမှ အစ္စရေးအခြေချသူများကို  လုံးဝဆုတ်ခွာဖယ်ရှား ကာ ပိုင်းခြားထားသည့် ခြံစည်းရိုးတံတိုင်းကို တင်းကျပ်စွာပိတ်ဆို့ထားခဲ့သည်။ အနောက်ဘက်ကမ်းဒေသတွင်မူ အစ္စရေးအခြေချနေထိုင်မှုများ ပိုမိုတိုးမြှင့်ကာ နယ်မြေများတိုးချဲ့ရယူ ထိန်းချုပ် ခဲ့သည်။

ထို့ပြင်ဂါဇာတွင်ပြွတ်သိပ်နေထိုင်ရသည့် ပါလက်စတိုင်းတို့မှာ ယခင်က အစ္စရေးမြို့ရွာများဘက်သို့ ထွက်ခွင့်ရပြီး  သီးနှံစိုက်ပျိုးခြံများတွင်အလုပ်လုပ်ကိုင်ခွင့်ရခဲ့ကြသော်လည်း   ဂါဇာကို ပိတ်ဆို့ထားပြီးနောက်  အလုပ်လက်မဲ့ဖြစ်ကာ ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။ ထို့အပြင်  ဂါဇာဒေသကိုအစ္စရေးက  ထောက်ပံ့ပေးထားသည့် ရေ၊ မီး၊ စက်သုံးဆီတို့မှာလည်း အစ္စရေးက နိုင်ငံရေးအရ ထိန်းချုပ်ကန့်သတ်မှုများရှိခဲ့ရာ ပါလက်စတိုင်း တို့အတွက် ဘဝရပ်တည်မှုခက်ခဲလာကာ အစ္စရေးကို ပို၍မုန်းတီးလာခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင် ပါလက်စတိုင်း  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ (အနောက်ဘက်ကမ်း + ဂါဇာ)၌ ရွေးကောက်ပွဲကျင်းပရာ  အနောက်ဘက်ကမ်း၌ သဘောထားပျော့ပျောင်းသည့် PLO ဖာတာအဖွဲ့က အနိုင်ရရှိခဲ့သော်လည်း ဂါဇာဒေသ၌မူ သဘောထားပြင်းထန် သည့် ဟားမားစ်က မဲအပြတ်အသတ်ဖြင့် အနိုင် ရရှိခဲ့သည်။ ဤတွင် အစ္စရေး-ဟားမားစ် ထိပ်တိုက် ရင်ဆိုင်မှုဇာတ်လမ်း စခဲ့ခြင်းဖြစ်လေသည်။

ပါလက်စတိုင်းတို့၏ သေမထူးနေမထူး ဇာတ်လမ်းမှသည် ယွန်ကစ်ပူး နှစ်ငါးဆယ်ပြည့် တိုက်ခိုက်မှုသို့

ဂါဇာတွင် ဟားမားစ်အဖွဲ့ အနိုင်ရရှိခဲ့ပြီးနောက် အီရန်နိုင်ငံ၏ လျှို့ဝှက်ကူညီမှုဖြင့် အစ္စရေးလူနေ မြို့ရွာများသို့ ဂါဇာမှ ဒုံးကျည်များဖြင့် တိုက်ခိုက် မှုများ ပြုလုပ်လာခဲ့သည်။ ထိုသို့ ဟားမားစ်တို့၏ တိုက်ခိုက်မှုပြုလုပ်တိုင်း   အစ္စရေးတို့ကလည်း ဂါဇာနယ်မြေအတွင်းသို့ လေကြောင်းမှ ဗုံးကြဲခြင်း၊ အမြောက်သံချပ်ကာနှင့်     ခြေလျင်တပ်များဖြင့် ဝင်ရောက်ချေမှုန်းခြင်းတို့ကို     ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် Operation Cast Lead၊ ၂၀၁၂ ခုနှစ်တွင် Operation Pillar of Defense၊ ၂၀၁၄ ခုနှစ်တွင် Operation Protective Edge၊ ၂၀၂၁ မေလတွင် ၁၁ ရက်ကြာစစ်ပွဲ၊ ၂၀၂၂ တွင် သုံးရက်ကြာ ပဋိပက္ခနှင့် ၂၀၂၃ ခုနှစ် မေလတွင် Operation Shield and Arrow တို့ကို ပြုလုပ်ခဲ့ရာ  အစ္စရေးတို့၏ ပြင်းထန်သော ပစ်အားဒဏ်ကြောင့် ဂါဇာဒေသတွင် အကြီးအကျယ် သေကျေပျက်စီးမှု များ ဖြစ်ခဲ့သည့်အပြင် ပါလက်စတိုင်းတို့ကို အပြစ် ပေးသည့်အနေဖြင့် ရေဖြတ်၊ မီးဖြတ်၊ ဆီဖြတ်၊ အစ္စရေးနယ်မြေသို့     ဝင်ရောက်အလုပ်လုပ်ခွင့် ပိတ်ဆို့ စသည့် ဖြတ်တောက်ပိတ်ဆို့မှုများကြောင့် ဂါဇာဒေသရှိ ပါလက်စတိုင်းများမှာ ဒုက္ခပေါင်းစုံကို ခါးစည်း၍  ခံခဲ့ကြရသည်။ ယင်းအတွက် အလွန် ခါးသီးသော နာကြည်းခံစားမှုများက အစ္စရေးအပေါ် အခဲမကျေနိုင်သော မုန်းတီးမှုနှင့် သေမထူးနေမထူး စိတ်များဖြင့် မိုက်မိုက်ကန်းကန်း  အကြမ်းဖက် တိုက်ခိုက်လိုသည့်လမ်းကြောင်းပေါ်သို့ တွန်းတင် ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။

၂၀၀၀ ပြည့်လွန်နှစ်များအတွင်း အမေရိကန်၏ တွန်းအားပေးမှုကြောင့်  အစ္စရေးအစိုးရများက အနောက်ဘက်ကမ်းရှိ  သဘောထားပျော့ပျောင်း သော ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အခါအားလျော်စွာ  ပြုလုပ်ခဲ့သော်လည်း နှစ်ဖက်ယုံကြည်မှုကို မတည်ဆောက် နိုင်ခဲ့သဖြင့် မအောင်မြင်ခဲ့ပေ။

၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် စဉ်ဆက်မပြတ် အာဏာရရှိလာခဲ့သည့် လီကွဒ်ပါတီမှ သဘောထား ပြင်းထန်သော ဝန်ကြီးချုပ် နေတန်ယာဟုသည် ဂါဇာဒေသမှ ဟားမားစ်တို့၏ တိုက်ခိုက်မှုများကို တန်ပြန်တိုက်ခိုက်မှုများဖြင့် “ဓား-ဓားချင်း၊ လှံ-လှံချင်း” တုံ့ပြန်ထိန်းချုပ်ထားပြီး  သဘောထား ပျော့ပျောင်းသည့် ဖာတာအဖွဲ့အုပ်ချုပ်သော အနောက်ဘက်ကမ်းဒေသကိုမူ ဂျူးအခြေချ နေထိုင် မှုများ ပိုမိုချဲ့ထွင်ဆောင်ရွက်၍ အစ္စရေးထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာစေခဲ့သည်။ ပါလက်စတိုင်းတို့က နိုင်ငံထူထောင်လျှင် မြို့တော်အဖြစ် သတ်မှတ် ရန် ရည်စူးထားသည့် အရှေ့ဂျေရုဆလင်၌လည်း ဒေသခံပါလက်စတိုင်းတို့၏     အိမ်ခြံမြေများကို ဂျူးများက ငွေကြေးမတန်တဆပေး၍ ဝယ်ယူခြင်း ဖြင့် ဂျူးလူနေအိမ်ခြေများ တိုးချဲ့လာခဲ့ကြသည်။

(အစ္စရေးက ဂျေရုဆလင်တစ်မြို့လုံးကို   နိုင်ငံမြို့တော်အဖြစ်  တရားဝင်ကြေညာထားပြီး အမေရိကန်နိုင်ငံက   သမ္မတထရမ့်လက်ထက်တွင် အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ စတိသဘော အရွှေ့ပြကာ အစ္စရေး၏ကြေညာချက်ကို အားပေး ထောက်ခံခဲ့သည်။) 

(ဆက်လက်ဖော်ပြပါမည်) 

Source-Myawady Webportal

ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (အရှေ့အလယ်ပိုင်းမှ ကမ္ဘာဆုံးတိုင်ပဋိပက္ခ)

Posted_Date

Image

ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (အရှေ့အလယ်ပိုင်းမှ ကမ္ဘာဆုံးတိုင်ပဋိပက္ခ)

Body

(ယမန်နေ့မှအဆက်) 

ဂျော်ဒန်မြစ်  အနောက်ဘက်ကမ်းတွင် ဂျူးအခြေချနေထိုင်သူဦးရေမှာ ငါးသိန်းခန့်အထိ ရှိလာပြီး ၂၀၂၃ ခုနှစ်တွင် အရှိန်အဟုန်မြှင့်၍ တိုးချဲ့ဆောက်လုပ် နေရာချထားလာခဲ့သည်။ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းလူဦးရေ သုံးသန်းခန့်မှာ ဂျူးအခြေချအိမ်ရာများတွင် ပတ်ဝိုင်းပိတ်ဆို့မှုများနှင့် ကြုံတွေ့လာခဲ့ရပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အုပ်ချုပ်သည် ဟုဆိုသော်လည်း လက်တွေ့၌အစ္စရေးစစ်ဘက်၏ ထိန်းချုပ်မှုအောက်တွင် နေကြရသည့်ဘဝ ဖြစ်နေလေသည်။ ဤအချက်မှာလည်း ပါလက်စတိုင်းတို့က အစ္စရေးအပေါ် မကျေနပ်မှုများတွင် အကြောင်း အချက်တစ်ခုအဖြစ်ပါဝင်ပြီး သဘောထားပြင်းထန်သည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် ပါလက်စတိုင်း သီးခြားနိုင်ငံထူထောင်ခွင့်ကို မည်သည့်အခါမျှ ပေးအပ်တော့မည်မဟုတ်ဟု ယုံကြည်ယူဆလာစေခဲ့သည်။

 

ဤသို့ဖြင့် ဂါဇာတွင်လည်း ညက်ညက်ကျေအောင် တိုက်ခိုက်ခံနေရသကဲ့သို့ အနောက်ဘက် ကမ်းတွင်လည်း အာရပ်တဲထဲသို့ဝင်လာသည့် ကုလားအုတ်ပုံပြင်ကဲ့သို့ ဂျူးအခြေချများ တိုးချဲ့ ဝင်ရောက်လာနေမှုများကို တွေ့မြင်နေကြရသော ပါလက်စတိုင်းတို့၏ စိတ်တွင်း၌ ယင်းတို့ အလွန်လိုလား တောင့်တလျက်ရှိသော ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေးမှာ လက်နက်စွဲကိုင်၍ “သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး” သဘောထားဖြင့် မီးကုန်ယမ်းကုန် တိုက်ခိုက်ရုံမှတစ်ပါး အခြား မရှိတော့ပြီဟူသော အတွေး၊ အကြံများ ဖြစ်ပေါ်လာခဲ့လေတော့သည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ယွန်ကစ်ပူးစစ်ပွဲ နှစ်ငါးဆယ်ပြည့် အကြမ်းဖက်တိုက်ခိုက်မှု

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့သည် ၁၉၇၃ ခုနှစ် ယွန်ကစ်ပူးစစ်ပွဲ၏ နှစ်ငါးဆယ် ပြည့်မြောက်သောနေ့ဖြစ်သည်။ ယွန်ကစ်ပူးမှာ အစ္စရေးနိုင်ငံ၌ ဂျူးလူမျိုးတို့၏ ဘာသာရေး အထွတ်အမြတ် နှစ်သစ်ကူးပွဲတော်ဖြစ်ပြီး မိတ်ဆွေသင်္ဂဟများနှင့် ဆွေမျိုးမိသားစုများ ပြန်လည်ဆုံစည်းကာ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ကြသည့် အခါသမယလည်းဖြစ်သည်။ ထို့ကြောင့် ယွန်ကစ်ပူး ပွဲတော်ကာလ၌ အစ္စရေးတစ်နိုင်ငံလုံး ပျော်ပွဲရွှင်ပွဲများ ကျင်းပနေစဉ် ၁၉၇၃ ခုနှစ်က အာရပ်တပ်ဖွဲ့များ အလစ်အငိုက် ရယူတိုက်ခိုက်ခဲ့ကြသည့်အတွက် ယွန်ကစ်ပူးစစ်ပွဲဟု အမည်တွင်ခြင်းဖြစ်သည်။ 

 

ယင်းစစ်ပွဲမှာ အစ္စရေးနှင့်အာရပ်တို့ စစ်ဖြစ်ခဲ့ကြသည့် သမိုင်းတစ်လျှောက်လုံးတွင် အာရပ်တို့ ဘက်မှ အလစ်အငိုက်ရယူ၍ ဦးစွာဝင်ရောက် တိုက်ခိုက်ခဲ့သည့် တစ်ခုတည်းသောစစ်ပွဲလည်း ဖြစ်လေသည်။ ထို့အပြင် ယင်းစစ်ပွဲ၌ အစ္စရေးတို့ အနိုင်ရရှိခဲ့လင့်ကစား အာရပ်တို့က ဆိုဗီယက်လုပ် လက်နက်များဖြင့် အစ္စရေးကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။

 

ထို့ကြောင့် ဂါဇာဒေသမှ ပါလက်စတိုင်း၊ ဟားမားစ်အဖွဲ့အတွက် ယွန်ကစ်ပူးနှစ်ငါးဆယ်ပြည့် ရွှေရတုကာလသည် အစ္စရေးတို့ကို အထိနာအောင် ပြန်လည်တိုက်ခိုက်ရန် အဓိပ္ပာယ်ပြည့်ဝ ဆုံးအချိန် ဖြစ်တော့သည်။ ယွန်ကစ်ပူးပွဲတော် ကာလဖြစ်၍ အစ္စရေးတစ်နိုင်ငံလုံးမှာလည်း ပျော်ပွဲရွှင်ပွဲများဖြင့် အလုပ်များနေကြသည်။ စစ်သည်အများအပြားမှာလည်း မိသားစုနှင့် ပြန်လည် ဆုံစည်းရန်ခွင့်ပြန်နေကြသည်။ ဤအခြေအနေမှာ အလစ်အငိုက်ရယူရန် အခွင့်ကောင်းပင် ဖြစ်သည်။ 

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ဟားမားစ်တို့၏ တိုက်ခိုက်မှုစတင် ခဲ့သည်။ ဟားမားစ်တို့က ဂါဇာနှင့် အစ္စရေး လူနေဒေသကို ပိုင်းခြားကာရံထားသည့် ခြံစည်းရိုး တံတိုင်းမှ အားအနည်းဆုံးနေရာများအား ဖောက်ခွဲ၍ လမ်းပေါက်ဖွင့်လိုက်ပြီးနောက် အထူးလေ့ကျင့်ထားသည့် တပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်ကားများဖြင့် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ အချို့က ပါရာဂလိုက်ဒါများကိုသုံး၍ ခြံစည်းရိုးနံရံကို အပေါ်မှဖြတ်ကျော်ကာ ပျံသန်းဝင်ရောက်ခဲ့ကြသည်။ အချို့တပ်ဖွဲ့များက မော်တော်ဘုတ်များဖြင့် ပင်လယ်ကမ်းစပ်ကို ရေပြင်မှပတ်၍ ဝင်ရောက်သွားခဲ့ကြသည်။ ထိုအချိန်တွင် ဟားမားစ် ဒုံးပျံတပ်ဖွဲ့က အစ္စရေး လူနေမြို့ရွာများ အပေါ်သို့ ဒုံးပျံများ ရာနှင့်ချီ၍ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

 

အစ္စရေးတို့မှာ ဟားမားစ်၏ အလစ်အငိုက် ရယူတိုက်ခိုက်မှုကြောင့် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ထိခိုက်ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။ စုစုပေါင်း အစ္စရေးဘက်မှ ၁၂၀၀ ကျော် သေဆုံးခဲ့၍ လူ ၂၅၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည်။ 

 

နောက်ပိုင်းထွက်ပေါ်လာသည့် သတင်းများအရ ဟားမားစ်ဘက်မှ ဤစစ်ဆင်ရေးအစီအစဉ်ကို ၂၀၁၄ ခုနှစ်ခန့်ကပင် စတင်ရေးဆွဲခဲ့သည်ဟုဆိုသည်။ ၂၀၂၁ ခုနှစ် အစ္စရေးတို့၏ ပြင်းထန်သော ဂါဇာတိုက်ခိုက်မှု၏နောက်တွင် ပြန်လည်လက်စားချေရေးအတွက် ဤအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဂါဇာရှိ စစ်ဘက်ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ချက်ချပြီး စတင်ပြင်ဆင်ခဲ့ကြသည်ဟုဆိုသည်။ စစ်ဆင်ရေးစီမံချက်ကို ရေးဆွဲဖော်ဆောင်ခဲ့သူများမှာ ဟားမားစ်စစ်ရေးခေါင်းဆောင် ယာယာဆင်ဝါ ဦးဆောင်သည့် ထိပ်ပိုင်းစစ်ရေး ခေါင်းဆောင် ငါးဦးခန့်သာဖြစ်ပြီး ဟားမားစ်နိုင်ငံ ရေးခေါင်းဆောင် အစ္စမေးဟာနီယာနှင့် ဒုတိယ ခေါင်းဆောင် ဆလားအယ်လ်အာရူရီတို့ကိုပင် အလွန်ကြီးမားသည့် တိုက်ခိုက်မှုတစ်ခု ပြုလုပ်မည်ဟု အသိပေးရုံမျှ ပြုလုပ်ခဲ့ပြီး အစီအစဉ်အသေးစိတ်ကို မပြောခဲ့ဟုဆိုသည်။ ကြိုတင်လေ့ကျင့်မှုများကို အထူးလျှို့ဝှက်စွာ ပြုလုပ်ခဲ့ပြီး မြေအောက်တွင် နက်ရှိုင်းစွာ တူးဖော်ဆောက်လုပ်ထားသည့် စစ်ဌာနချုပ်အတွင်း၌သာ ပြင်ဆင်လေ့ကျင့်ခဲ့သည်ဟုဆိုသည်။ လက်အောက်တပ်မှူးများကို စစ်ဆင်ရေးမစမီ သုံးရက်အလိုကျမှသာ မိမိတို့ပါဝင် ဆောင်ရွက်ရမည့်အပိုင်းများကို အသိပေးခဲ့သည်။ 

 

ခြုံ၍ဆိုရလျှင် ဂါဇာပါလက်စတိုင်းတို့၏ သေမထူးနေမထူးစိတ်ဓာတ်နှင့် လက်စားချေလိုသည့် ပြင်းထန်သော အာဃာတ၊ စစ်ဆင်ရေးကို စနစ်တကျ လျှို့ဝှက်သိုသိပ်စွာပြင်ဆင်ခဲ့မှု၊ ရရှိ နိုင်သမျှသော အရင်းအမြစ်လက်နက်ပစ္စည်းများဖြင့် အချိုးမညီစစ်ဆင်မှု (Asymmetric Warfare)၊ စွမ်းရည်နှင့် အစ္စရေးဘက်မှ အလစ်အငိုက် ဖြစ်ပေါ်စေခဲ့သည့် အချိန်ကာလကို ရွေးချယ်နိုင်မှုတို့က ဤတိုက်ခိုက်မှု၏ အောင်မြင်မှုကို ဖော်ဆောင်ပေးခဲ့ သည်ဟု ဆိုနိုင်ပေသည်။

 

နောက်ကွယ်မှ အင်အားစုများ

 

အဘက်ဘက်မှ တံတိုင်းများ ကာရံပိတ်ဆို့၍ တင်းကျပ်စွာ ကန့်သတ်ထိန်းချုပ်ခံရသည့်အပြင် မကြာခဏ အစ္စရေးဘက်မှ ပြင်းထန်စွာတိုက်ခိုက်မှုကို ခံစားနေရသော ဟားမားစ်အဖွဲ့အနေဖြင့် ပြင်ပမှ ထောက်ကူအားပေးမှုကိုမရရှိဘဲ ဤသို့ထိရောက်သည့် တိုက်ခိုက်မှုမျိုးကို ဆောင်ရွက် နိုင်ဖွယ်မရှိဟု လေ့လာသူအများစုက ကောက်ချက်ချကြသည်။ ဟားမားစ်ကို နောက်ကွယ်မှ အဓိက အားပေးထောက်ခံကူညီနေသူမှာလည်း အီရန်နိုင်ငံဖြစ်သည်ဟု လေ့လာသူအားလုံးလိုလိုက သဘောကိုက်ညီကြသည်။

 

ဤနေရာတွင် မေးခွန်းတစ်ခုပေါ်ပေါက်လာသည်မှာ ဒေသတွင်းနိုင်ငံရေးတွင် ရှီယိုက်မွတ်စလင် နိုင်ငံဖြစ်သော အီရန်သည် ဘာသာတူဖြစ်သော ဆီးရီးယားမှ အာရှတ်အစိုးရ၊ ယီမင်မှ ဟူသီအဖွဲ့နှင့် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့တို့ကို ထောက်ခံအားပေးခြင်းမှာ သဘာဝကျသော်လည်း ဆွန္နီ မွတ်စလင်များဖြစ်သည့် ပါလက်စတိုင်း ဟားမားစ်အဖွဲ့ကို အဘယ်ကြောင့် များစွာထောက်ပံ့ အားပေးနေရပါသနည်းဟူသော မေးခွန်းဖြစ်သည်။

 

ထိုမေးခွန်းကို ဖြေဆိုရန်မှာ ဒေသတွင်းအင်အား နိုင်ငံရေးဆက်ဆံမှုကို သဘောပေါက်နားလည်ရန် လိုအပ်ပေသည်။ စင်စစ်၌ အီရန်သည် ဟားမားစ်အဖွဲ့ စတင်ပေါ်ပေါက်လာချိန်မှစ၍ အစ္စရေးကို တိုက်ခိုက်မည့်အဖွဲ့ဖြစ်၍ အားပေးထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သော်လည်း များများစားစား မဟုတ်ပေ။ ဟားမားစ်အနေဖြင့် ဆွန္နီဘာသာတူ နောက်ကွယ်အင်အားစုများကို ပို၍ အားထားခဲ့ရသည်။ ၂၀၀၇ ခုနှစ် ဂါဇာဒေသရွေးကောက်ပွဲ၌ ဟားမားစ်အဖွဲ့ အာဏာရရှိလာချိန်တွင် ထိုစဉ်က အင်အားကြီး ဆွန္နီအကြမ်းဖက်အဖွဲ့ဖြစ်သော အယ်လ်ကေဒါအဖွဲ့နှင့် အယ်လ်ကေဒါ ထောက်ခံသော အစ္စလမ္မစ်ဂျေဟဒ်အဖွဲ့တို့အကြား အာဏာလုပွဲဖြစ်ခဲ့ပြီး လမ်းပေါ်တိုက်ပွဲများ ဖြစ်ပွားကာ ဟားမားစ်တို့ အနိုင်ရခဲ့ပြီးနောက် ဟားမားစ်နှင့် အယ်လ်ကေဒါတို့ လမ်းခွဲခဲ့ကြသည်။ 

 

ထို့ကြောင့် ဟားမားစ်သည် အီရန်နှင့်ပိုပြီး ထိတွေ့ဆက်ဆံ၍ အကူအညီများ ပိုမိုရယူလာခဲ့ရသည်။ ၂၀၁၄ ခုနှစ်တွင် ဟားမားစ်နှင့် အစ္စရေးတပ်ဖွဲ့များ အကြီးအကျယ်တိုက်ခိုက်ခဲ့ကြပြီးနောက် ဟားမားစ် ထိပ်သီးခေါင်းဆောင်များကို အစ္စရေးက ပစ်မှတ်ထား၍ လိုက်လံသုတ်သင်ချေမှုန်းခဲ့ရာ ဟားမားစ်အဖွဲ့မှာ ခေါင်းဆောင်မှုအားနည်းသွားခဲ့သကဲ့သို့ အောက်ခြေတွင်လည်း ဖရိုဖရဲ ဖြစ်သွားခဲ့သည်။   

 

ထို့နောက်ပိုင်းမှစ၍ ဟားမားစ်အနေဖြင့် အဖွဲ့ပြန်လည်ထူထောင်ရေးအတွက် အီရန်ကို ပိုမိုအားကိုးပြု လာခဲ့ရသကဲ့သို့ ၂၀၁၄ ခုနှစ်တွင် ဟားမားစ်တို့က ယင်းတို့၏ လက်လုပ်ဒုံးပျံ အများအပြားဖြင့် အစ္စရေးဘက်သို့ တိုက်ခိုက်ခဲ့မှုကို တွေ့မြင်ရသည့် အီရန်ကလည်း ဟားမားစ်အဖွဲ့ကို ‘မွေးစား’လိုက်ကာ ယင်းတို့လိုအပ်သော ဒုံးပျံနည်း ပညာ၊ စက်အစိတ်အပိုင်းများ၊ စစ်လက်နက်ပစ္စည်းများကို အီဂျစ် အစ္စရေးနယ်စပ်၊ ဆိုင်းနိုင် ဒေသမှတစ်ဆင့် ဂါဇာကမ်းမြောင်သို့ မြေအောက်၌ နက်ရှိုင်းစွာ တူးဖော်ထားသော ဥမင်လိုဏ်ခေါင်းများမှ တင်ပို့ပေးခဲ့သည်။ ထို့အပြင် ဟားမားစ်အဖွဲ့ဝင်များကို အီရန်သို့ ခေါ်ယူသင်တန်းပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများကိုလည်း အင်တိုက်အားတိုက်ပြုလုပ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း တွင် အီရန်က ဟားမားစ်အဖွဲ့အား တစ်နှစ်လျှင် ဒေါ်လာသန်း ၇၀ မှ ၁၀၀ ခန့်အထိ ငွေကြေး ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။ 

 

စင်စစ်၌ အစ္စရေးနယ်စပ်မှ မိုင် ၁၀၀၀ ခန့် ဝေးကွာနေသော အီရန်နိုင်ငံသည် အစ္စရေးကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးပစ်ရန် လိုလားနေလင့်ကစား မြေပြင်နှင့်ရေကြောင်းမှ သွားရောက် တိုက်ခိုက်ရန် မဖြစ်နိုင်သလောက်ရှိပြီး လေကြောင်းမှ တိုက်ခိုက်နိုင်မည့် ခေတ်မီလေတပ်လည်း ပိုင်ဆိုင်ထားခြင်းမရှိပေ။ အီရန်က ပိုင်ဆိုင်ထားသည်မှာ ဒရုန်းအမျိုးမျိုးနှင့် ဒုံးပျံများသာဖြစ်ပြီး ယင်းတို့မှာလည်း မိုင် ၁၀၀၀ ခရီးကိုဖြတ်၍ ပျံသန်းရန် အချိန်ယူရမည်ဖြစ်၍ အစ္စရေးတို့၏ လေကြောင်းကာကွယ်ရေးစနစ်များအတွက် ကောင်းစွာပြင်ဆင်ချိန် ရနိုင်သည်။ သို့ဖြစ်ရာ အစ္စရေးတို့ကို အနီးကပ်တိုက်ခိုက်နိုင်သော ဟားမားစ်၊ ဟစ်ဇ်ဘိုလာ၊ ဟူသီအဖွဲ့တို့ကို ၎င်းတို့ ပိုင်ဆိုင်သည့် ဒုံးပျံများထောက်ပံ့ခြင်းဖြင့် ထိရောက်သည့် ကိုယ်စားစစ်ပွဲကို ဆင်နွှဲနိုင်မည် ဖြစ်လေသည်။

 

ဤသို့ဖြင့် အစ္စရေးနိုင်ငံမှာ ပတ်လည်ဝန်းကျင်မှ ရန်သူများ ဝန်းရံခြင်းကို ခံနေရသည်ဟု ဆိုနိုင်သည်။ မြောက်ဘက်မှ ဟစ်ဇ်ဘိုလာကြီးစိုးထားသော လက်ဘနွန်နှင့် အီရန်ထောက်ခံအားပေးသော သမ္မတအာဆတ်၏ ဆီးရီးယား၊ အရှေ့ဘက်ခပ်လှမ်းလှမ်းတွင် အီရန်က လွှမ်းမိုးထားသော အီရတ်၊ တောင်ဘက်တွင် ဆော်ဒီအာရေဗျကိုကျော်၍ မဟာဗျူဟာအရေးပါသော ပင်လယ်နီထိပ်ဝမှ ဟူသီတို့ ထိန်းချုပ်ထားသည့် ယီမင်တို့ ရှိနေသည်။ အစ္စရေးကို ပေါ်ပေါ်ထင်ထင် ရန်လိုမှု မပြသသည့် ဒေသတွင်း အင်အားကြီးများဖြစ်သော ဆော်ဒီအာရေဗျနှင့် အီဂျစ်တို့မှာလည်း ပါလက်စတိုင်း တို့အပေါ် စာနာမှုရှိသည့် မွတ်စလင်အာရပ်နိုင်ငံများ ဖြစ်နေသည်။ အာရှ၊ ဥရောပအစပ်မှ တူကီယဲသည်ပင် ပါလက်စတိုင်းတို့ဘက်မှ ရှိနေသည်။

 

ထို့အပြင် အီရန်၏နောက်ကွယ်မှ ကမ္ဘာ့အင်အားကြီးများဖြစ်ကြသော ရုရှားနှင့် တရုတ်နိုင်ငံတို့ ရှိနေ ကြသည်။ ရုရှားနှင့် တရုတ်တို့ဦးစီးနေသည့် BRICS အုပ်စုတွင် အရှေ့အလယ်ပိုင်းနှင့် အာဖရိက အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကပါဝင်ရန် ဆန္ဒပြင်းပြနေကြလေရာ ကမ္ဘာကြီးနှစ်ခြမ်းကွဲစ အခြေအနေ၌ အစ္စရေးဘက်မှာ အခိုင်အမာရပ်တည်နေသည်မှာ အမေရိကန်နှင့်အပေါင်းအပါ အနောက်နိုင်ငံတစ်စုသာ ရှိနေသည်ကို တွေ့ရသည်။

 

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အမေရိကန်နှင့် အနောက်အုပ်စုအတွင်း၌ပင် ပါလက်စတိုင်းတို့ကို စာနာထောက်ထားအားပေးသည့် အင်အားစုတစ်စု လျင်မြန်စွာ ကြီးထွားလာခြင်းဖြစ်သည်။ ယင်းတို့ကို တိုးတက်သောဒီမိုကရက် (Progressive Democrat) အုပ်စုက ဦးဆောင်နေခြင်းဖြစ်ပြီး ကမ္ဘာပေါ်၌ အသားအရောင်လူမျိုး ခွဲခြားဖိနှိပ်ခြင်းကို အပြင်းအထန်ဆန့်ကျင်သည့် တစ်ကမ္ဘာလုံး တန်းတူညီမျှရေး သဘောထားရှိသူများဖြစ်သည်။ ထုံးစံအတိုင်း ဤအင်အားစုကို ထောက်ပံ့အားပေး နေသူတစ်ဦးမှာ ဂျော့ဆိုးရော့စ်ဖြစ်လေသည်။

 

အစ္စရေးတို့က ပါလက်စတိုင်းဂါဇာကမ်းမြောင် ဒေသရှိ ဟားမားစ်အဖွဲ့ကို မြေလှန်ချေမှုန်းပစ်မည်ဟု ကြွေးကြော်ကာ အင်အားအလုံးအရင်းဖြင့် ဂါဇာနယ်တွင်းသို့ ဝင်ရောက်တိုက်ခိုက်ချိန်မှစ၍ အမေရိကန်ပြည်တွင်းရှိ နာမည်ကြီးတက္ကသိုလ် များတွင် ကျောင်းသားများက စာသင်ခန်းများနှင့် ကျောင်းပရိဝုဏ်နေရာများကို သိမ်းပိုက်၍ ပါလက်စတိုင်းဘက်မှ ထောက်ခံဆန္ဒပြခြင်း၊ တောင်အာဖရိကနိုင်ငံက အစ္စရေးအစိုးရအား ICJ ၌ လူမျိုးတုံးစေမှုဖြင့် တရားစွဲဆိုခြင်း၊ ကမ္ဘာ့နာမည်ကြီးမီဒီယာများ၌ ဂါဇာစစ်ပွဲတွင် အစ္စရေးတပ်ဖွဲ့များ၏ ပါလက်စတိုင်း အရပ်သားများအပေါ် တိုက်ခိုက်မှု၊ လူနေအဆောက်အအုံများ အကြီးအကျယ်ပျက်စီးမှု၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်းကို နှောင့်ယှက်မှုစသည့် အစ္စရေးနိုင်ငံ၏ မကောင်း သတင်းများကို လှိုင်လှိုင်ကြီးထုတ်လွှင့်နေမှုများမှာ နောက်ကွယ်မှ ယင်းအင်အားစု၏ လှုံ့ဆော်အားပေးမှုများ ပါဝင်သည်ဟု အစ္စရေးနှင့် အမေရိကန်ရှေးရိုးစွဲ ဂျူးအသိုက်အဝန်းက ယူဆကြသည်။

 

မှေးမှိန်သွားပြီဖြစ်သော သီးခြားနှစ်နိုင်ငံ ထူထောင်မှုနည်းလမ်း

 

ယခုအခါ အစ္စရေးတို့၏ ဂါဇာကမ်းမြောင် ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာ ရက်ပေါင်း ၃၄၀ ကျော် ရှိပြီဖြစ်သည်။ ဟားမားစ်ဘက်မှ ထုတ်ပြန်ချက်အရ ကလေး ၁၆၀၀၀ ကျော် အပါအဝင် အရပ်သား ၄၀၀၀၀ ကျော် သေဆုံး၍ ၉၅၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။ ဂျော်ဒန် မြစ် အနောက်ဘက်ကမ်းဒေသ၌လည်း အစ္စရေး တို့က စစ်ဆင်ရေးဝင်ရောက်လျက်ရှိသည်။

 

ဂါဇာဒေသမှာ အစ္စရေးတို့၏ စစ်ရေးအင်အားသုံး ချေမှုန်းနေမှုကြောင့် ပြားပြားဝပ်ပျက်စီးနေချိန် တွင် အစ္စရေးတို့ကို မြောက်ဘက်ရှိ ဟစ်ဇ်ဘိုလာတို့နှင့် တောင်ဘက်ရှိ ဟူသီအဖွဲ့တို့က ဒုံးပျံများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

 

ဤအခြေအနေတွင် သဘောထားပြင်းထန်သော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်း သီးခြားနိုင်ငံ ထူထောင်ရေးအဆိုကို ခါးခါးသီးသီး ပယ်ချလျက်ရှိပြီး ပါလက်စတိုင်း တို့ဘက်မှလည်း ဂျော်ဒန်မြစ်နှင့် မြေထဲပင်လယ်အကြား နယ်မြေအားလုံးကို ယင်းတို့ပိုင်ဆိုင် သည်ဟု ကြွေးကြော်လျက်ရှိရာ သီးခြားနှစ်နိုင်ငံ ထူထောင်ရေးနည်းလမ်းမှာ ပို၍မှေးမှိန်သွားခဲ့သည်။

 

နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံသစ် ထူထောင်ရေးကို ခါးခါးသီးသီး ငြင်းပယ်နေခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ပေ။ အော့စလို သဘောတူညီချက်အရ ပါလက်စတိုင်းနိုင်ငံသစ် ပေါ်ပေါက်လာပါက ပြည်ပရောက် ပါလက်စတိုင်း ဒုက္ခသည် ခြောက်သန်းသည် ယင်းပါလက်စတိုင်း နိုင်ငံသစ်ဂါဇာနှင့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြမည် ဖြစ်သည်။ ထိုအခါ ရှိရင်းစွဲ ပါလက်စတိုင်းများနှင့် ပေါင်းပါက အစ္စရေး၊ ဂျူး ခုနစ်သန်းကို ကျော်လွန် သွားမည်ဖြစ်ကာ အစ္စရေးအတွက် လုံခြုံရေးအရ ခြိမ်းခြောက်မှုဖြစ်လာပေလိမ့်မည်။ ထို့အပြင် ဂျူးလူဦးရေမှာ မှန်မှန်ကျဆင်းနေပြီး ပါလက်စတိုင်း လူဦးရေတိုးနှုန်းက မြင့်မားနေရာ ရေရှည်တွင် လူဦးရေဖိအားဒဏ်ကို ခံစားလာရမည်ဖြစ်၏။ ထို့ကြောင့်လည်း သဘောထားပြင်းထန်သော အစ္စရေးနိုင်ငံရေးသမားများက သီးခြားနှစ်နိုင်ငံအယူအဆကို လုံးဝလက်မခံနိုင်ဘဲ ဖြစ်နိုင်လျှင် ပါလက်စတိုင်း အာရပ်တို့ကို အနုနည်း၊ အကြမ်းနည်းမျိုးစုံဖြင့် ဖယ်ရှားပစ်လိုခြင်း ဖြစ်လေသည်။ 

 

အမေရိကန်နှင့် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံအချို့ပူးပေါင်း၍ ကြိုးပမ်းလျက်ရှိသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဆိုများမှာလည်း နှစ်ဖက်သဘော တူညီမှုမရရှိဘဲ ထစ်ငေါ့နေဆဲဖြစ်ပြီး အခြား တစ်ဖက်တွင်မူ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား စစ်ရှိန်မြှင့်လာနေသည်။ အစ္စရေးတို့က ဂါဇာတွင် ဟားမားစ်ချေမှုန်းရေးစစ်ဆင်မှု လက်စသတ်သည်နှင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းရန် စစ်ပြင်နေကြောင်း သတင်းများ ပေါ်ထွက်လျက်ရှိသည်။

 

သုံးသပ်ချက်နှင့် ရှေ့အလားအလာ

 

အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးနှင့် အီရန်တို့အကြား တင်းမာမှုများ ပိုမိုမြင့်တက်လာ နေလင့်ကစား နှစ်ဦးနှစ်ဖက် စစ်ကြေညာတိုက်ခိုက်မည့် ဒေသတွင်းစစ်ပွဲအဆင့်သို့ ပိုမို ကျယ်ပြန့်စွာ ရောက်ရှိလာရန် မလွယ်ကူလှသေးကြောင်း တွက်ဆရသည်။ အမေရိကန်၌ နိုဝင်ဘာလတွင် သမ္မတရွေးကောက်ပွဲရှိနေခြင်း၊ ရုရှားနိုင်ငံသည်လည်း ယူကရိန်းစစ်ပွဲတွင် အာရုံစိုက်နေရပြီး အီရန်ထံမှပင် ဒရုန်းနှင့်ဒုံးများ ဝယ်ယူနေရခြင်းတို့ကြောင့် နောက်ကွယ်မှ ဆရာကြီးများက ဤစစ်ပွဲကို အားပေးအားမြှောက်ပြုဖွယ်မရှိပေ။ 

 

အစ္စရေးနှင့် အီရန်တို့ကိုယ်တိုင်လည်း ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ ဓားစာခံခြောက်ဦး အသတ်ခံရမှုနောက်ပိုင်း နိုင်ငံရေးဖိအားများစွာကို ခံစားနေရသည်ဖြစ်ရာ ၎င်း၏ညွန့်ပေါင်းအစိုးရ ပြုတ်မကျရေးမှာ အဓိက ဦးစားပေးဖြစ်နေသည်။ ထို့ကြောင့်စွန့်စားရမှုကြီးမားသည့် ဒေသတွင်းစစ်ပွဲအဆင့်သို့ တက်လှမ်းလိုဖွယ်မရှိပေ။ အီရန်အနေဖြင့်လည်း အစ္စရေးနှင့် ထိပ်တိုက်စစ်ဖြစ်မည့်အစား ယခုကဲ့သို့ ကိုယ်ပွားစစ်ပွဲဆင်နွှဲကာ အစ္စရေးတို့ကို ဒုက္ခပေးနေသည့် ခြွေစစ်မဟာဗျူဟာကိုသာ ဆက်လက်ကိုင်စွဲနေမည်ဟု မှန်းဆရပါသည်။ အစ္စရေးတို့အနေဖြင့်လည်း အီရန်ကို တိုက်ရိုက်စစ်ဆင်မည့်အစား အီရန်၏ဩဇာခံ ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့ကိုသာ ဦးစားပေး နှိမ်နင်းသွားဖွယ်ရှိပြီး ယခင်လုပ်ဆောင်လေ့ရှိသည့် နည်းလမ်းများအတိုင်း ယင်းအကြမ်းဖက် အဖွဲ့များ၏ ခေါင်းဆောင်ပိုင်းကို နိုင်ငံပြင်ပတွင် လိုက်လံရှင်းလင်း သုတ်သင်သွားလိမ့်မည်ဟု မှန်းဆရပါသည်။ ဤသို့ဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် အပြန်အလှန် တိုက်ခိုက်သတ်ဖြတ်မှု သံသရာ ဆက်လက်လည်ပတ်နေဖွယ်ရှိပြီး ကမ္ဘာဆုံးတိုင် ပြီးဆုံးဖွယ်မရှိသော ပဋိပက္ခအသွင်ကို ဆောင်နေဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source-Myawady Webportal