ဒေသအကျိုး သယ်ပိုးအမှန် ခပေါင်းတမံ

Posted_Date

EN-Article-Category

Image

ဒေသအကျိုး သယ်ပိုးအမှန် ခပေါင်းတမံ

Body

ကမ္ဘာကြီးတွင် တိုးတက်များပြားလာသည့် လူဦးရေနှင့်အညီ စားနပ်ရိက္ခာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်၊ လက်ရှိလူဦးရေ တိုးတက်နှုန်းကို ကာမိစေရန်အတွက် ခေတ်မီ စိုက်ပျိုးရေး နည်းစနစ်များ အသုံးပြုကာစားနပ်ရိက္ခာတိုးတက်ထုတ်လုပ် ရေးကို တစ်ကမ္ဘာလုံး အနေဖြင့် အထူးပြုဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်းများ အောင် မြင်ဖြစ်ထွန်းစေရန် လိုအပ်ချက်များထဲတွင် ကောင်းမွန်သော မြေအမျိုးအစား၊ သီးနှံနှင့် ကိုက်ညီသည့် ရာသီဥတု၊ သီးနှံအလိုက် လိုအပ်သော ရေပမာဏရရှိမှု၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးမှု၊ မြေဩဇာ သွင်းအားစုနှင့် စိုက်နည်းစနစ်မှန်ကန်မှုတို့သည် အထူး လိုအပ်ပါသည်။ 

စားနပ်ရိက္ခာတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေရရှိရေးသည် အဓိကလိုအပ်ချက်များထဲက တစ်ခုအပါ အဝင်ဖြစ်သည်။ လိုအပ်သောအချိန်တွင် လိုအပ်သော ရေပမာဏ ပြည့်မီစွာ ရရှိပါမှ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ်သောရေကို လိုအပ်ချိန်တွင် ပေးဝေနိုင်ရန်အတွက် ဆည်တမံများ တည် ဆောက်၍ ရေသိုလှောင်ထိန်းသိမ်းခြင်း၊ရေပေးဝေရေးအခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် မြေပေါ်ရေသယံဇာတကို စီမံခန့်ခွဲခြင်းများအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။

ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းတွင် စိုက်ပျိုးရေးလုပ်ငန်းများ တစ်နှစ်ပတ်လုံး လုပ်ကိုင် နိုင်စေရန်  ပဲခူးရိုးမ အရှေ့ဘက်တောင်ကျောပေါ်မှ စတင်စီးဆင်းလာသော ခပေါင်းချောင်းကို ပိတ်ကာ ဒေသအတွင်း တစ်သီးစိုက်မှ နှစ်သီးစိုက်၊ နှစ်သီးစိုက်မှ သုံးသီးစိုက်ထိ စိုက်ပျိုးနိုင်ရန် အတွက် လိုအပ်သည့် စိုက် ပျိုးရေကို ပေးဝေနိုင်ရန်၊ နိုင်ငံတော် ၏လျှပ်စစ်လိုအပ်ချက်ကိုဖြည့် ဆည်းပေးနိုင်ရန်၊ စစ်တောင်းမြစ်ရေ ကြီးရေလျှံမှုကို အထိုက်အလျောက် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ခပေါင်း ရေလှောင်တမံ နှင့် ခပေါင်းရေလွှဲဆည်ကို တည်ဆောက်ခဲ့သည်။

ခပေါင်း ရေလှောင်တမံသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တည်ဆောက် ပြီးစီးခဲ့သည့် ရေလှောင်တမံများအနက် တတိယမြောက် သိုလှောင်ရေပမာဏ အများဆုံး ဖြစ်ပြီး တမံအမြင့်မှာ အဌမမြောက်အဆင့်ရှိ၍ ရေသောက်ဧရိယာအနေဖြင့် သတ္တမ‌မြောက် အများဆုံး ရေလှောင်တမံဖြစ်သည်။

ခပေါင်းရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တွင် တည်ရှိသည်။ ခပေါင်းရေလှောင်တမံကို ဂျပန်နိုင်ငံ Sanyu Consultant မှ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်၍ မြန်မာဆည်မြောင်းအင်ဂျင်နီယာများဖြင့် ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ခပေါင်းရေလှောင် တမံနှင့် ရေလွှဲဆည်ကို ၂၀၀၁-၂၀၀၂ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ တမံအလျား ၉၂၀ ပေ၊ တမံအမြင့် ၂၀၀ ပေ၊ ကန်ရေပြည့် သိုလှောင်ရေ ပမာဏ ၈၇၈၅၇၀ ဧကပေ၊ ရှိ၍ ပျမ်းမျှလျှပ်စစ်ထုတ်လွှတ်ဓာတ်အားမှာ နှစ်စဉ် ကီလိုဝပ်နာရီ သန်းပေါင်း ၁၂၀ ဖြစ်ပြီး အကျိုးပြုဧရိယာမှာ ၅၃၂၈၆ ဧက ဖြစ်သည်။

ခပေါင်းရေလှောင်တမံမှ လျှပ်စစ် ဓာတ်အား ထုတ်လွှတ်ပြီးနောက် စီးဆင်းလာသည့်ရေကို အောက်ဘက် ၅ မိုင်ကွာရှိ ခပေါင်းရေလွှဲဆည်မှတစ်ဆင့် လက်ယာတူးမြောင်းမကြီး (အုတ်တွင်းမြို့နယ်)၊ လက်ဝဲတူး မြောင်းမကြီး (တောင်ငူမြို့နယ်) တို့ဖြင့် ခွဲဝေ၍ စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ 

ဆည်ရေသောက်ဧရိယာများသို့ စိုက်ပျိုးရေပေးဝေရာတွင် ရေကို အ ကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးကြပ်၍ သက်ဆိုင်ရာ တောင်သူများ ပူးပေါင်းပါဝင်သော ရေအသုံးချသူများ အဖွဲ့များ ဖွဲ့စည်းကာ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့်ဆည်မြောင်း အဆောက် အအုံ၊ တူးမြောင်းပေါင်များ ထိန်း သိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

ရေအသုံးချသူများအဖွဲ့အနေဖြင့် တောင်ငူမြိုနယ် ကျေးရွာအုပ်စု ၁၄ ခုတွင် အဖွဲ့ဝင် တောင်သူ ၉၇၈ ဦး ပါဝင်သော ရေအသုံးချသူများအဖွဲ့ ၇၅ ဖွဲ့နှင့် အုတ်တွင်းမြိုနယ် ကျေး ရွာအုပ်စု ၃၉ ခုတွင် အဖွဲ့ဝင် တောင် သူ ၁၉၀၆ ဦး ပါဝင်သော ရေအသုံးချသူများအဖွဲ့ ၁၈၄ ဖွဲ့၊ စုစုပေါင်း အဖွဲ့ဝင် တောင်သူ ၂၈၈၄ ဦး ဖြင့် ၂၅၉ ဖွဲ့  ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။

ခပေါင်းဆည်ရေသောက်ဧရိယာအတွင်း ဇွန်လမှ အောက်တိုဘာလ ကုန်အထိ မိုးစပါးကို ကွက်ပြည့်စိုက်ပျိုးပြီး မိုးစပါးရိတ်သိမ်းပြီချိန် တောင်သူများ ရွေးချယ်မှုအရ နိုဝင်ဘာလလယ် ပိုင်းမှစ၍ ဖေဖော်ဝါရီလအတွင်း ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်းသီးနှံ (သို့မဟုတ်) ဇန်နဝါရီ လမှ စ၍ ဧပြီလအတွင်း နွေစပါးစိုက်ပျိုးလေ့ရှိကြသည်။

၂၀၂၃-၂၀၂၄ ခုနှစ်တွင် အုတ်တွင်းမြို့နယ်၌ မိုးစပါး ၄၀၀၀၀ ဧက စိုက်ပျိုးပြီး ဒုတိယသီးထပ် အဖြစ် ဆောင်းသီးနှံ ပဲတီစိမ်း၊ မတ်ပဲ ၈၃၀၈ ဧကကိုလည်းကောင်း၊ တတိယသီး ထပ် အဖြစ် နွေစပါး ၂၇၄၅၄ ဧကနှင့် မတ်ပဲ/ ပဲတီစိမ်း ၁၂၇၄၆ ဧကတို့ကို တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်ခဲ့သည်။ တောင်ငူမြို့နယ်တွင် မိုးစပါး ၁၃၂၈၆ ဧက စိုက်ပျိုးပြီး ဒုတိယသီးထပ်အဖြစ် ဆောင်းသီးနှံ ပဲတီစိမ်း၊ မတ်ပဲ ၅၈၂၇ ဧက ကိုလည်းကောင်း၊ နွေစပါးစိုက်ပျိုးရန်အတွက် လျာထား ၁၂၂၄၄ ဧကနှင့် ကျန် ၁၀၄၂ ဧကတွင် မတ်ပဲ/ ပဲတီစိမ်းတို့ စိုက်ပျိုးမည် ဖြစ်သည်။ခပေါင်းဆည်ရေသောက်ဧရိယာအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် တွင် စုစုပေါင်း မိုးစပါး ၅၃၂၈၆ ဧက၊ ဆောင်းသီးနှံ ၁၄၁၃၅ ဧက စိုက်ပျိုးခဲ့ပြီး နွေစပါး ၃၉၆၉၈ ဧက နှင့် နွေသီးနှံ ၁၃၅၈၈ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် အုတ်တွင်းမြို့နယ်တွင် နှစ်သီးစိုက် ဧရိယာများ အတွက် လက်ယာတူးမြောင်းမကြီးမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် လည်းကောင်း၊ သုံးသီးစိုက် ဧရိယာများအတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် လည်းကောင်း၊ တောင်ငူမြို့နယ်တွင် လည်း နှစ်သီးစိုက်ဧရိယာများအတွက် လက်ဝဲတူး မြောင်းမကြီးမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့တွင် လည်းကောင်း၊ သုံးသီးစိုက်ဧရိယာများအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင်လည်း ကောင်း စိုက်ပျိုးရေ စတင်ပေးဝေခဲ့ပြီး ဖြစ်သည်။

ယင်းသို့ ဆောင်းသီးနှံနှင့် နွေစပါးများ စိုက်ပျိုးနေချိန်တွင် သီးနှံအတွက် လိုအပ်သော ရေပမာဏ ကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် ဆည်ရေသောက် ဧရိယာ အတွင်း လိုအပ်သည့်ပြင်ဆင်မှုများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိသည်။

ခပေါင်းရေလှောင်တမံတည် ဆောက်ခဲ့ခြင်းကြောင့် တောင်ငူခရိုင်၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်း မြို့နယ်တို့တွင် ဆည်ရေဖြင့် တစ်သီးမှ နှစ်သီး၊ သုံးသီးထိ တိုးမြှင့်စိုက်ပျိုးလာနိုင်ခြင်း၊ စစ်တောင်းမြစ်ရေကြီးရေလျှံမှုကိုထိုက်အလျောက် ကာကွယ်နိုင်၍ ရေကြီးနစ်မြုပ်မှုဘေးမှ ကင်းဝေးခြင်း၊ နိုင်ငံတော် ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကြောင့် ဒေသနေ ပြည်သူတို့ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာကာ လူမှုစီးပွားဘဝလည်း တိုးတက်လာပြီ ဖြစ်၍ ခပေါင်းတမံသည် ဒေသအကျိုးအမှန်တစ်ကယ် သယ်ပိုးဆောင်ရွက်နိုင်သော တမံဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၄)

Posted_Date

Image

Article

Body

(ယခင်အပတ်မှအဆက်)

(ခ) ကက်ဆယ်တက္ကသိုလ်၊ ဂျာမနီနိုင်ငံ (The University of Kassel, Germany) 

ကက်ဆယ်တက္ကသိုလ်သည် ကျွန်တော် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဂျာမနီနိုင်ငံတွင် ပါရဂူဘွဲ့ သင်တန်းအတွက် တက်ခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။ ၁၉၇၁ ခုနှစ်တွင်မှ ကက်ဆယ်မြို့တွင် စတင်တည်ထောင်ခဲ့သောတက္ကသိုလ်တွင် မဟာဌာနပေါင်း (၈) ခု (Eight Faculties) နှင့် အဆင့်မြင့်ကျောင်းတစ်ကျောင်း(One School) ရှိပါသည်။

(၁) ဩဂဲနစ်စိုက်ပျိုးရေးသိပ္ပံများမဟာဌာန (Faculty of Organic Agricultural Science)

(၂) လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Sciences)

(၃) ဗိသုကာ၊ မြို့ပြစီမံကိန်းနှင့်ရှုခင်းစီမံကိန်းများမဟာဌာန (Faculty of Architecture, Urban Planning and Landscape Planning)

(၄) စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဟာဌာန (Faculty of Economics and Management)

(၅) သင်္ချာနှင့်သဘာဝသိပ္ပံများမဟာဌာန (Faculty of Mathematics and Natural Sciences)

(၆) မြို့ပြနှင့်ပတ်ဝန်းကျင်အင်ဂျင်နီယာ မဟာဌာန (Faculty of Civil and Environmental Engineering)

(၇) စက်မှုအင်ဂျင်နီယာမဟာဌာန (Faculty of Mechanical Engineering)

(၈) လျှပ်စစ်အင်ဂျင်နီယာနှင့်ကွန်ပျူတာသိပ္ပံပညာ မဟာဌာန (Faculty of Electrical Engineering and Computer Science) နှင့် ဝိဇ္ဇာ၊ အနုပညာနှင့်ဒီဇိုင်းဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Arts and Designs) တို့ဆိုပြီး ရှိပါသည်။ 

စိုက်ပျိုးမွေးမြူရေးပညာ မဟာဌာနက ကတ်ဆယ်မြို့နှင့် ၃၃ ကီလို မီတာ (မိုင် ၂၀ ခန့်) ဝေးကွာသော ဝတ်ဆင်ဟောင်ဆင်မြို့ (Witzen-hausen) ကလေးတွင်ရှိပါသည်။        

ဌာနများမှာ...

(က)မြေဆီလွှာနှင့်သီးနှံသိပ္ပံများအုပ်စု (Soil and Crop Sciences Group)

(က-၁) စိုက်ပျိုးရေးဆိုင်ရာဂေဟဗေဒစနစ်နှင့်ပုံစံထုတ်ခြင်းဌာန (Agroecosystems Analysis and Modelling Dept.)

(က-၂) စိုက်ပျိုးရေးနည်းပညာဌာန (Agricultural Technology Dept.)

(က-၃) မြေဆီလွှာဇီဝဗေဒနှင့် အဟာရဗေဒဌာန (Soil Biology and Plant Nutrition Dept.)

(က-၄) မြေဆီလွှာသိပ္ပံဌာန (Soil Science Dept.)

(က-၅) မြက်ခင်းပြင်သိပ္ပံနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဌာန (Grasslands Science and Renewable Resources Dept.)

(က-၆) ဩဂဲနစ်စိုက်နည်းစနစ်နှင့်သီးနှံစိုက်ပျိုးထုတ်လုပ်ရေးဌာန (Organic Farming and Crop Production Dept.)

(က-၇) အပူပိုင်းနှင့်အပူလျှော့ပိုင်းဒေသ  ဩဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်စိုက်ပျိုးရေးဂေဟစနစ် သုတေသနဌာန (Organic

Crop Production and Agroecosystem Research in the Tropics and Sub-Tropics Dept.) (ဤဌာန ပါမောက္ခဆရာတစ်ဦးထဲထံမှ ဒေါက်တာစိုးစိုးသိန်း၊ ကျွန်တော်၊ ဒေါက်တာသင်းနွယ်ထွေး၊ ဒေါက်တာဖြူသော်ထွန်း တို့ ပါရဂူဘွဲ့ရခဲ့ပါသည်။ မြန်မာများအပေါ် အလွန်သံယောဇဉ်ကြီးလွန်းသော ကျွန်တော့်ဆရာ ပါမောက္ခ ဒေါက်တာ အင်ဒရီယာဘူးကပ် (Professor Dr. Andreas Buerkert) ပါ)
(က-၈) ဩဂဲနစ်ဆိုင်ရာသီးနှံကာကွယ်ရေးဌာန (Ecological Crop Protection Dept.) (ဤဌာနမှ ဒေါက်တာတင်အေးအေးနိုင် ပါရဂူဘွဲ့ရခဲ့ပါသည်)

(က-၉) ဩဂဲနစ်ဆိုင်ရာအပင်မျိုးမွေးမြူရေးနှင့်ဇီဝမျိုးစုံထိန်းသိမ်းရေးဌာန (Organic Plant Breeding and Agrobiodiversity Dept.)

(က-၁၀) ပတ်ဝန်းကျင်ဆိုင်ရာဓာတုဗေဒဌာန (Environmental Chemistry Dept.) တို့ ဖြစ်ပါသည်။ 

(ခ) မွေးမြူရေးသိပ္ပံ (Livestock Science Group) အုပ်စု မြန်မာ ကျောင်းသား၊ ကျောင်းသူများ မရောက်ရှိ မသင်ကြားရသေးပါ။

(ခ-၁) တိရစ္ဆာန်များ၏အပြုအမူနှင့်တိရစ္ဆာန်မွေးမြူရေးဌာန(Animal Ethology and Animal Husbandry Dept.)

(ခ-၂) ပတ်ဝန်းကျင်ကောင်းမွန်စေသောမွေးမြူရေးဆိုင်ရာအာဟာရဗေဒဌာန (Environmentally Friendly Animal Nutrition Dept.)

(ခ-၃) အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသရှိတိရစ္ဆာန်များမွေးမြူရေးဌာန (Animal Husbandry in the Tropics and Sub-Tropics Dept.)

(ခ-၄) သမပိုင်းအတွက်မွေးမြူရေးပညာဌာန (Temperate Animal Husbandry Dept.) စသည်တို့ဖြစ်ပါသည်။

(ဂ) စီးပွားရေး၊ လူမှုရေးနှင့်အစားအသောက်သိပ္ပံများအုပ်စု (Economics, Social and Food Sciences Group)

(ဂ-၁)စိုက်ပျိုးမွေးမြူရေးနှင့်အစား အသောက်ဈေးကွက်ပညာဌာန (Agricultural and Food marketing Dept.)

(ဂ-၂) စီမံအုပ်ချုပ်မှုပညာဌာန (Business Administration Dept.)

(ဂ-၃)အပြည်ပြည်ဆိုင်ရာစိုက်ပျိုး ရေးမူဝါဒနှင့်ပတ်ဝန်းကျင်ဆိုင်ရာအုပ်ချုပ်မှုဌာန (International Agricultural Policy and Environmental Governance Dept.) (ဤဌာနမှ ဒေါက်တာချိုချိုစံ ဘွဲ့ရခဲ့ပါသည်)

(ဂ-၄) အပြည်ပြည်ဆိုင်ရာအစားအသောက်လုပ်ငန်းစီမံခန့်ခွဲမှုဌာန (Management in the International Food Industry Dept.)

(ဂ-၅) ဩဂဲနစ်အစားအသောက်ဆိုင်ရာအရည်အသွေးနှင့်အာဟာရဆိုင်ရာယဉ်ကျေးမှုဌာန (Organic Food Quality and Nutritional Culture Dept.)

(ဂ-၆) လူမှုပတ်ဝန်းကျင်ဆက်စပ်မှုဆိုင်ရာစိုက်ပျိုးရေးစနစ်ဌာန (Socio-ecological Interactions in Agricultural Systems Dept.)

(ဂ-၇) ကျေးလက်ဒေသလူမှုရေးပညာဌာန (Sociology of Rural Areas Dept.) တို့ဖြစ်ပါသည်။ 

တက္ကသိုလ်မှာ ၂၁ ဌာန ရှိပြီး ဆရာ ဆရာမ ဝန်ထမ်း ၂၅၀ ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်း သား ၁၂၀၀ ဦးခန့် ရှိပါသည်။ 

ဘွဲ့ကြိုသင်တန်းများမှာ - (ဂျာမာန်လိုသင်ကြားသည့်စနစ်နှင့် အင်္ဂလိပ်လိုသင်ကြားသည့်စနစ်)

(က) စိုက်ပျိုးမွေးမြူရေးပညာဘွဲ့ (ဩဂဲနစ်စိုက်ပျိုးရေး) – B.Sc. (Organic Farming)

(ခ) စိုက်ပျိုးရေးဘွဲ့ (အထူးပြုဘာသာရပ်နှစ်မျိုးတက်ရန်အခွင့်အရေးရှိ) – B.Sc. (Dual Degree in Agriculture)   စသည်တို့ဖြစ်ပါသည်။ 

ဘွဲ့လွန် မဟာသိပ္ပံ သင်တန်းများမှာ -

(က) မဟာသိပ္ပံ -  ဩဂဲနစ်စိုက် ပျိုးရေး (M.Sc. Organic Agriculture) မြန်မာနိုင်ငံ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒေါ် မြတ်သူမိုး တက်ရောက်ဘွဲ့ရရှိခဲ့ပါသည်။

(ခ) မဟာသိပ္ပံ - အပြည်ပြည်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲစေသော စိုက် ပျိုးရေး (M.Sc. International Sustainable Agriculture) ကတ်ဆယ်တက္ကသိုလ် (The University of Kassel) နှင့် ဂူတင်ဂန် တက္ကသိုလ် (The University of Gottingen) ပူးတွဲဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ကျောင်းသား၊ကျောင်းသူများမှာ တက္ကသိုလ် နှစ်ကျောင်းလုံးသို့ သွား ရောက်သင်ကြားရန် အခွင့်အရေးရရှိပါသည်။

တက္ကသိုလ်များမှာ နာရီဝက်လောက်ပဲ ကား၊ ရထားနှင့် သွားလို့ရ၍ ကျောင်းသား၊ ကျောင်းသူများ တနေရာတည်းနေပြီး တက္ကသိုလ်နှစ်ခုစလုံးရှိ ဓာတ်ခွဲခန်းများ (Laboratories)၊  စာကြည့်တိုက်များ (Libraries)၊ သုတေသနစိုက်ကွင်းများ (Experimental Farms)၊ ဆရာ၊ ဆရာမနှင့် သုတေသန ပညာရှင်များ (Teaching and Research Staff, Academia) နှင့် အခြားအရင်းအမြစ်များစွာ (Other Resources from both Universities) တို့ကို အသုံးချနိုင်သော အခွင့်အရေးများစွာ ရရှိသွား ပါတော့သည်။

အလွန်မတန်မှ တီထွင်ဖန်တီးထားသော ကောင်းမွန်သည့် စနစ်များဖြစ်ပါသည်။အတုယူဖွယ် ကောင်းလှပါသည်။  နေပြည်တော် ရေဆင်းရှိ တက္ကသိုလ် ၃ ခု ဤကဲ့သို့ စနစ်ကို ဖန်တီးပေးပါက အလွန်အကျိုးရှိပါလိမ့်မည်ဟု စိတ်ကူးယဉ်မိပါသည်။

(ဂ) မဟာသိပ္ပံ - စိုက်ပျိုးမွေးမြူရေး၊ ပတ်ဝန်းကျင်နှင့်အဖွဲ့အစည်းများ (M.Sc. Agriculture, Ecology and Societies)

(ဃ) မဟာသိပ္ပံ -အပြည်ပြည်ဆိုင်ရာအစားအစာကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူများအားလေ့လာခြင်းပညာ (M.Sc. International Food Business and Consumer Studies) တို့ဖြစ်ပါသည်။

ကတ်ဆယ်တက္ကသိုလ် (The University of Kassel) နှင့် ဖူလ်ဒါအသုံးချသိပ္ပံတက္ကသိုလ် (The University of Applied Science - Fulda) တို့ပူးတွဲဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ ကျောင်းသား၊ကျောင်းသူများမှာ တက္ကသိုလ်နှစ်ကျောင်းလုံးသို့ သွားရောက်သင်ကြားရန် အခွင့် အရေးရရှိပါသည်။

ကျွန်တော်တို့ တက္ကသိုလ်မှာ ရေဆင်းရှိ တက္ကသိုလ်နှင့်သုတေသနဌာနများကဲ့သို့  ‘အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသ ဂျာမန် စိုက်ပျိုးရေးသုတေသနဌာန’ (German Institute for Tropical and Sub-tropical Agriculture) နှင့် ကပ်လျက်တည်ရှိပါသည်။ ထို့အတူ ‘အပူပိုင်းဒေသ သီးနှံသုတေသန မှန်ခြံ (Greenhouse for Tropical Crops -ဂျာမနီတစ်နိုင်ငံလုံးမှာတစ်ခု တည်း ရှိပါသည်) လည်းရှိနေတော့ ကျွန် တော်တို့သုတေသန ပြုလုပ်ရာတွင်လည်း အလွန်အဆင် ပြေလှပါသည်။ ထိုမှန်ခြံတွင် အပူပိုင်းဒေသ အပင်ပေါင်း ၄၀၀ ကျော်ရှိပါသည်။ စပါး ဆီအုန်း၊ အုန်းပင် အပူပိုင်းဒေသ အပင်များကို စုံလင်အောင်ထားပေးထားရာ ဂျာမနီတနိုင်ငံလုံးမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ သူတို့ရဲ့ စိုက်ပျိုး၊ မွေးမြူရေး သင်ရိုးညွှန်းတမ်းအရ စနေ၊ တနင်္ဂနွေနေ့တိုင်း လေ့လာရေးခရီး လာရောက်ကြရာ အလွန်ကျေးဇူးများလှသော အစီအစဉ်ပင် ဖြစ်ပါတော့သည်။

(ဆက်လက်ဖော်ပြပါမည်။)

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃)

Posted_Date

Image

Article

Body

(ယခင်အပတ်မှ အဆက်)

(င) စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics) 

ကျွန်တော် တို့တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ မရှိပါ၊ အာမီဒေးလ်မြို့ နယူးအင်္ဂလန် တက္ကသိုလ် (The University of New England, Armidale) တွင်တော့ ဦးဘွန်သိန်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါက်တာဒေါ်လီကျော်တို့တက်ရောက်ခဲ့ပါသည်၊ အားလုံးအငြိမ်းစား ယူကုန်ကြပါပြီ၊ ဆစ်ဒနီတက္ကသိုလ် (Sydney University) တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒေါက်တာတင်စိုး စိုက်ပျိုးစီး ပွားရေးပညာ ပါရဂူဘွဲ့ ရခဲ့ပါသည်၊ ယခုတော့ဆရာကွယ်လွန်သွားပြီဟု ကြားသိရပါသည်။

(စ) မြေဆီလွှာသိပ္ပံ (Soil Science) ၊ ဆရာကြီးဦးညွန့်ရွှေ တက်ရောက် ဘွဲ့ရခဲ့ပါသည်။

(ဆ) စိုက်ပျိုးရေးဆိုင်ရာကိမိလဗေဒ (Agricultural Entomology) ၊ ဆရာကြီး ဒေါက်တာမြင့်သောင်း၊ ဦးခင်မောင်သန်း၊ ဦးရန်လင်း ဒေါက်တာအောင်ကြည်၊ ဒေါ်ဝင်းဝင်းမြင့်တို့ တက်ရောက်ဘွဲ့ရခဲ့ပါသည်။

(ဈ)    စိုက်ပျိုးပညာပေးရေး (Agricultural Extension) ၊ ဒေါက်တာဒေါ်ခင်ဦး တက်ရောက်ဘွဲ့ရခဲ့ပါသည်။

(ည) သဘာဝအရင်းအမြစ်များ စီမံထိန်းသိမ်းရေး (Natural Resources management) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။

(ဋ) အပင်မျိုးစပ်မွေးမြူရေး (Plant Breeding) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။

(ဌ) ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကွပ်ကဲရေး  (Rural Development, Administration and Management) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။ 

ကျွန်တော်တို့နိုင်ငံမှာ ထိုစဉ်က ကိုလံဘိုစီမံကိန်း (Colombo Plan) အရ ဩစတေလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Australian International Development Assistance Bureau - AIDAB) က ကူညီမှုဖြင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် သစ်တောအပါအဝင် အင်ဂျင်နီယာ စီးပွားရေး၊ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များ အပါအဝင်မှ တစ်နှစ်လျှင် ၁၀ ဦး မှ ၂၀ ဦးခန့်သာ ပညာတော်သင် ရရှိပါသည်။ အများစုကတော့ မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးရှိ ဆရာ၊ ဆရာမများပေါ့။ 

ထိုအချိန်တွင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက် နမ် စသည့်နိုင်ငံများက ကိုလံဘို စီမံ ကိန်း အပါအဝင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုး ရေးဘဏ် စသည့် စီမံကိန်းများစွာဖြင့် တစ်နှစ်လျှင် ဦးရေ ၁၀၀-၂၀၀ ခန့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု (Human Re-source Development - HRD) အတွက် ဩစတေလျ (Australia)၊ အမေရိက (US)၊ ယူကေ (UK)၊ ဥရောပ (Europe)၊   ဂျပန် (Japan)၊ ကိုရီးယား (Korea) စသည့်နိုင်ငံများသို့ အပြိုင်အဆိုင် စေလွှတ်နေကြရာ နှစ်တိုင်း ၁၀ ဆမှ အဆ ၂၀ စသည်ဖြင့် ကွာချင်တိုင်း ကွာသွားပါတော့သည်။ 

ထိုစဉ်က တရုတ်နိုင်ငံ (China) မှ သူငယ်ချင်းများနှင့်တွေ့ရာ သူတို့နိုင်ငံ နိုင်ငံခြားပညာသင် မူဝါဒ (Foreign Study Policy) အရ ကျောင်းသားပေါင်းများစွာ (ရာ၊ ထောင်ချီ၍) ကို နိုင်ငံတော် ဘဏ္ဍာငွေ ပညာတော်သင်ဆု (State Scholarships) ဖြင့် ၃ လစာ ပေးလွှတ်လိုက်ပြီး ပညာဆုံးခန်းတိုင် အောင်တော့ ကို့ယ်အားကိုယ်ကိုးစနစ်ဖြင့် လုပ်ဆောင်ဟု ညွှန်ကြား လိုက်ကြောင်း နားထောင်မိပါသည်။ ဘွဲ့ရပြီး မိမိနိုင်ငံ မပြန်တဲ့သူကလည်း အနည်းဆုံး မိမိဆွေမျိုး သားချင်း၊ အိမ်ထောင်စုသို့ ငွေပြန်ပို့ကြရာ တနည်းအားဖြင့် နိုင်ငံခြားဝင်ငွေ (Foreign Exchange – FE) များစွာ ရရှိသွားပါတော့သည်။ 

ထိုစဉ်က ကျွန်တော်တို့နှင့် အတူတူ ကျောင်းတက်ခဲ့ရသည့် ထိုင်းနိုင်ငံဆိုလျှင်လည်း ယခု ထိုင်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Thailand International Development Agency - TICA) ဖွဲ့စည်းပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားမှ ကျောင်း သားများကို ထောက်ပံ့အကူအညီပေးရာ မြန်မာ ကျောင်းသား၊ ကျောင်းသူများသည်ပင် ထိုင်းနိုင်ငံတက္ကသိုလ်များသို့ သွားရောက် ပညာဆည်းပူးနေရသည့်အဆင့်သို့ ရောက်သွားပါပြီ၊ ကျွန်တော်တို့ စိတ်ဓာတ်ကျစရာတော့မလိုပါ။ ကြိုးစားရပါမည်။

၂၀၁၇-၁၈ ကျွန်တော် ကွင်းစလန်တက္ကသိုလ်ပြန်ရောက်တော့ စုစုပေါင်းကျောင်းသား ငါးသောင်းကျော် ရှိနေပြီး (ဘွဲ့လွန်ကျောင်းသား နှစ်သောင်းကျော်) မဟာဌာနပေါင်း (Faculties) ၆ ခု ရှိပြီး ပေါင်းတန်ပေါင်း၊ ဖြုတ်တန်ဖြုတ်၊ အသစ်ထပ်ထည့်တန်ထည့် စသည်ဖြင့် ပြောင်း လဲနေသည့် ခေတ်၊ စနစ်နှင့်အညီ ပြုလုပ်နေပါသည်။

ကွင်းစလန်တက္ကသိုလ်ရှိ မဟာဌာနများကတော့...

(က) ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေးနှင့်ဥပဒေမဟာဌာန (Faculty of Business, Economics and Law)

စိုက်ပျိုးစီးပွားရေးပညာကို အသေးစိတ်လေ့လာလိုပါက မိမိစိုက်ပျိုးရေး ဘာသာ များသာမက ဤမဟာဌာနမှ သက်ဆိုင်သောဘာ သာရပ်များ ပူးတွဲတက်ရောက်ခွင့် အခွင့်အလမ်းလည်း ရသွား ပါသည်၊ မြန်မာနိုင်ငံတွင်မူ စိုက်ပျိုးရေး တက္က သိုလ်ကသတ်သတ်၊ စီးပွားရေးတက္က သိုလ်က တစ်နေရာစီ သတ်သတ်စီ ဖြစ်နေတော့ ကျောင်းသားတွေ ဘာသာရပ်အစုံ သင်ယူခွင့် (Credit Transfer with Cross-enrollment) ပြုနိုင်ပါကအလွန်ကောင်းမွန်ပါလိမ့်မည်။

(ခ) သိပ္ပံမဟာဌာန (Faculty of Science)

ဤမဟာဌာနအောက်တွင်...

(ခ-၁) စိုက်ပျိုးရေးနှင့်အစားအ သောက်သိပ္ပံအဆင့်မြင့်ကျောင်း (School of Agriculture and Food Sciences)

ကျွန်တော်တို့တုန်းက အစားအ သောက်သိပ္ပံ (Food Science) ဘာသာရပ် မရှိသေးပါ၊ ယခုခေတ်တွင်တော့ သူကအရေးပါလာပါပြီ။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်လည်း အထူးပြုဘာသာ အဖြစ် စတင်သင်ကြားနေပါပြီ။

ကွင်းစလန် တက္ကသိုလ်၌ ယခုအချိန် ဘွဲ့ကြိုကျောင်းသား အထူးပြု ဘာသာရပ်များအနေနှင့်..
•    စိုက်ပျိုးရေးဆိုင်ရာကူးသန်းရောင်းဝယ်ရေးပညာ (Agribusiness)
•    စိုက်ပျိုးမွေးမြူရေးပညာ (Agriculture)
•    အပင်သိပ္ပံ (Plant Science)
•    မြေဆီလွှာသိပ္ပံ (Soil Science)
•    မွေးမြူရေးသိပ္ပံ (Animal Science)
•    အစားအသောက်သိပ္ပံ (Food Science)
•    တောရိုင်းတိရစ္ဆာန်များဘဝဆိုင်ရာသိပ္ပံ (Wildlife Science)
•    မြင်းမွေးမြူရေး၊ အသုံးပြုမှုနှင့်ဆိုင်သောသိပ္ပံ (Equine Science) စသည်တို့ သင်ကြားလျက် ရှိနေပါသည်။ 

တောရိုင်းတိရစ္ဆာန်များဘဝဆိုင်ရာသိပ္ပံနှင့် မြင်းမွေးမြူရေး၊ အသုံးပြုမှု နှင့်ဆိုင် သောသိပ္ပံမှာ သူတို့နိုင်ငံအတွက်အသုံးဝင်၍ အထူး ပြု အနေဖြင့် ထည့်ထားခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ အပါ အဝင် စိုက်ပျိုးရေးနိုင်ငံများ ယနေ့ခေတ် လိုအပ်လျက်ရှိသော စိုက်ပျိုး ရေး အင်ဂျင်နီယာဘာသာရပ် (Agricultural Engineering) ကိုတော့ ကွင်းစလန်တက္ကသိုလ်က မပေးပါ၊ ကွင်းစလန် တောင်ပိုင်းတက္ကသိုလ် (University of Southern Queensland) က ဤဘာသာရပ်နှင့် ပတ်သက်၍ နာမည် ကြီးပါသည်။ နိုင်ငံတကာ ကျောင်း သား၊ ကျောင်းသူများစွာ တက်ရောက်သင်ကြားလျက် ရှိပါသည်။

(ခ-၂) ဇီဝသိပ္ပံအဆင့်မြင့်ကျောင်း (School of Biological Sciences)

ကျွန်တော် တက္ကသိုလ်တွင်ရှိစဉ်က ဂျပန်ပညာရှင်က မင်းတို့နိုင်ငံမှာ ဇီဝဗေဒ (Biology) ဘာသာရပ်မရှိဘူးလား ဟူ၍ မေးပါသည်။ ကျွန် တော်က ယခင် ကရှိပါတယ်၊ ယခုတော့ ရုက္ခဗေဒ (Botany) နှင့် သတ္တ ဗေဒ (Zoology) ပေါင်းပြီးတော့ ဇီဝဗေဒအနေနှင့်ရှိတယ်မဟုတ်ဘူးလားဟူ၍ ပြန်ဆွေးနွေးရာ တခြားစီပဲ ဒီဘာသာအထူးပြု (Biology Specialization) တက္ကသိုလ်များမှာ ပေးသင့်ပါသည်ဟူ၍ ပြောပါသည်။ ဒီဘာသာမှနေ၍ ဆေးပညာ၊ မွေး မြူရေးပညာ၊ စိုက်ပျိုးရေး၊ သစ် တော၊ ဇီဝဓာတုဗေဒ (Biochemistry)၊ မော်လီကျူးဆိုင်ရာ ဇီဝ ဗေဒ (Molecular Biology) စသည်ဖြင့် အသုံးချသိပ္ပံ (Applied Sciences) ဘက်ကို ပြောင်းလဲသွားရမည် ဖြစ်ပါ၍ အလွန်အရေးပါသောဘာသာရပ်ကြီး ဖြစ်ပါသည်။

(ခ-၃)ဓာတုနှင့်မော်လီကျူးဆိုင်ရာဇီဝအဆင့်မြင့်ကျောင်း (School of Chemistry and Molecular Bio Sciences)

(ခ-၄) မြေဆီလွှာနှင့် ပတ်ဝန်းကျင်သိပ္ပံဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Earth and Environmental Science)(ခ-၅) သင်္ချာနှင့်ရူပဆိုင်ရာ အဆင့်မြင့်ကျောင်း (School of mathematics and Physics)

(ခ-၆) တိရစ္ဆာန်ကုသရေးဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Veterinary Science) တို့ ဆိုပြီး ရှိပါသည်။ 

ကွင်းစလန်တက္ကသိုလ်ရှိ နောက် ထပ်မဟာဌာနများအနေဖြင့်တော့...

(ဂ) အင်ဂျင်နီယာ၊ ဗိသုကာနှင့်ဆက်သွယ်ရေးနည်းပညာ မဟာဌာန (Faculty of Engineering, Architecture and Information Technology)

(ဃ) ကျန်းမာရေးနှင့်လူမှုကျင့်ဝတ်သိပ္ပံ မဟာဌာန (Faculty of Health and Behavioral Sciences)

(င) လူသားတို့လောကနှင့်လူမှုရေးသိပ္ပံ မဟာဌာန (Faculty of Humanity and Social Sciences) နှင့်

(စ) ဆေးဝါးပညာ မဟာဌာန (Faculty of Medicine) တို့ ဖြစ်ပါသည်။

အဆင့်မြင့်သုတေသနဌာန  (Advanced Research Institute ) ပေါင်း ၉ ခုရှိပါသည်။ ၎င်းတို့မှာ ကွင်းစလန် စိုက်ပျိုးရေးနှင့် အစား အစာ တီထွင်ဖန်တီးမှု မဟာမိတ်အုပ်စု (Queensland Alliance for Agriculture and Food Innovation)၊ လူမှုရေးသိပ္ပံဆိုင်ရာ သုတေသနဌာန (Institute for Social Science Research)၊ ဩစတေလျ ဇီဝအင်ဂျင်နီယာနှင့်နာနိုနည်းပညာသုတေသနဌာန (Australian Institute for Bio engineering and Nano Technology)၊ မော်လီကျူးဆိုင်ရာဇီဝသိပ္ပံသုတေသနဌာန (Institute for Molecular Bio-Sciences)  တို့သည် စိုက်ပျိုးမွေးမြူရေး သင် ကြား၊ သုတေသနပြုနေသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်သက်နေပါသည်။ 

နိုင်ငံတစ်ဝန်းနှင့်ဆက်စပ်၍ ပညာ ရပ်ဆိုင်ရာအစုအဖွဲ့ (ARC Center of Excellence) ပေါင်း ၈ ခုတွင်လည်း သဘာဝနှင့်စိုက်ပျိုးရေး အတော်ဆုံးအစုအဖွဲ့ (ARC Center of Excellence for Plant Success in Nature and Agriculture) သည်လည်း ဤတက္ကသိုလ်တွင် ရှိပါ သည်။  ကွင်းစလန်တက္ကသိုလ်မှာ ၂၀၂၂ ခုနှစ် တစ်ကမ္ဘာလုံး စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား၊ သုတေ သနပြုမှု အကောင်းဆုံးတက္ကသိုလ် အမှတ်စဉ် ၁၆ တွင် ရှိပါသည်။

စိုက်ပျိုး၊ မွေးမြူရေးပညာကို ကွင်းစလန်တက္ကသိုလ်အပါအဝင် ဩစတေလျ တက္ကသိုလ်ပေါင်း  ၃၄  ကျောင်း မှာ ဘွဲ့ကြို၊ ဘွဲ့လွန်ပညာများ သင် ကြားလေ့လာနိုင်ပါသည်။  ၂၀၂၁ ခုနှစ်က လူဦးရေ ၂၅ ဒသမ ၇၄ သန်းသာရှိသောနိုင်ငံမှာ တက္ကသိုလ်များစွာက ခေတ်မီ စိုက်ပျိုး၊ မွေးမြူရေးပညာများကို သင်ကြား၊ သင်ယူ သုတေသနပြုနေကြသည်များကို အားကျအတုယူဖွယ် ကောင်းလှပါသည်။

ဤတက္ကသိုလ်ကို အကြောင်းပြု၍ ကျွန်တော်တို့ နိုင်ငံတက္ကသိုလ်များက အတုယူ နိုင်သည်မှာ -

(၁) စိုက်ပျိုးရေးတက္ကသိုလ် (Agricultural University) ဟူ၍ အမည်တပ်ထားပြီး သီးနှံ သိပ္ပံအုပ်စု (Crop Science Cluster) ကိုသာ ဘောင်ကျဉ်းကျဉ်းလေး ခတ်မထားဘဲ ဘာသာရပ်မျိုးစုံ တိုးချဲ့ သင်ကြား ရပါမည်၊ စုစုပေါင်း ကျောင်းသား အရေအတွက် ၂၀၀၀-ခန့် နှင့် သူတို့ရှိ စုစုပေါင်းကျောင်းသား ၅၀၀၀၀ ငါးသောင်းကျော်၊ ဘွဲ့လွန် ကျောင်း သား ပေါင်း နှစ်သောင်းကျော်နှင့်  နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

(၂) သုတေသနစိုက်ကွင်း အကျယ် အဝန်း ဟက်တာ ၁၀၀၀-ကျော် (၂၅၀၀-ဧကခန့်) နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်၊ တက္ကသိုလ်နှင့်သုတေသ နဌာန ပေါင်းစပ်ထားသော နယ်သာ လင်ပုံစံ (Netherlands WUR Model) အတုယူနိုင်ပါသည် (ဗာဂန်နီဂန်တက္ကသိုလ် အကြောင်း ရောက်လာလျှင် အသေးစိတ်ဆွေးနွေးပါမည်)။

(၃) ဘာသာရပ်ပေါင်းစုံလင်စွာရှိ၍ စိုက်ပျိုးရေးမြေဆီလွှာသိပ္ပံ (Agricultural Soil Science) အဓိကယူသူများက ဘူမိဗေဒ (Geology)၊ ပထဝီ (Geography)၊ ရာသီဥတုပညာ (Meteorology/Climatology)၊ ဓာတုဗေဒ (Chemistry)၊ ရူပဗေဒ (Physics)၊ အဏုဇီဝဗေဒ (Microbiology)၊ စာရင်းအင်းပညာ (Statistics)၊ သစ်တော ပညာ (Forestry)၊ ပတ်ဝန်းကျင်သိပ္ပံပညာ (Environmental Science) ဌာနကြီးများရှိ ဘာသာရပ်များ တွဲဖက် သင်ယူနိုင်ခြင်း၊ သုတေသနများ ပူးတွဲလုပ် ဆောင်နိုင်ခြင်း စသည့် အားသာချက်များစွာရရှိနိုင်ပါသည်။

အခြားနိုင်ငံမှ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်များအကြောင်းကိုလည်း ဆက်လက် ဆွေးနွေး တင်ပြသွားပါဦးမည်။ 

မက်မန်းမြို့သို့ နှစ်ခေါက်လေ

Posted_Date

EN-Article-Category

Image

Article

Body

ရင်ထဲက မော်ဖဒေသ ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာ ကာလအတွင်း မှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။ အချို့နေရာများ ကတော့ဖြင့် နှစ်ကြိမ်နှစ်ခါမက မကြာခဏ ရောက်ခွင့်ကြုံခဲ့သည်။ ထိုကဲ့သို့ ရောက်ခွင့်ကြုံသော မြို့ရွာဒေသများကအပြန်၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါးများရေးတော့မည်ဆိုလျှင် ငယ်စဉ်က ကြည့်ရှုခဲ့ရသည့် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား၏အမည်က ခေါင်းထဲမှာ အလိုလို ပေါ်လာပါတော့သည်။ ဒါရိုက်တာကြီး အဘ ဦးတင်ယု ရိုက်ကူးခဲ့သော “မေတ္တာဘုံသို့ နှစ်ခေါက်လေ” ဇာတ်ကား၊ ရုပ်ရှင်မင်းသားက ဦးဇော်ဝမ်း၊ မင်းသမီးက အကယ်ဒမီဒေါ်တင်တင်ညို ထင်ပါသည်။ ထိုဇာတ်ကား အမည်ကို သဘောကျသဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုမိန်းဒေသမှ အပြန်တွင် ဟိုမိန်းမြို့သို့ နှစ်ခေါက် လေဟူ၍ လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့အသွား ခန္တီးနှင့် လဟယ် အကြားက အမြင့်ပေ ၄၉၉၇ ပေရှိ ထိန်ညိုတောင်အား ဖြတ်ကျော်ခဲ့ရသည်ကို အကြောင်းပြု၍ ထိန်ညိုတောင်သို့ နှစ်ခေါက်လေဟူ၍ လည်းကောင်း အမည်ပေးကာ ဆောင်းပါးများ ရေးခဲ့ဖူးပါသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင် ကူးတို့ဆိပ်မှတစ်ဆင့် ပင်လယ်ဝကိုဖြတ်ပြီး အငူမော် ဆိပ်ကမ်းသို့ စက်လှေဖြင့်ကူးကာ ထိုမှမော်တော်ယာဉ်ဖြင့် အငူမော်-မောင်တောလမ်းအတိုင်း မောင်းသွားလျှင်၂၄ မိုင် သာသာလောက်မှာ ကျောက်ပန္ဒုဟုအမည်ရသည့် ကျေးရွာလေးကို ရောက်ပါသည်။ ပင်လယ်ကမ်းစပ် အနီးမှာ ဆေးတံခေါင်းကြီးသဖွယ် ကျောက်တုံးကြီး တည်ရှိနေသောကြောင့် ကျောက်ပန္ဒုဟု ခေါ်ခြင်း ဖြစ်ကြောင်းသိရ၏။ ထိုရွာလေးမှာ ဒေသခံ ရခိုင်၊ မြို၊ ခမီ တိုင်းရင်းသားများအတွက် နေအိမ်များ ဆောက်ပေးခဲ့ရသည်။ ယင်းဒေသမှအပြန် ကျွန်တော်ဆောင်းပါးတစ်ပုဒ် ရေးလိုက်သောအခါ   ပေးလိုက်မိသည့် ခေါင်းစဉ်က ကျောက်ပန္ဒုသို့ နှစ်ခေါက်လေ ဟူ၍----------။
    ယခုလည်း ကျွန်တော် တင်ပြမည့် မက်မန်းမြို့လေးနှင့် ပတ်သက်၍ သည်ခေါင်းစဉ်ကိုပဲ ရွေးမိသည်။ ဝန်ထမ်းဘဝ အငြိမ်းစားယူခါနီး ၂၀၁၈ ခုနှစ်ထဲမှာ မက်မန်းကို ပထမအကြိမ် ရောက်ဖြစ်ခဲ့သည်။ ၄ နှစ်ခန့်အကြာ ပြန်လည်ရောက်ခဲ့သည့် ယခုခရီးစဉ်ကမူ ကျွန်တော့်ရင်ထဲက ပြင်းပြသော ဆန္ဒတစ်ခုကို အကြောင်းပြု၍  ရောက်ခဲ့သည်ဟု ပြောရမည်သာ။ စင်စစ်သော်ကား ထိုဒေသတွင် တာဝန်ထမ်းဆောင်ဖူးသော ဝန်ထမ်းများ၊ တပ်မတော်သားများအနေဖြင့် မက်မန်း မြို့လေးကိုလည်းကောင်း၊ မော်ဖဒေသကိုလည်းကောင်း လွမ်းမောတသ အမှတ်ရနေကြပါလိမ့်မည်။ ကျွန်တော်သည်ပင်လျှင် တပ်မတော်သားဘဝဖြင့် မော်ဖဒေသသို့မရောက်ခဲ့သော်ငြားလည်း ၁၉၉၅ ခုနှစ် နတလဝန်ထမ်းဘဝ စသည်နှင့် မော်ဖဒေသက ရင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာပါတော့သည်။ မော်ဖ ဒေသသည် နှစ်ပေါင်း ၂၀ နီးပါးမျှ ဗကပတို့၏ ဝင်ရောက်ကြီးစိုး ချယ်လှယ်မှုကို ခံခဲ့ကြရသည်။ အစိုးရအုပ်ချုပ်မှုယန္တရား လက်လှမ်းမမီသော အရပ်ဒေသများဖြစ်၍ ဆင်းရဲနွမ်းပါးမှုနှင့်အတူ အစစ အရာရာ နိမ့်ကျခဲ့ရသည်။ တပ်မတော်က မင်းရန်အောင် စစ်ဆင်ရေးဖြင့် ဆင်နွှဲခဲ့သော ပွိုင့် ၅၇၁၀ ၊ ပွိုင့် ၆၀၂၈ ၊ လွယ်ဟိုလာ တိုက်ပွဲကြီးများအကြောင်းကို ပြန်လည်ကြားသိရသည်။ ၁၉၈၉ ခုနှစ်တွင် ကိုးကန့် ၊ ‘ဝ’ ၊ မိုင်းလား အထူးဒေသ-၄ အဖွဲ့များ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာကြ သောအခါ မော်ဖဒေသသည်လည်း ငြိမ်းချမ်းခြင်းနှင့်အတူ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၏ အသီးအပွင့် များကို ခံစားခွင့်ရရှိသောဒေသဖြစ်ခဲ့သည်။
မော်ဖဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အစ
    ၁၉၈၉ ခုနှစ်တွင် မော်ဖဒေသ၌ ကျေးရွာအုပ်စု ၁၁ စု ကျေးရွာပေါင်း ၆၉ ရွာသာ ရှိသေး သည်။ မက်မန်း၊ ကောင်းလန်း၊ အေးကျန့်၊ ငှက်ယောင်း၊ ဝိန်းနောင်၊ ဆွတ်ဝိုး၊ မော်ဝမ်နှင့် တာကော်လေး တို့တွင် အ-မ-က ကျောင်းများ စတင်ဖွင့်လှစ်ပေးပြီး ဆက်လက်၍ မုလု၊ မန်ဝိန်း၊ အိုင်ကလောင်၊ ပန်ခူး၊ နမ့်တော်၊ ရောင်အူ၊ ပန်နင်း၊ ဝမ်းစလောင်း၊ မငေါက်၊  ပန်ပွဲ၊ ကွန်ဟောင်းကြီး၊ တွယ်နောက်နှင့် ငဟောင်တို့တွင် အ-မ-က ကျောင်းများ ဆက်တိုက်ဖွင့်လှစ်ပေးခဲ့သည်။ ကျန်းမာရေး ကဏ္ဍ၌ ၁၉၈၉ ခုနှစ်တွင် မက်မန်း ဆေးရုံ၊ ဆွတ်ဝိုးဆေးရုံ၊ ဝိန်းနောင်ဆေးပေးခန်းများ စတင် ဖွင့်လှစ်ပေးပြီး ဝမ်းစလောင်း၊ ရောင်အူ၊ ငှက်ယောင်း၊ ကောင်းလန်း၊ မုလု၊ တာကော်လေး၊ မန်ဝိန်း တို့၌ ဆေးပေးခန်းများ ဆက်လက်ဖွင့်ပေးခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ၌ မော်ဖဒေသနေ တိုင်းရင်းသား သွေးချင်းများအတွက် တပ်မတော် သက်သာအရောင်းဆိုင် ၁၇ ဆိုင် ဖွင့်လှစ်ပေးကာ ဆန်၊ ဆီ၊ ဆား များကို ဈေးနှုန်းသက်သာစွာ‌ ရောင်းချပေးပြီး ငါးခြောက် ပိဿာ ၁၀၀၀ ၊ ဆား ပိဿာ ၅၀၀၀ ၊ သကြားနှင့် ဘီစကွတ်မုန့်များ ထောက်ပံ့လှူဒါန်းခဲ့သည်။ နတလ လုပ်ငန်းကော်မတီ အစီအစဉ်ဖြင့် အိမ်မိုးသွပ်များ၊ ပြောင်သွပ်များ၊ ဘိလပ်မြေနှင့် သံမျိုးစုံ၊ 4 KVA မီးစက်များ ပေးပို့လှူဒါန်းခဲ့သည်။ ပညာရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ကလည်း မော်ဖဒေသအတွက် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ပါသည်။ နတလမှပေးပို့သော မီးစက်များဖြင့် ၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့ မှစ၍ မက်မန်း၊ ဝိန်းနောင်၊ ဆွတ်ဝိုးတို့တွင် မီးလင်းစေခဲ့ပြီး ဆက်လက်၍ နမ့်နန်း၊ ဝမ်းစလောင်း၊ တာကော်လေးနှင့် ရောင်အူရွာများသို့ မီးစက်များပေးပို့ မီးလင်းစေခဲ့ပါသည်။
    လမ်းပန်းဆက်သွယ်ရေးတွင် တာကော်လေး - မက်မန်းလမ်း၊ လွယ်ပါ - လွယ်ဟိုလာလမ်း၊ ပွိုင့် ၆၀၂၈ - ရောင်အူ - ပန်ဆန်းလမ်းများ စတင်ဖောက်လုပ်ခဲ့ပြီး ဝမ်တာခက်တံတားကို ၁၉၉၀-၁၉၉၁ ဘဏ္ဍာနှစ်၌ စတင်တည်ဆောက်ပေးခဲ့သည်။ မက်မန်းမြို့သစ် တည်ဆောက်ရေးကို ၁၉၉၁ ခုနှစ် ဇူလိုင်လတွင် တပ်မ (၇၇) ၊ နည်းဗျူဟာ (၇၇၃)မှ ဦးစီးဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။
အမှတ်တရ ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံ
    ၂၀၀၃ခုနှစ်အတွင်း ကျင်းပပြုလုပ်သော နတလလုပ်ငန်းကော်မတီ လေးလပတ်အစည်းအဝေး တစ်ခု၌ ပတလ (ရှမ်း) ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက မက်မန်းမြို့အတွက် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ခွင့်ပြုပေးပါရန် တင်ပြခဲ့ရာ၊ နတလ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌသည် ရုတ်တရက် အံ့အားသင့်သွားပြီး “ဟာကွာ - မက်မန်းမှာ ရုပ်သံမရှိသေးဘူးလား---- ငါတို့ တည်ပေးခဲ့တဲ့မြို့ကွ၊ ရပြီးပြီထင်နေတာ၊ တော်တော်နောက်ကျနေပြီ၊ ပေးမယ်ကွာ”ဟု ပြော၍ ခွင့်ပြုပေးခဲ့သည်ကို ကျွန်တော် အမှတ်ရမိသည်။ နတလအနေဖြင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံ များကို ၁၉၉၄ ခုနှစ်အတွင်းမှာပင် ပန်ဆန်း၊ မိုင်းမော၊ လောက်ကိုင်၊ မိုင်းယန်း၊ မိုင်းခတ်၊ ဆီလူး၊ မိုင်းလား၊ နမ့်ဖတ်ကာ၊ မိုင်းဆတ်၊ ဘုတ်ပြင်း၊ ကလိန်အောင်၊ တနိုင်းနှင့် ဖာပွန်တို့တွင် တည်ဆောက် ထုတ်လွှင့်ပြသပေးနိုင်ခဲ့ပြီဖြစ်သည်။ ၂၀၀၂ ခုနှစ်အထိမှာပင် ၉၃ ရုံ ခွင့်ပြုချထားပေးပြီး ဖြစ်ပါသည်။
    ဤမည်သော အကြောင်းတရားများအပြင် မော်ဖဒေသ၏ စတင်ဖြစ်တည်ရာနှင့် ယခင် ယခု အခြေအနေများကို အတန်အသင့် တွေ့မြင်သိရှိထားသောကြောင့် မော်ဖဒေသ မက်မန်းက ကျွန်တော့် ရင်ထဲသို့ တိုးဝင်ရောက်ရှိနေသည်မှာ ဆယ်စုနှစ်သုံးခုနီးပါးမျှ ရှိနေချေပြီတကား။
လျှပ်တစ်ပြက် မက်မန်း ခရီးစဉ်
    မက်မန်းမြို့လေးရှိရာသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းသည် ကျွန်တော့်ရင်ထဲက ပြင်းပြသောဆန္ဒတစ်ခုကို အကြောင်းပြု၍ ရောက်လာခြင်းဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။ မည်သို့သော ဆန္ဒများ ဖြစ်ပေါ်နေခဲ့ပါသနည်း။ ၂၀၁၈ ခုနှစ် ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီးကတည်းက မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် အတွင်းရှိ အ-ထ-က ကျောင်းများမှ ၉ တန်း၊ ၁၀ တန်း၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် မိမိတာဝန်ထမ်းဆောင်ခဲ့သော နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့သို့ တက်ရောက်ခွင့် ရရှိရေး သိသင့်သိထိုက်သည်များကို ရှင်းလင်းဟောပြောခဲ့သည်။ တက္ကသိုလ်၊                ဒီဂရီ ကောလိပ်များ၏ ရည်ရွယ်ချက်၊ သင်ကြားပေးသော ဘာသာရပ်များ၊ B.Ed ၅ နှစ် သင်တန်း အတွက် သတ်မှတ်ချက်များ၊ ဒီဂရီကောလိပ်များတွင် သင်ကြားပေးသည့် အင်ဂျင်နီယာ A.G.T.I (ဒီပလိုမာ)၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့များအတွက် သတ်မှတ်ချက်များ၊ ဘွဲ့ရ သင်တန်းဆင်းပြီး သည်နှင့် အလုပ်တာဝန်ခန့်ထားပေးမှုများ၊ အရည်အချင်းမီသူများက M.Ed တက်ခွင့်၊ BE, ME တက်ခွင့်၊ MA, M.Sc ဆက်လက်သင်ယူခွင့် ရှိသည်များ၊ ထူးချွန်သူများအနေဖြင့် ပါရဂူဘွဲ့ Ph.D အထိ သင်ယူ နိုင်သည့် အခွင့်အရေးများ၊ သင်တန်းကာလအတွင်း နိုင်ငံတော်က အစစတာဝန်ယူ၍ ကျွေးမွေး စောင့်ရှောက်ထားပုံ၊ စည်းကမ်းတကျ နေထိုင်ရပုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူပြီးမှ ကျောင်းဆင်းရသော တစ်ခု တည်းသော တက္ကသိုလ်ဖြစ်ကြောင်း ဂုဏ်ယူစွာ ရှင်းပြခဲ့သည်။
    တက္ကသိုလ်၊ ကောလိပ်များက ထုတ်ဝေသည့် နှစ်လည်မဂ္ဂဇင်း စာအုပ်များကို ကျောင်း စာကြည့်တိုက်များအတွက် ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ကြားဖူးကြသော် လည်း ဒီဂရီကောလိပ်များနှင့်ပတ်သက်၍ မသိသူ၊ မကြားဖူးသူ အတော်များပါသည်။ လေးမျက်နှာ မြို့နယ်တွင်သာမက အင်္ဂပူမြို့နယ်၊ ကျွဲသောင် အ-ထ-က မှာလည်း ဟောပြောခဲ့သည်၊ ရေကြည်၊ မြန်အောင်၊ ကျောင်းကုန်းမြို့နယ်များတွင်မတော့ ကိုယ်တိုင်မသွားနိုင်သောကြောင့် အသိမိတ်ဆွေ များကတစ်ဆင့် မဂ္ဂဇင်းစာအုပ်များ၊ လေ့လာရန် မေးခွန်းဟောင်းများ ဖြန့်ဝေပေးခဲ့သည်။ ကချင် ပြည်နယ်အတွင်းရှိ ပူတာအို အ-ထ-က ကျောင်း၌လည်းကောင်း၊ ခေါင်းလန်ဖူးမြို့နယ် အတွင်းရှိ      အ-ထ-က ခေါင်လန်ဖူး၊ အ-ထ-က ဇန်ယော့၊ အ-ထ-က(ခွဲ)ရှိန်းခေါင် ကျောင်းများမှ ၁၀ တန်း ကျောင်းသား၊ ကျောင်းသူများအား အ-ထ-က ခေါင်လန်ဖူးတွင်လည်းကောင်း တွေ့ဆုံ၍ ရှင်းလင်း ပြောကြားခဲ့သည်။
    ထိုအကြောင်းအရာများကို အ-ထ-က မက်မန်းရှိ ကျောင်းသား၊ ကျောင်းသူများအား ရှင်းပြချင်သည်။ သူတို့လေးတွေ သိစေချင်သည်။ တက်ရောက်ခွင့်ရစေချင်သည်။ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုမီကာလမှာပင် မက်မန်းသို့ အရောက်သွားချင်စိတ်က တဖွားဖွား ပေါ်ပေါက်လာသည်။ မိမိက စေတနာထက်သန် ပြင်းပြနေ၍ပဲလားတော့မသိ၊ ခရီးသွားနိုင်ရေး ကူညီ မည့် မိတ်တွေများ ပေါ်ပေါက်လာပါတော့သည်။ နေပြည်တော်က ဦးအောင်မင်းထွန်းနှင့် မက်မန်း မြို့က ဦးမိုးခိုင်တို့ပဲ ဖြစ်သည်။ ဦးမိုးခိုင်ကို မက်မန်းဒေသက လူတွေက ကိုဗလဟု ခေါ်ကြသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခွင့် ရရှိရေး ကိုတော့ မိမိတို့ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်က မက်မန်းထွေအုပ်၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် ဆက်သွယ် ညှိနှိုင်းပေးခဲ့သည်။
    ယင်းသို့ ညှိနှိုင်းပြီးနောက် မတ်လ ၂ ရက်နေ့တွင် နေပြည်တော် - နမ့်စန်၊ မတ်လ ၃ ရက်နေ့ နမ့်စန် - မိုင်ပျဉ်း၊ မတ်လ ၄ ရက်နေ့ မိုင်းပျဉ်း - မက်မန်း ခရီးစဉ်အတိုင်း မော်တော်ယာဉ်ဖြင့် ထွက်ခွာကာ မက်မန်းမြို့လေးသို့ မွန်းတည့် ၁၂ နာရီ မထိုးမီ အရောက်ဝင်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခြင်းကို မွန်းလွဲ ၁ နာရီအချိန် အ-ထ-က မက်မန်း၏ စာသင်ခန်း တစ်ခုတွင် စီစဉ်ထားကြောင်းသိရသည်။ ကျောင်းအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များက ထုတ်ဝေသောစာအုပ်များ လှူဒါန်းမည်၊ မြို့နယ် ပြန်/ ဆက် ရုံးအတွက်လည်း သုတ ရသ စာအုပ် စာဆောင်များလှူရန် တစ်ပါတည်း သယ်ဆောင်လာခဲ့၏။
    မက်မန်းမြို့သို့အရောက် ကိုဗလအိမ်မှာပဲ တည်းကြသည်၊ သူ့အိမ်မှာ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက လာရောက်စောင့်ကြို နှုတ်ဆက်ကြသည်။ သူတို့နှင့်အတူ အ-ထ-က မက်မန်းကျောင်းသို့ သွားခဲ့ သည်။ စာသင်ကျောင်းက ကိုဗလအိမ်နှင့် နီးနီးလေးပင်။ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းထွေးခင်၊ အ-ထ-က မက်မန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်နှင့် ဆရာ၊ ဆရာမ များက ကျောင်းအဝင်မှ ကြိုကြသည်။ ပြန်/ ဆက် တာဝန်ခံ ဒေါ်လေးလေကိုလည်း ဖိတ်ထားပေး သည်ကိုတွေ့ရ၏။ တက်ရောက်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များမှာ ကျောင်းမှ ၄၆ ဦး၊ ပြင်ပဖြေ ၁၇ ဦး၊ စုစုပေါင်း ၆၃ ဦးဖြစ်ပါသည်။ ထိုအထဲတွင် ကိုရင်များ လည်းပါ၏။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကြိုးစားဖြေဆိုကြရန် ကနဦး တိုက်တွန်းမှာကြားသည်။ ယင်းနောက် တက္ကသိုလ်၊ ကောလိပ်တွေအကြောင်း ရှင်းပြသည်။ ကျွန်တော်ထင်သည့်အတိုင်းပင် ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ကြားဖူးကြသော်လည်း ဒီဂရီကောလိပ်များ အကြောင်းမသိကြပါ။ သေချာရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာအုပ်စာစောင်များ လှူဒါန်း ခဲ့ပါသည်။
မင်းရန်အောင် စေတီကို ဖူးခဲ့သည်
    ပထမအကြိမ် ရောက်ခဲ့စဉ်ကလည်း ဖူးခဲ့သည်။ ယခုတစ်ခေါက် မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာလည်း မင်းရန်အောင်စေတီတော်ထံပါး ခဝပ်တွား၍ ရှိခိုးကော်ရော် ဖူးမြော်ကြည်ညိုခဲ့ ပါသည်။ မင်းရန်အောင် စစ်ဆင်ရေးတွင် အသက်ပေးလှူခဲ့ကြသော အရာရှိစစ်သည်များအား ရည်စူး၍ မော်ဖဒေသတွင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားပြီး ဒေသခံတိုင်းရင်းသားများ ကြည်ညိုသဒ္ဓါပွားနိုင် စေရန်နှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ရှေ့တန်းအမှတ် (၇၇) ခြေမြန်တပ်မ ဌာနချုပ်နှင့် နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ ဒေသခံတိုင်းရင်းသား များနှင့် ဖွံ့ဖြိုးရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများဖြင့် မင်းရန်အောင် စေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် မတ် လ ၂၇ ရက်နေ့တွင် စတင်အုတ်မြစ်ချခဲ့ပြီး ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တည်ဆောက်ပြီးစီး ဘုရားအနေကဇာ တင်ခဲ့သည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ဖိနပ်တော်မှ စိန်ဖူးတော်အထိ ၄၁ ပေ ၄ လက်မရှိကြောင်း ကမ္ဗည်းမော်ကွန်း ကျောက်စာ၌ တွေ့ခဲ့ရ၏။ 
ထပ်မံဖူးမြော်ရမည့် ရုပ်ပွားတော်တစ်ဆူ
    မက်မန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် နယ်မြေခံ နယ်ခြားစောင့်တပ်မှ တပ်မှူး ဗိုလ်မှူးစိုင်းယီတို့ ဦးဆောင်ဦးရွက်ပြုကာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အလှူဒါနများပါဝင်လျက် အောင်တော်မူ လာဘမုနိရုပ်ပွားတော် မြတ်ကြီးကို မက်မန်းမြို့ အရှေ့တောင်ယွန်းယွန်း အဘယကုန်းတော်ပေါ်တွင် တည်ထားနေပြီ ဖြစ်သည်။ လိုဏ်ပုံသဏ္ဍာန် ကမ္ဘာလုံးပေါ်တွင် စင်္ကြာမုဒြာ ရုပ်ပွားတော် တစ်ဆူ ထိုင်နေတော်မူဟန် တည်ထားမည်ဖြစ်ပြီး စုစုပေါင်း ဉာဏ်တော်အမြင့် ၄၅ ပေရှိကြောင်း၊ ဘုရားဘွဲ့တော်နှင့် ဘုရား   ကုန်းတော်အမည်များကို မက်မန်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု ပညာဒီပဘုန်းတော်ကြီး စာသင် တိုက်မှ ဆရာတော်ကြီး မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိက သမုတ်ပေးခြင်းဖြစ်ကြောင်း၊ ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ မန္တလေးမြို့ ဝါးချက် ဦးကျော်သန်း မြန်မာမှုအဖွဲ့က တည်ထား မည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ယင်းရုပ်ပွားတော်ကြီးအနီး၌ နဂါးရုံ ဘုရားတစ်ဆူ တည်ထား ဦးမည်ဖြစ်ပေရာ ကုသိုလ်ရှင်၊ စေတနာရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ အကယ်၍သာ ကျွန်တော်သည် တတိယအကြိမ်မြောက်အဖြစ် မက်မန်းမြို့လေးသို့ ထပ်မံရောက်ခဲ့ပါမူ ယင်းဘုရားအဆူဆူတို့ကို ဖူးမြော်ခွင့်ရပါလိမ့်ဦးမည်။ သို့သော် မသေချာတော့ပြီ။
အေးကျန့်ရွာလေးသို့ အမှတ်တရ
    မက်မန်းသို့ ရောက်တုန်းရောက်ခိုက် အေးကျန့်ရွာလေးရှိရာသို့ သွားခဲ့ကြသေးသည်။ ထိုနေရာမှ လှမ်းမျှော်ကြည့်လျှင် ပွိုင့် ၆၀၂၈ တောင်ကုန်း၊ ပွိုင့် ၇၁၂၃ လွယ်ဟိုလာကုန်းတို့ကို မြင်နေရပါသည်။ လွယ်ဟိုလာ ဟုဆိုလိုက်သည်နှင့် ထိုကုန်းအနီးတစ်ဝိုက်မှာ ကျောက်ချဉ်ပေါင်၊ ကျောက်ချင်း၊ တစ်ပင်တိုင်မျှစ်၊ မြက်ကြွပ်၊ ဝါးရောင်းချဉ်၊ ကြိမ်ခါးဖူး၊ မင်းဘောဖူး စသော အသီးအရွက်များ ရှာဖွေစားသောက်ခဲ့ရသည်ကို အမှတ်ရနေမည့် အရာရှိ အကြပ်စစ်သည်များစွာ ရှိနေပါလိမ့်မည်။ နောက်တစ်နေ့ မတ် လ ၅ ရက်နေ့မှာ မက်မန်းမြို့လေးမှ ပြန်လည်ထွက်ခွာခဲ့ ကြသည်။ နှုတ်ဆက်ခဲ့ပါတယ် မက်မန်းမြို့လေးရေ-----------။