နှစ်သစ်ကူးရုံးပိတ်ရက်များတွင်စတော့ရှယ်ယာအရောင်းအဝယ်ရပ်နားခဲ့သော်လည်းယခုတစ်ပတ် အတွင်း ယခင်ထက် စတော့ရှယ်ယာအရောင်းအဝယ်မြင့်တက်

News Image

နှစ်သစ်ကူးရုံးပိတ်ရက်များတွင်စတော့ရှယ်ယာအရောင်းအဝယ်ရပ်နားခဲ့သော်လည်းယခုတစ်ပတ် အတွင်း ယခင်ထက် စတော့ရှယ်ယာအရောင်းအဝယ်မြင့်တက်

ရန်ကုန်စတော့အိတ်ချိန်း၌ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် စတော့ရှယ်ယာအရောင်းအဝယ်ရပ်နားခဲ့သော်လည်း ယခုဇန်နဝါရီလပထမပတ်တစ်ပတ်တာကာလအတွင်း ငွေကျပ် သိန်းပေါင်း ၅၄၀ ကျော်တန်ဖိုးရှိ   စတော့ရှယ်ယာအစောင်ရေ တစ်သောင်း‌ခွဲကျော်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ယခင်ထက် အရောင်းအဝယ်မြင့် တက်ခဲ့ကြောင်း သိရသည်။

ဉာဏ်ပညာနှင့် အသိပညာအတွက် စာဖတ်ပါ

Posted_Date

Image

ဉာဏ်ပညာနှင့် အသိပညာအတွက် စာဖတ်ပါ

Body

လူတစ်ဦးတစ်ယောက်တည်း ကျောင်းနေအရွယ်မှ အသက်အရွယ်ရသည်အထိ အသိပညာအမျိုးမျိုးကို လေ့လာဆည်းပူးနေကြရသည်ဖြစ်ရာ စာဖတ်ခြင်းသည်သာ မိမိဘဝအောင်မြင်ရေး၏ လမ်းကြောင်းမှန်ပေါ်ရောက်ရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ထို့ပြင် စာဖတ်ခြင်းသည် နှလုံးခုန်နှုန်းကို လျှော့ချခြင်းနှင့် ကြွက်သားတင်းမာမှုကို သက်သာစေခြင်းစသည့်ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။ စာဖတ်အားကောင်းသည့်သူများသည် ရင့်ကျက်တည်ငြိမ်မှုကို ရစေခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုစွမ်းရည် မြင့်တက်စေခြင်း၊ စိတ်ကူးစိတ်သန်းကောင်းစေခြင်း၊ အခက်အခဲများအပေါ် ဖြတ်ကျော်ရန် တုံ့ဆိုင်းမှုမရှိခြင်း၊ ဆုံးဖြတ်ချက်မှန်ကန်ခြင်း၊ မကောင်းမှုကို ဖယ်ရှားကာ သူတစ်ပါးအပေါ် စာနာထောက်ထားသည့် စိတ်ဓာတ်မြင့်မားစေခြင်း၊ စကားပြောကောင်းစေခြင်း၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာစေခြင်းစသည့် အကျိုးတရားများကိုလည်း ရရှိစေမည်ဖြစ်သည်။ စာဖတ်ခြင်းနှင့်ပတ်သက်၍ မည်သည့်စာအုပ်ကို ဖတ်ရှုရမည်ဟူသည့် သတ်မှတ်ချက်မရှိသော်လည်း မိမိ၏စိတ်နေစိတ်ထားကို ပြုပြင်ပေးသည့်စာအုပ်မျိုး၊ မိမိအား ဉာဏ်ပညာဗဟုသုတ အတွေးအခေါ်ရင့်သန်စေရန် သွန်သင်ပေးသည့်စာအုပ်မျိုးကို ရွေးချယ်ဖတ်ရှုခြင်းကသာ အကောင်းဆုံးဖြစ်မည်ဖြစ်သည်။

မျက်မှောက်ကာလတွင် လူငယ်အများစုအနေဖြင့် ဆိုရှယ်မီဒီယာပေါ်မှ စာများကိုသာ ဖတ်ရှုမှု ပိုများလာသဖြင့် စာအုပ်များကို ကိုင်တွယ်ဖတ်ရှုမှု နည်းပါးလာသည်။ လက်ကိုင်ဖုန်းဖြင့် စာဖတ်ခြင်း၊ ကွန်ပျူတာဖြင့် စာဖတ်ခြင်းသည် စာအုပ်ကို ကိုင်တွယ်၍ ဖတ်ရှုရခြင်း၏အရသာကို ယှဉ်နိုင်မည်မဟုတ်ပေ။ လူတစ်ဦးတစ်ယောက်၏ စိတ်ကူးစိတ်သန်းကောင်းမွန်မှုသည် ဉာဏ်ပညာပြည့်ဝမှုနှင့် အသိပညာကြွယ်ဝမှုအပေါ် မူတည်သည်။ ဉာဏ်ပညာကို အသိပညာနှင့် ပေါင်းစပ်နိုင်မှသာ ဖန်တီးနိုင်မှုစွမ်းရည်ကို ရရှိမည်ဖြစ်သည်။ ဉာဏ်ပညာရှိမှုနှင့် အသိပညာကြွယ်ဝမှုတို့သည် ကွဲပြားခြားနားသည်။ ဉာဏ်ပညာရှိခြင်းသည် အသိပညာ၊ အတွေ့အကြုံ၊ နားလည်မှု၊ အသုံးချမှု သို့မဟုတ် တွေးခေါ်မှုတို့ကို အခြေခံ၍ ပြုလုပ်နိုင်သော စွမ်းရည်တစ်ခုဖြစ်သည်။ ဉာဏ်ပညာရှိသူ သည် ခေါင်းဆောင်တစ်ဦး၏ ဘဝအခြေခံအုတ်မြစ်ဖြစ်သည်။ ဉာဏ်ပညာ၏ ထွက်ကုန်သည် ပြဿနာများကို ဖြေရှင်းရာ၌ ကောင်းကျိုးဖြစ်စေပြီး မိမိ၏ဘဝခရီးအတွက် ရှေ့ဆောင်လမ်းပြဖြစ်သည်။

အသိပညာ

အသိပညာသည် အကြောင်းအရာတစ်ခု သို့မဟုတ် ဘာသာရပ်တစ်ခုနှင့်ပတ်သက်သော အချက်အလက်တစ်ခုဖြစ်သည်။ လိုအပ်သည့်အချိန်တိုင်းတွင် ဘာသာရပ်ဆိုင်ရာ အသိပညာကို အသုံးချရန် ယုံကြည်မှုရှိခြင်းဖြစ်သည်။ အကြောင်းအရာတစ်ခုခု၏ အမှန်တရားနှင့် ဖြစ်ရပ်မှန်များကို ရှင်းရှင်းလင်းလင်းသိရှိခြင်းဖြစ်သည်။ အသိပညာတွင် တစ်ခုခုကို မည်သို့လုပ်ဆောင်ရမည်ကို သိရှိခြင်း၊ ဘဝအတွေ့အကြုံများ၊ သဘာဝတရားနှင့် ပတ်သက်သည့် အမှန်တရားများအပေါ် သိရှိခြင်းတို့ ပါဝင်သည်။ အသိပညာကြွယ်ဝသူသည် မည်သည့် အခြေအနေတွင်မဆို မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ရပ်တည်နိုင်စွမ်းရှိသည်။ အသိပညာကို ရှာဖွေလိုသူတိုင်းသည် စိတ်ဝင်စားဖွယ် အကြောင်းအရာ တစ်ခုကို ထဲထဲဝင်ဝင် လေ့လာရန်လိုအပ်သည်။

လူ့ဘဝတွင် သင်ယူမှုများသည် မွေးဖွားသည်မှ သေဆုံးသည်အထိ အရွယ်သုံးပါးစလုံး အရေးပါလျက်ရှိသည်။ ဉာဏ်ပညာရှိခြင်း၊ ဗဟုသုတကြွယ်ဝ ခြင်းတို့သည် ဘဝအတွက် လိုအပ်ချက်တစ်ခု ဖြစ်သည်။ ယင်းဉာဏ်ပညာတို့ကို စနစ်တကျအသုံးချနိုင်မှသာ ပညာရှိဟု သတ်မှတ်နိုင်မည် ဖြစ်သည်။

အသိပညာနှင့် ဉာဏ်ပညာသည် သဘောသဘာဝချင်းမတူသော်လည်း တစ်ခုစီ၊ သီးခြားစီ ရပ်တည်နေခြင်းမရှိပေ။ တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုနေသည်။ ဉာဏ်ပညာနှင့် အသိပညာနှစ်ခုစလုံးသည် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို တည်ဆောက်ရာ၌ တူညီစွာအရေးပါ လျက်ရှိသည်။ ဉာဏ်ပညာနှင့် အသိပညာသည် လူတစ်ဦးစီ၏ဘဝအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်၍ အသိပညာကို မှန်ကန်စွာအသုံးချနိုင်ရန်မှာ ဉာဏ်ပညာလိုအပ်သည်။ ဉာဏ်ပညာဖြင့် လေ့လာဆည်းပူးခြင်းသည် အဖိုးတန်သော်လည်း ယင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ ဆုံးဖြတ်ခြင်းက ပို၍အရေးကြီးသည်။ ယင်းကို အသိပညာ၏ အကူအညီဖြင့်သာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

အွန်လိုင်းစွယ်စုံကျမ်း

မျက်မှောက်ကာလတွင် သတင်းအချက်အလက်နည်းပညာများ အံ့မခန်းဖွံ့ဖြိုးတိုးတက်လာသဖြင့် အသိပညာရှာဖွေလိုသူများနှင့် သုတေသီများအနေဖြင့် မိမိသိလိုသည့်အကြောင်းအရာနှင့် အချက်အလက်များရရှိရန် စာကြည့်တိုက်သို့ သွားစရာမလိုဘဲ ရှာဖွေရရှိနိုင်သည့် နေရာတစ်ခုမှာ အခမဲ့အွန်လိုင်းစွယ်စုံကျမ်းဟု လူသိများသည့် ဝီကီပီးဒီးယား (Wikipedia) ဝက်ဘ်ဆိုက်ဖြစ်သည်။ ဝီကီပီးဒီးယားဆိုသည်မှာ ဘာသာစကားပေါင်းစုံနှင့် အကြောင်းအရာမျိုးစုံပါဝင်သော အခမဲ့အင်တာနက် စွယ်စုံကျမ်းပရောဂျက်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယားဟူသောအမည်ကို လူအများ ပူးပေါင်းပါဝင်ရေးသားနိုင်သည့် ဝက်ဘ်ဆိုက်နည်းပညာဝီကီနှင့် အင်ဆိုင်ကလိုပိဒိယဟူသော အင်္ဂလိပ်စကားလုံးတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ဘာသာစကားမျိုးစုံဖြင့် ဗဟုသုတများစွာကို စုစည်းရရှိရန် ရည်ရွယ်၍ ဂျင်မီဝေးလ်နှင့် လာရီဆမ်ဂါတို့ စတင်တည်ထောင်ခဲ့သော ဝီကီပီးဒီးယားသည် ယခုအခါ ၂၃ နှစ် သက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ယနေ့ကာလတွင် လူကြိုက်အများဆုံး အွန်လိုင်းကိုးကားမှုအရင်းအမြစ်ဖြစ်လာသော ဝီကီပီးဒီးယားသည် တစ်လလျှင် ပျမ်းမျှအားဖြင့် စာမျက်နှာကြည့်ရှုသူ အများဆုံးဝက်ဘ်ဆိုက်များ အနက် တစ်ခုဖြစ်ကြောင်း ဝက်ဘ်ဆိုက်ခြေရာခံ ကုမ္ပဏီ Alexa.com က ဆိုထားသည်။ ဘာသာစကား ၃၀၉ မျိုးဖြင့် ရေးသားထားသော ဆောင်းပါး ပေါင်း ၅၅ သန်းရှိနေသည့် ဝီကီပီးဒီးယားသည် ကမ္ဘာတစ်ဝန်းရှိ အသိဉာဏ်ချဲ့ထွင်လိုသူတိုင်းအတွက် အားထားရာနေရာဖြစ်လာသည်။ မြန်မာ ဘာသာ အင်တာနက်စွယ်စုံကျမ်းတစ်ခုဖြစ်သည့် မြန်မာဝီကီပီးဒီးယားကိုလည်း ၂၀၀၄ ခုနှစ်ကတည်း က စတင်လွှင့်တင်ခဲ့ရာ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအထိ ဆောင်းပါးပေါင်း တစ်သိန်းကျော် ထည့်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။ ဝီကီပီးဒီးယားတွင် အားသာချက်များစွာရှိနေသကဲသို့ အားနည်းချက်များလည်း တစ်ပုံတစ်ပင်ရှိနေပါသေးသည်။ မည်သူမဆို ၎င်းတွင်ပါရှိသော အချက်အလက်များကို အချိန်မရွေး ပြုပြင်တည်းဖြတ်နိုင်ခြင်းကြောင့် ကိုးကားချက်များအတွက် ယုံကြည်စိတ်ချရသော အရင်းအမြစ်အဖြစ်မှတ်ယူရန် သံသယရှိနေသည်။

သို့ရာတွင် ဝီကီပီးဒီးယား၏ ကိုးကားချက်များတွင် ယုံကြည်စိတ်ချရသော အရင်းအမြစ် မြောက်မြားစွာပါဝင်နေသဖြင့် ကမ္ဘာလုံးဆိုင်ရာ လူကြိုက်အများဆုံးထိပ်တန်းဝက်ဘ်ဆိုက် ၅၀ တွင် အဆင့်(၁၃)အထိရှိနေသည်။ ၂၀၂၁ ခုနှစ် မတ်လအထိ အင်္ဂလိပ်ဝီကီပီးဒီးယားတွင် စာရင်းသွင်းအသုံးပြုသူ ၄၁ ဒသမ ၄ သန်းကျော်အထိ ရှိသဖြင့် အသိပညာနှင့် ဗဟုသုတ ရှာမှီးလိုသူ တိုင်းအတွက် အတိုင်းအတာတစ်ခုအထိ အရေးပါနေဆဲဖြစ်သည်။ အွန်လိုင်းကိုးကားမှု အရင်းအမြစ် ဖြစ်လာသော ဝီကီပီးဒီးယားသည် တစ်လလျှင် ပျမ်းမျှအားဖြင့် စာမျက်နှာကြည့်ရှုမှု ၁၈ ဘီလီယံကျော်ရှိသဖြင့် ကမ္ဘာပေါ်တွင် လာရောက်ကြည့်ရှုသူအများဆုံး ဝက်ဘ်ဆိုက်တစ်ခုဖြစ်ကြောင်း ဝက်ဘ်ဆိုက်ခြေရာခံကုမ္ပဏီ Alexa.com က ဆိုသည်။

ယနေ့ကာလသည် ပညာခေတ်ဖြစ်၍ အင်တာနက်၏ ကျေးဇူးကြောင့် မိမိသိလိုသည့် ခေါင်းစဉ်တစ်ခုနှင့်ပတ်သက်သည့် အချက်အလက်ရရှိရန် စာကြည့်တိုက်ရှိ စာအုပ်အမြောက်အမြား ကို ဖတ်ရှုဖြတ်သန်းရမည့် အချိန်တစ်ခုကို ဝီကီပီးဒီးယားတွင် ဘာသာစကားအမျိုးမျိုးဖြင့် အချိန်တိုအတွင်း ရှာဖွေနိုင်သည်။ ထို့ပြင် ဝီကီပီးဒီးယားမှ သိပ္ပံပညာရပ်များကိုလည်း လေ့လာနိုင်သည်။ သိပ္ပံပညာသည် သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏ အကြောင်းအကျိုးအမှန်တို့ကို နည်းစနစ်ကျနစွာ လေ့လာအသုံးချနိုင်သော ပညာရပ်ဖြစ်သည်။ သိပ္ပံပညာသည် စောင့်ကြည့်လေ့လာခြင်းနှင့် လက်တွေ့လေ့လာခြင်းတို့မှ ရရှိလာသော ကမ္ဘာကြီး၏ သဘာဝနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတို့၏ စနစ်တကျတည်ရှိသော အသိပညာဖြစ်သည်။ သိပ္ပံပညာမှ တစ်ဆင့် အသိပညာရရှိခြင်းသည် မျက်မှောက်ခေတ် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အဖြေရှာရာ၌ များစွာအထောက် အပံ့ပြုလျက်ရှိသည်။

သို့ဖြစ်ရာ အင်တာနက်မှသော်လည်းကောင်း၊ စာအုပ်မှသော်လည်းကောင်း စာဖတ်ခြင်းသည် ပစ္စုပ္ပန်အတွက်ဖြစ်စေ၊ အနာဂတ်အတွက်ဖြစ်စေ ပညာဗဟုသုတတိုးပွားစေပြီး အတွေးအခေါ် ရင့်သန်စေမည်ဖြစ်သည်။ အသိပညာကြွယ်ဝခြင်းကြောင့် မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများကို အထောက်အကူပြုစေနိုင်ပြီး စိတ်ကူးဉာဏ် အတွေးအခေါ်ရင့်သန်ကာ ဘဝတိုးတက်မှုကို ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းစာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုမြှင့်တင်ကြရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။

Source: moi.gov.mm

တစ်ခုတည်းသောကျန်းမာရေးအတွက် တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ အခန်းကဏ္ဍ

Posted_Date

Image

တစ်ခုတည်းသောကျန်းမာရေးအတွက် တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ အခန်းကဏ္ဍ

Body

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း စတင်ပေါ်ပေါက်ခြင်း

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကြီး (Myanmar Veterinary Association: MVA) ကို ခေတ်မီတိုးတက်သော တိရစ္ဆာန်ဆေးပညာနှင့် မွေးမြူရေးပညာရပ်များ ပြန့်ပွားစေရန်၊ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးအထောက်အကူပြုစေရန်နှင့် ညီညွတ်စွာရှေးရှုဆောင်ရွက်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ၁၉၇၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြသော ပြည်သူလူထုနှင့် ၎င်းတို့မွေးမြူထားသော တိရစ္ဆာန်များ၏ အကျိုးကိုဆောင်ရွက်ခဲ့သည်မှာ ၂၀၂၄ ခုနှစ်တွင် နှစ်(၅၀)ပြည့်ရွှေရတုသို့ ရောက်ရှိလာပြီဖြစ်ပါသည်။

မွေးမြူရေးကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေကြသော တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ အကျိုးကို စုစုစည်းစည်းဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ် (ယခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းသို့ပြောင်းရွှေ့ပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အမည်သို့ ပြောင်းလဲခဲ့ပါသည်။)၊ ဇီဝကမ္မဗေဒနှင့်ဇီဝဓာတုဗေဒဌာန၊ ဌာနမှူး ဆရာကြီး ဒေါက်တာမောင်မောင်စ (ပါမောက္ခချုပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့ပါသည်။) ဦးဆောင်သည့် တိရစ္ဆာန်ဆေးကုဆရာဝန်များက အသင်းအဖွဲ့တစ်ရပ်အနေဖြင့် စတင်တည်ထောင်နိုင်ရေးအတွက် ၁၉၇၄ ခုနှစ်၌ အစပြုခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများအရ လေ့လာသိရှိရပါသည်။

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်းအမှတ်တံဆိပ်

ယခုအခါ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကို အသင်းဝင်တိရစ္ဆာန်ဆေးကု ဆရာဝန်စုစုပေါင်း ၄၂၃၇ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး၏ ဦးဆောင်မှုဖြင့် အသင်း၏ လှုပ်ရှားမှုများဖြစ်သည့် နှစ်စဉ်ညီလာခံကျင်းပခြင်း၊ စာတမ်းဖတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲများကျင်းပခြင်း၊ ပြည်တွင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာနှီးနှောဖလှယ်ခြင်းနှင့် သင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းသည် အာရှတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (Federation of Asian Veterinary Associations: FAVA) နှင့် ကမ္ဘာ့တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း (World Veterinary Association: WVA) တို့၏ အဖွဲ့ဝင်အသင်းတစ်သင်းဖြစ်ပြီး ပညာရပ်ဆိုင်ရာကိစ္စရပ်များလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တစ်ခုတည်းသောကျန်းမာရေး (One Health)

ကမ္ဘာပေါ်၌ လူထုကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးတို့ ပူးပေါင်းအသွင်ဖြင့် တစ်ခုတည်းသောကျန်းမာရေးကို အထောက်အကူပြုနိုင်စေရန် တပေါင်းတစည်းတည်း လေ့ကျင့်သင်ကြားမှုကို ခံယူထားသူများတွင် တိရစ္ဆာန်ဆေးကုဆရာဝန်များလည်း အပါအဝင်ဖြစ်သောကြောင့် တစ်ခုတည်းသော ကျန်းမာရေးကဏ္ဍတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသူများဖြစ်ကြပါ သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ကျရောက်သည့် World Veterinary Day 2024 ၏ ဆောင်ပုဒ်ကိုပင် “The Essential Role of Veterinarian in One Health Issue” ဟု သတ်မှတ်ခဲ့ကြပါသည်။

နယ်ပယ်မျိုးစုံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြကုန်သော တိရစ္ဆာန်ဆေးကုဆရာဝန်များသည်လည်း မြန်မာနိုင်ငံ၏ One Health နယ်ပယ်အတွင်း တိရစ္ဆာန်များ၊ ပြည်သူလူထုနှင့် ပတ်ဝန်းကျင်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နေကြသူများပင်ဖြစ်ပေသည်။

One Health ဆိုသည်မှာ

၁၇၆၁ ခုနှစ်၊ ပြင်သစ်နိုင်ငံ Lyon မြို့၌ ကမ္ဘာ့ပထမဦးဆုံး တိရစ္ဆာန်ဆေးပညာသင်ကျောင်း တည်ထောင်သူ ဒေါက်တာ Claude Bourgelat က ကူးစက်ရောဂါပိုးများ၏ လူနှင့်တိရစ္ဆာန်တို့အကြား အပြန်အလှန်ကူးစက်တတ်သည်ကို သတိပြုမိပြီး ၎င်းရောဂါများကို အလေးထားကြရန် စတင်တိုက်တွန်းခဲ့ပါသည်။

၂၀ ရာစုနှောင်းပိုင်းတွင် တိရစ္ဆာန်ဆေးပညာရှင်များဖြစ်ကြသည့် ဒေါက်တာ Schwabe နှင့် ဒေါက်တာ Steele တို့က ‘‘One World, One Medicine, One Health’’ ဟူသည့် အယူအဆကို စတင်ချပြလာခဲ့ကြပါသည်။ နောက်ပိုင်းတွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Wildlife Conservation Society: WCS) က လူနှင့် တိရစ္ဆာန်သာမက ပတ်ဝန်းကျင်ဂေဟစနစ် ကျန်းမာရေး (Ecosystem health) ကိုပါ ထည့်သွင်းပြီး “One World-One Health” အယူအဆကို အဆိုပြု ခဲ့ကြပါသည်။ ၂၀၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (American Veterinary Medical Association: AVMA)က One Health ၏ အနက်အဓိပ္ပာယ်ကို “လူသားများ၊ တိရစ္ဆာန်များနှင့် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တစ်ခုလုံးအတွက် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဒေသအချင်းချင်း၊ နိုင်ငံအချင်းချင်းသာမက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း” ဟု ဖွင့်ဆိုခဲ့ပါသည်။

ကုသရေးနယ်ပယ်မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် မြန်မာ့ One Health

မိမိတို့ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် မြန်မာ့ One Health အတွက် ကျရာအခန်းကဏ္ဍမှ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြသလို တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်နေကြသည့် ပုဂ္ဂလိက၊ အစိုးရဌာနများနှင့် မွေးမြူရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော တိရစ္ဆာန်ဆေးကုဆရာဝန်များသည် နာမကျန်းဖြစ်သည့် တိရစ္ဆာန်များကို ကုသခြင်း၊ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပိုင်ရှင်များကို တိရစ္ဆာန်ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းတို့သည် One Health အတွက် ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။

တိရစ္ဆာန်မှ လူကိုကူးစက်တတ်သည့် ခွေးရူးရောဂါ၊ ထောင့်သန်းရောဂါ စသည့်ရောဂါများကို တိရစ္ဆာန်တွင်ကာကွယ်ပေးခြင်းဖြင့် လူထုကို ၎င်းရောဂါများမကူးစက်အောင် ကာကွယ်ပေးခြင်းဖြစ်သလို တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး လူကိုလည်း ကူးစက်တတ်သည့် ဗက်တီးရီးယား၊ ကပ်ပါးရောဂါများနှင့် ဗိုင်းရပ်စ်ရောဂါများစွာတို့ကို ကုသပေးခြင်းသည်လည်း လူထုကို အဆိုပါရောဂါများ မကူးစက်အောင် ကာကွယ်ပြီးသား ဖြစ်စေပါသည်။

ထိုသို့ ကုသရာတွင် ဆေးယဉ်ပါးအဏုဇီဝပိုးများမဖြစ်ပေါ်စေရန် ဂရုတစိုက်လိုက်နာ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်များနှင့်ပတ်သက်သည့် အညစ်အကြေးများ၊ မှိုနှင့် ဓာတုဗေဒအဆိပ်အတောက်များ မပျံ့နှံ့အောင် စနစ်တကျစွန့်ပစ်စေခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ရာရောက်စေပြီး ပတ်ဝန်းကျင်ကျန်းမာရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်စေပါသည်။

သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနယ်ပယ်မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် မြန်မာ့ One Health

သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ဆောင်ရွက်နေကြသည့် တိရစ္ဆာန်ဆေးကုဆရာဝန်များသည်လည်း မြန်မာ့ One Health အတွက် ကျရာအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရပါသည်။

သုတေသနပညာရှင် တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် လူနှင့်တိရစ္ဆာန်တို့အကြား ကူးစက်တတ်သည့် ရောဂါများပျံ့နှံ့မှုကို လေ့လာခြင်း၊ ရောဂါကုသကာကွယ်ရန် နည်းလမ်းသစ်များကို ရှာဖွေခြင်း၊ ဆေးဝါးအသစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှာဖွေခြင်း၊ တိရစ္ဆာန်ထွက်အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပဋိဇီဝဆေးကြွင်းနှင့် ဆေးယဉ်ပါးအဏုဇီဝပိုးမွှားများပါဝင်မှု စစ်ဆေးခြင်းစသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် One Health အတွက် ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။

ထို့အပြင် ဆေးပညာဆိုင်ရာသုတေသနများတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံးတိရစ္ဆာန်များ၏ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆေးဝါးထုတ်လုပ်ရေးနှင့် ရောဂါကာကွယ်ဆေးဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း စသည့် လူထုကျန်းမာရေးကဏ္ဍများတွင်လည်း တိရစ္ဆာန်ဆေးကုဆရာဝန်များသည် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြပါသည်။

ထို့အတူ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆောင်ရွက်နေကြသည့် တိရစ္ဆာန်ဆေးကုဆရာဝန် များသည် သုတေသနလုပ်ငန်းများအပြင် အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်ကုဆရာဝန်များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် One Health အယူအဆနှင့်ပတ်သက်သည့် သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲခြင်းဖြင့် One Health ကဏ္ဍအတွက် အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်နေကြသူများပင်ဖြစ်ပါသည်။

အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနယ်ပယ်မှ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် မြန်မာ့ One Health

ထို့အပြင် လူတို့စားသုံးမည့် အသားနှင့် အသားထွက်ပစ္စည်းစစ်ဆေးသူ တိရစ္ဆာန်ဆေးကု ဆရာဝန်များသည် စားသုံးမည့်အသားများ၌ ကူးစက်ရောဂါ ပါဝင်မှုရှိ မရှိ၊ ဓာတုဗေဒဆေးကြွင်းများ ပါဝင်မှုရှိ မရှိ စစ်ဆေးခြင်းဖြင့် မြန်မာ့ One Health အတွက် အရေးပါသည့်နေရာမှ ပါဝင်ဆောင်ရွက်နေကြသူများပင်ဖြစ်ပါသည်။ လူတို့စားသုံးမည့်အသားတွင် ဗက်တီးရီးယားပိုးများ (Salmonella, Escherichia coli, Campylobacter စသည်)၊ ကပ်ပါးပိုးများ (Toxoplasma gondii, Taenia, Trichinella စသည်)၊ ဗိုင်းရပ်စ်ပိုးများ (Hepatitis, Noroviruses, Rotaviruses စသည်)နှင့် မှိုရောဂါများပါသွားပါက လူသို့ကူးစက်နိုင်ပြီး ရောဂါဖြစ်ပွားစေနိုင်ပါသည်။

ထို့ကြောင့် လူတို့စားသုံးရန် အသားထုတ်လုပ်မည့် သက်ရှိတိရစ္ဆာန်များ၏ ကျန်းမာရေးအခြေအနေနှင့် အသားအဖြစ်သို့ရောက်ရှိပြီး ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်တွင်လည်း အသားတွင် ရောဂါပိုးပါဝင်မှု ရှိ မရှိ၊ လူတို့ စားသုံးရန် သင့် မသင့်ကို တိရစ္ဆာန်ဆေးကုဆရာဝန်များက စစ်ဆေးပေးရပါသည်။ ပြည်သူများအတွက် ရောဂါကင်းစင်ပြီး သန့်ရှင်းသည့်အသားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် စားသုံးသူများဘေးကင်းမှုရှိစေရန် ဆောင်ရွက်နေကြသည့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးတာဝန်ခံ တိရစ္ဆာန်ဆေးကုဆရာဝန်များသည်လည်း မြန်မာ့ One Health အတွက် အရေးပါသူများပင်ဖြစ်ပါသည်။

တောရိုင်းတိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် မြန်မာ့ One Health

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် ကူးစက်ရောဂါ (ဥပမာ- Ebola, SARS, MERS, HPAI, COVID-19 စသည်) အတော်များများသည် တောရိုင်းတိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်သည့် ရောဂါများဖြစ်ကြပါသည်။ တောရိုင်းတိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ တောရိုင်းတိရစ္ဆာန်ကောင်ရေနှင့် ဂေဟစနစ်ကိုလေ့လာခြင်း၊ ဇီဝမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် လူသို့ကူးစက်စေနိုင်သည့် ရောဂါများကို စောင့်ကြည့်လေ့လာခြင်း စသည့်လုပ်ငန်းများတွင်လည်း တိရစ္ဆာန်ဆေးကုဆရာဝန်များ ပါဝင်ဆောင်ရွက်နေကြရပါသည်။

ထို့ကြောင့် အဆိုပါအခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသည့် တိရစ္ဆာန်ဆေးကုဆရာဝန်များသည် တောရိုင်းတိရစ္ဆာန်များမှ ပြည်သူလူထုထံ ရောဂါကူးစက်မှုမရှိစေရန် တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ်တားဆီးမှုကို ဆောင်ရွက်နေသူ များဖြစ်ကြသဖြင့် မြန်မာ့ One Health အတွက် ကြိုးပမ်းလုပ်ဆောင်နေကြသူများပင် ဖြစ်ပါသည်။

One Health အတွက် ပူးပေါင်းဆောင်ရွက်မှုများ

လူထုကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးတို့ကို ကောင်းမွန်စွာစောင့်ရှောက်နိုင်ရန် ကဏ္ဍသုံးမျိုးစလုံးပါဝင်သည့် အဖွဲ့အစည်းအချင်းချင်း ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် ပြည်သူလူထုအတွက် ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခု ဖြစ်လာပေမည်။ မြန်မာနိုင်ငံ၏ One Health ကဏ္ဍဆိုင်ရာ လှုပ်ရှားမှုများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ပြည်တွင်းအစိုးရအဖွဲ့ အစည်းများဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့(FAO)နှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့အတူ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သည်လည်း မြန်မာနိုင်ငံ၏ One Health ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးတက္ကသိုလ်(၁)၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်တို့နှင့် ပူးပေါင်းကာ အရှေ့တောင်အာရှ SEAOHUN (Southeast Asia One Health University Network) ၏ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ရပ်အဖြစ် MMOHUN (Myanmar One Health University Network)ကို ထူထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းအနေဖြင့်လည်း One Health ကဏ္ဍဆိုင်ရာလှုပ်ရှားမှုများကို တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ လူနေထူထပ်သည့်နေရာများတွင် ခွေးရူးရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ခွေးများကို ခွေးရူးကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်း၊ ခွေးလေခွေးလွင့်ပွားများမှုကိုထိန်းချုပ်မှုအစီအစဉ် (Animal Birth Control- ABC)ကို Worldwide Veterinary Service (WVS) အဖွဲ့နှင့်ပူးပေါင်းကာ ခွေးများအား မျိုးပွားမှုကိုထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာ့ One Health အတွက်မရှိမဖြစ် တိရစ္ဆာန်ဆေးကုဆရာဝန်များ

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် အနာဂတ်မြန်မာ့ One Health အတွက် အောက်ပါကဏ္ဍများတွင် မရှိမဖြစ်ပါဝင်နေရဦး မည်ဖြစ်ပါသည် -

တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် သက်သောင့်သက်သာဖြစ်စေရေးကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးကာ လူထုကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း၊

တိရစ္ဆာန်နှင့် လူတို့အကြား ကူးစက်တတ်သည့် ရောဂါဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးခြင်း၊ ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်/ ကုသခြင်းနှင့် ၎င်းရောဂါများကို အမြစ်ပြတ် ဖယ်ရှားပစ်ရန် အစီအမံများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ရေးအစီအစဉ်များကို ဖော်ထုတ်ခြင်း၊

ကူးစက်ရောဂါများကို ဒေသတွင်း၊ နိုင်ငံအတွင်းသာမက ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်ရေးစနစ်များ တည်ထောင်ကာ ရောဂါရှာဖွေခြင်း၊ လက်ဦးမှုရယူခြင်းနှင့် တုံ့ပြန်မှုများဆောင်ရွက်ခြင်း၊

မွေးမြူရေးခြံမှသည် မိသားစုထမင်းစားပွဲပေါ်အထိ ကွင်းဆက်တစ်လျှောက်လုံး အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကို သေချာစေခြင်း၊

တိရစ္ဆာန်ကျန်းမာရေး၊ တိရစ္ဆာန်နှင့် လူတို့အကြား ကူးစက်တတ်သည့် ရောဂါကာကွယ်တားဆီးရေး၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်သို့ရောဂါပျံ့နှံ့မှု တားဆီးကာကွယ်ရေးဆိုင်ရာ သုတေသနများပြုလုပ်ခြင်း၊

One Health ကဏ္ဍအတွက် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာဖြန့်ဝေရေးနှင့် သင်ကြားရေးဆိုင်ရာများတွင် ပါဝင်ခြင်း၊

တိရစ္ဆာန်ကုသဆေးဝါးများ၊ မွေးမြူရေး လုပ်ငန်းသုံးဆေးဝါးများ၊ တိရစ္ဆာန်အစာဖြည့်စွက်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ၏ ဘေးအန္တရာယ်ကင်းရှင်းမှု အကဲဖြတ်ခြင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးခြံများမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပေးခြင်း၊ အန္တရာယ်ရှိဓာတုဆေးဝါးများကို ဘေးကင်းစွာစွန့်ပစ်ခြင်းနှင့်လုပ်ငန်းခွင်၌ ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ အသိပညာနှင့် အလေ့အကျင့်ကောင်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းဖြင့် ပတ်ဝန်းကျင်ကို ကာကွယ်ပေးခြင်း၊

ကမ္ဘာ့ဇီဝမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များကို တောရိုင်းတိရစ္ဆာန်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များကို အခြားဆေးပညာရှင်များသာမက ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် One Health ကဏ္ဍကို မြှင့်တင်ပေးခြင်း။

ညီလာခံနှင့် စာတမ်းဖတ်ပွဲ

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကြီး၏ ရွှေရတုအထိမ်းအမှတ်ညီလာခံနှင့် စာတမ်းဖတ်ပွဲအခမ်းအနားများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့ Yangon Convention Center (YCC)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားတွင် စာတမ်းဖတ်ပွဲများအပြင် ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခြင်း၊ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာဆေးကုမ္ပဏီများ၏ ပြခန်းများ၊ အိမ်မွေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲများ(Pet show)နှင့် ပညာပေးပြခန်းများပြသခြင်းတို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နိဂုံးချုပ်အနေဖြင့် ရွှေရတုအလွန် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းကြီးသည်လည်း အနာဂတ်၌ မြန်မာ့ One Health အတွက် ကျရာအခန်းကဏ္ဍမှ မရှိမဖြစ်ပါဝင်လှုပ်ရှား ဆောင်ရွက်နေရဦးမည်ဖြစ်ပါကြောင်း အသင်းကြီး၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဤဆောင်းပါးဖြင့် ရေးသားဂုဏ်ပြုအပ်ပါသည်။ ။

မှီငြမ်းကိုးကားစာရင်း-

Gibbs S.E. and Gibbs E.P. (2013). The Historical, Present, and Future Role of Veterinarians in One Health. Current Topics in Microbiology and Immunology 365: 31–47.

One Health MYANMAR (poster), The 33rd WOAH Regional Conference for Asia and the Pacific. New Delhi, India, 13-16 November 2023

SEAOHUN, https://www.seaohun.org/mmohun

Source: moi.gov.mm

ဆေးလိပ်နှင့် ကျန်းမာရေး

Posted_Date

Image

ဆေးလိပ်နှင့် ကျန်းမာရေး

Body

ဆေးလိပ်သောက်တဲ့သူတွေကို ပိုက်ဆံတွေမီးရှို့သူ၊ ကွမ်းစားတဲ့သူတွေကို အရည်မရ၊ အဖတ်မရလုပ်တဲ့သူလို့ လူကြီးသူမတွေကပြောလေ့ရှိကြပါတယ်။

လူငယ်ဘဝ ကျောင်းသားအရွယ်မှာ တခြားသူတွေ ဆေးလိပ်သောက်တာကို အတုယူပြီး စမ်းသပ်သောက်ကြရင်း ဆေးလိပ်သောက်တတ်သွားကြတာများပါတယ်။ စာရေးသူရဲ့အစ်ကိုဆိုရင် ငယ်ငယ်က ဆေးလိပ်မသောက်တတ်ပေမယ့် တက္ကသိုလ်တက်မှ ဆေးလိပ်စပြီးသောက်ပါတယ်။ အစပိုင်းမှာတော့ စီးကရက်ကိုသောက်ပေမယ့်နောက်ပိုင်းမှာ ဆေးပေါ့လိပ်ကို စွဲစွဲလမ်းလမ်းသောက်ပါတယ်။ မနက်အိပ်ရာကထရင် အိပ်ခန်းအပြင်ကို မထွက်သေးဘဲ အိပ်ရာဘေးမှာ ဆေးလိပ်ကိုဝအောင်ထိုင်သောက်ပြီးမှ အိပ်ခန်းထဲကနေထွက်တဲ့အထိ သောက်ပါတယ်။ ကွမ်းယာ၊ အရက်၊ ဘီယာမစားမသောက်ပေမယ့် ဆေးလိပ်ကိုတော့ စွဲစွဲလမ်းလမ်းသောက်ခဲ့တာကြောင့် အသက်(၆၅)နှစ်အရွယ်မှာ အဆုတ်ရောဂါ၊ အသည်းရောဂါတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။ မသေခင်ဝေဒနာကို အလူးအလိမ့် ခံစားသွားရပါတယ်။

စာရေးသူနဲ့ ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက်ကတော့ ၁၀ တန်းကျောင်းသားဘဝကတည်းက စီးကရက်ကို စွဲစွဲမြဲမြဲနဲ့သောက်ပါတယ်။ စာသင်ချိန်နားလို့ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ သွားထိုင်ကြရင် စီးကရက်သောက်ပါတယ်။ သူလည်းအသက် (၅၂)နှစ်မှာပဲ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

စာရေးသူလည်းငယ်စဉ်တုန်းကတော့ ဆေးလိပ်သောက်တဲ့သူဆီက ဆေးလိပ်မီးခိုးငွေ့ကိုတောင်မခံနိုင်ခဲ့ပေမယ့် ၁၀ တန်းကျောင်းသားဘဝမှာ သူငယ်ချင်းတွေဆီက အတုမြင်အတတ်သင်ဆိုသလို စီးကရက်စသောက်ဖြစ်ခဲ့ပါတယ်။ ဆေးလိပ်သောက်တာ အမေကမကြိုက်တော့ မသိအောင် သောက်ခဲ့ပါတယ်။ အိမ်ထောင်ကျတော့လည်း ဇနီးဖြစ်သူက ဆေးလိပ်သောက်တာမကြိုက်တော့ အိမ်ပြန်ရောက်ရင် ခြေဆေးလက်ဆေးရင်း သွားတိုက်ပါးစပ်ဆေးတဲ့အလုပ်ကို အမြဲလုပ်ခဲ့ရတယ်။

၁၉၉၃ ခုနှစ်က ရန်ကုန်မှာဌာနဆိုင်ရာသင်တန်း တစ်ခုတက်နေရင်း ကျန်းမာရေးမကောင်းဖြစ်တာ သင်တန်းပြီးလို့ပြန်လာတဲ့အထိပါပဲ။ အရပ်ထဲက ဆေးခန်းမှာကုသတာမသက်သာလို့ အထူးကုဆေးခန်းကိုသွားပြတော့ အဆုတ်အမြှေးရောင်ရောဂါဖြစ်နေတယ်လို့သိရပါတယ်။ ဆေးလိပ် သောက်လားလို့ ဆရာဝန်ကြီးကမေးတဲ့အခါ သောက်တဲ့အကြောင်းပြောပြတော့ ဆေးလိပ်ဆက်မသောက်ဖို့ ညွှန်ကြားပါတယ်။ သူများတွေလို ဆေးပေါ့လိပ်လည်းမသောက်တတ်လို့ စီးကရက်တွေသောက်ခဲ့တာ ကျောင်းသားအရွယ်ကနေ အသက်(၄၈)နှစ်အရွယ်အထိပါပဲ။ ခံစားရတဲ့ဝေဒနာဒဏ်က အတော်ခံလိုက်ရတာမို့ ဆေးလိပ်ကိုမသောက်တော့ဘဲ လုံးဝပြတ်သွားပါတယ်။

ဆေးလိပ်သောက်လို့ရလာတဲ့ ဆိုးကျိုးတွေဟာ ခန္ဓာကိုယ်ပြင်ပမှာ ထိခိုက်မိတဲ့ ဒဏ်ရာတွေလို အပေါ်ယံမှာမမြင်ရဘဲ အတွင်းကလီစာတွေကို တဖြည်းဖြည်းချင်း ထိခိုက်နေတယ်ဆိုတာ သတိမထားမိခဲ့ပါဘူး။ ခန္ဓာကိုယ်အပေါ်ယံမှာ တစ်ခုခုထိခိုက်မိလို့ဒဏ်ရာပျောက်သွားရင် အမာရွတ်ကျန်ရစ်သလို ဆေးလိပ်သောက်လို့ရတဲ့ ဒဏ်ရာတွေက အဆုတ်၊ အသည်း၊ နှလုံး စတဲ့ ကလီစာတွေမှာ အမာရွတ်သဘောကျန်ရစ်မှာတော့ အသေအချာပါပဲ။

အမေရိကတိုက်မှာ ဆေးရွက်ကြီး စတင်ပေါ်ပေါက်ခဲ့

ဆေးလိပ်ရဲ့အဓိကပစ္စည်းက ဆေးရွက်ကြီးဖြစ်ပါတယ်။ ဆေးရွက်ကြီးဟာ တစ်ရာသီခံအရွက်မျိုးဖြစ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးတဲ့ ဆေးရွက်ကြီးမျိုးက နီကိုရှီယားနား တက်ဘကန် (Nicotiana Tabacum ) ဖြစ်ပေမယ့် ကမ္ဘာ့အရှေ့ခြမ်းမှာ နီကိုရှီယားနားရပ်စ်တီကာ ( Nicotiana Rustica ) ကို ပိုပြီးစိုက်ပျိုးသုံးစွဲကြပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀၀ ခန့်က အမေရိကတိုက်မှာ ဆေးရွက်ကြီးစတင်ပေါ်ပေါက်ခဲ့ကြောင်း ပညာရှင်တွေက ခန့်မှန်းခဲ့ကြပေမယ့် ခရစ်တော်မပေါ်မီ တစ်နှစ်အလိုမှာ အမေရိကတိုက်မှာနေထိုင်တဲ့ လူရိုင်းတွေ ဆေးရွက်ကြီးစတင်သုံးစွဲလာတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီအချိန်က ဆေးရွက်ကြီးကို ဘာသာရေး၊ လူမှုရေးဆိုင်ရာအခမ်းအနားတွေမှာ နတ်ဘုရားကိုပူဇော်တာ၊ ဆေးဝါးအဖြစ်နဲ့သုံးစွဲခဲ့ကြတာလို့ သိရပါတယ်။

ဆေးရွက်ကြီး ငုံတာ၊ ရေစိမ်သောက်တာ ရှေးအကျဆုံးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆေးလိပ်၊ စီးကရက်အသွင်နဲ့သုံးစွဲလာကြပါတယ်။ ခရစ်စတိုဖာကိုလံဘတ်ဟာ ခရစ်နှစ် ၁၄၉၂ ခုနှစ်မှာ အမေရိကတိုက် ဗဟားမားကျွန်းကိုရောက်တဲ့အခါ ကျွန်းပေါ်မှာနေထိုင်ကြတဲ့ လူရိုင်းတွေကသစ်ရွက် တစ်မျိုးကို ရှူရှိုက်နေကြတာမြင်တွေ့ခဲ့ပါတယ်။ ကိုလံဘတ်လည်း ရှူရှိုက်ကြည့်ရာက နှစ်သက်ပြီး ဆေးလိပ်နဲ့ဆေးရွက်ကြီးမျိုးစေ့တွေကို ယူဆောင်လာခဲ့လို့ ဥရောပတိုက်ကို ဆေးရွက်ကြီး စတင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းဥရောပတိုက်ကနေ ကမ္ဘာ့အရှေ့ခြမ်းဆီကိုရောက်လာပြီး ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာ ဆေးလိပ်သောက်သုံးမှု ပျံ့နှံ့ခေတ်စားလာခဲ့ပါတယ်။

၁၆ ရာစုအတွင်းက စပိန်နိုင်ငံကာရေဗီယမ်ကျွန်းစုတွေက ဆေးရွက်ကြီးတွေဟာ အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားဥရောပနိုင်ငံတွေအထိပါ လွှမ်းမိုးခဲ့ပါတယ်။ အင်္ဂလိပ်လူမျိုးတွေနဲ့ ဥရောပတိုက်သား လူကုံထံတွေက ဆေးတံသောက်တာကို လူကြီးလူကောင်းဓလေ့စရိုက်အဖြစ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ကြပါတယ်။ ခရစ်နှစ် ၁၆၁၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ ဆေးရွက်ကြီးစိုက်ပျိုးပြီး ၁၀ နှစ်အကြာမှာ အောင်မြင်လာလို့ ဗာဂျီးနီးယားဆေးရွက်ကြီးဟာ ကမ္ဘာပေါ်မှာလွှမ်းမိုးခဲ့ပါတယ်။ ဗာဂျီးနီးယားဆေးရွက်ကြီးကို ပေါင်းတင်လိုက်ရင် ရွှေဝါရောင်တောက်ပလာတာကြောင့် Bright Tobacco လို့လည်းခေါ်ကြပါတယ်။

အခုအချိန်မှာ တရုတ်နိုင်ငံက ဆေးရွက်ကြီး အများဆုံးစိုက်ပျိုးပြီး အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘရာဇီး၊ အီတလီ၊ အင်ဒိုနီးရှား၊ တူကီယဲ၊ ဇင်ဘာဘွေနိုင်ငံတွေက အစဉ်လိုက် အများဆုံးစိုက်ပျိုးကြပါတယ်။ တစ်ကမ္ဘာလုံးမှာ ဆေးရွက်ကြီး စိုက်ပျိုးတဲ့နိုင်ငံ ၁၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာသက္ကရာဇ် ၉၉၁ ခုနှစ် သာလွန်မင်းလက်ထက်မှာ ဆေးလိပ်သောက်ဆေးစပြီးရောက်ရှိလာကြောင်း မှတ်တမ်းများအရသိရှိရပါတယ်။ စိန္တကျော်သူဦးသြရဲ့ သြဝါဒပျို့မှာ ဆေးတံညို တစ်တိုလောက်၊ ရော့သောက်တော့ပေးဆိုတဲ့ စကားအရရော၊ ဆေးတစ်အိုးကျွမ်း ကွမ်းတစ်ရာညက်ဆိုတဲ့ စကားတွေအရအဲဒီအချိန်ကတည်းက ဆေးလိပ်အသုံးပြုခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။

၁၉၈၀ ပြည့်နှစ်သုတေသနပြုလုပ်ချက်အရ ပြုပြင်ထားပြီးတဲ့ ဆေးရွက်ကြီးမှာ ဓာတုဓာတ်အမျိုးပေါင်း ၃၀၄၀ ပါဝင်တယ်လို့ သိရပါတယ်။ ဆေးရွက်ကြီးမှာ အဓိကအနေနဲ့ နီကိုတင်းနဲ့ နိုက်ထရိတ်၊ အေမင်း၊ ပရိုတင်းနှင့် အယ်လ်ကာလွိုက်တွေက ပြောင်းလဲလာပြီး ကင်ဆာရောဂါဖြစ်နိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ တာရှည်ခံအောင် ပြုပြင်ရာက ပိုလီဆိုင်ကလစ် အေရိုမေတစ် ဟိုက်ဒရိုကာဘွန် ( Poly-cyclic aromatic hydrocarbon) တွေ၊ စိုက်ပျိုးတဲ့ မြေနဲ့ လေတို့က ရေဒီယိုသတ္တိကြွ ပစ္စည်းတွေနဲ့ ကက်ဒ်မီယံဓာတ် (Cadmiun) တွေ ပါဝင်လာတယ်လို့ဆိုပါတယ်။ ဆေးလိပ်သောက်လို့ ဆေးရွက်ကြီး မီးလောင်ရင် ဓာတ်ပြောင်းလဲပြီး ဓာတုပစ္စည်းတွေ အများအပြားထွက်ပေါ်လာတယ် လို့သိရပါတယ်။

နှစ်မျိုးနှစ်စား ခွဲခြားလေ့လာနိုင်

ဆေးရွက်ကြီးထွက်ပစ္စည်းတွေကို အဓိကနှစ်မျိုးနှစ်စား ခွဲခြားလေ့လာနိုင်ပါတယ်။ ပထမတစ်မျိုးက အငွေ့ထွက်တဲ့ဆေးရွက်ကြီးပစ္စည်းတွေပါ။ စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ပြောင်းဖူးဖက်၊ ကွမ်းသီးဖက်ဆေးလိပ်၊ ဘီဒီဆေးလိပ်၊ ဆေးတံနဲ့ရေပြောင်းတွေ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ အငွေ့မထွက်တဲ့ဆေးရွက်ကြီးပစ္စည်းတွေ ဖြစ်ပါတယ်။ အဲဒီအုပ်စုမှာတော့ ဆေးရွက်ကြီးငုံတာ၊ ကွမ်းယာထဲမှာ ဆေးရွက်ကြီး၊ ဆေးပေါင်း၊ နှပ်ဆေးတွေထည့်စားတာနဲ့ ဆေးရွက်ကြီးကို ရေစိမ်သောက်တာတို့ဖြစ်ပါတယ်။

ဆေးလိပ်ငွေ့မှာလည်း ပင်မဆေးလိပ်က ထွက်လာတဲ့အငွေ့ကို ဆေးလိပ်အစီခံက တစ်ဆင့်ဖြတ်ပြီး ခန္ဓာကိုယ်အတွင်း ရှူရှိုက်လိုက်တဲ့အငွေ့နဲ့ ဆေးလိပ်မီးညှိပြီး ချထားချိန်ထွက်နေတဲ့ မီးခိုးငွေ့၊ ဆေးလိပ်သောက်တဲ့သူနားမှာ ရှူရှိုက်မိတဲ့အငွေ့တွေဖြစ်ပါတယ်။ လက်ရှိသုတေသနပြုချက်အရ ဆေးလိပ်မီးခိုးမှာ အမျိုးအစားသတ်မှတ်နိုင်တဲ့ ဓာတုပစ္စည်းအမျိုးပေါင်း ၄၀၀၀ ခန့်နဲ့ အမျိုးအစား မသတ်မှတ်နိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်တယ်လို့ သိရပါတယ်။

ဆေးလိပ်စသောက်လိုက်တာနဲ့ သုံးစက္ကန့်အတွင်း အဆိပ်ဓာတ်ငွေ့တွေပါတဲ့ ဆေးလိပ်မီးခိုးဟာ အဆုတ်၊ နှလုံး၊ ဦးနှောက်နဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ရောက်ရှိပြီး နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေတက်လာစေပါတယ်။ ခံတွင်းမှာရှိတဲ့ အမြှေးပါးလေးတွေကိုလည်း ပျက်စီးစေပါတယ်။ အဆုတ်အတွင်းမှာ အသက်ရှူလမ်းကြောင်းကိုပိတ်စေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ကျန်ရစ်ပါတယ်။ အဲဒီကတစ်ဆင့် အစာအိမ်၊ ကျောက်ကပ်၊ ဆီးအိမ်စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဒုက္ခပေးပါတယ်။

ဆေးလိပ်ရှိုက်ဖွာပြီး ၁၀ စက္ကန့်အတွင်းမှာ ဦးနှောက်အတွင်းကို နီကိုတင်းရောက်ရှိသွားပါတယ်။ နီကိုတင်းဆဲလ်များ လှုံ့ဆော်မှုကြောင့် စိတ်ကိုသာယာမှုပေးတယ်။ အစာစားလိုစိတ် လျော့နည်းစေတယ်။ စိတ်ကိုတက်ကြွစေတယ်။ အာရုံခံစားမှုကို နိုးကြွစေတယ်။ မှတ်ဉာဏ်တိုးတက် စေတယ်။ စိတ်ခံစားမှုကို ပြောင်းလဲစေတယ်။ စိတ်သောကပူပင်မှု၊ စိတ်တင်းကျပ်မှု လျော့နည်းစေတယ်။ ဒီသတ္တိတွေကြောင့် ဆေးလိပ်သောက်လိုက်ရင် စိတ်တက်ကြွတာ၊ စိတ်တင်းကျပ်မှုနဲ့ စိတ်ဖိစီးမှုလျော့နည်းတာ၊ အာရုံခံစားလို့ကောင်းတာနဲ့စိတ်ရှုပ်ထွေးမှုတွေကို ဖြေရှင်းနိုင်တဲ့ အရသာကိုရရှိစေပါတယ်။ ဒါပေမဲ့ နီကိုတင်းဟာ စွဲလမ်းစေတာမို့ ဆေးလိပ်သောက်သူ၊ ဆေးရွက်ကြီးငုံသူတွေဟာ စွဲလမ်းသွားပါတယ်။

ကမ္ဘာ့လူဦးရေရဲ့သုံးပုံတစ်ပုံဟာ ဆေးလိပ်သောက်သုံးကြပြီး အမျိုးသားတွေသာမကဘဲ အမျိုးသမီးတွေပါသောက်ကြကြောင်း သိရပါတယ်။ ကလေးသူငယ်သန်းပေါင်း ၁၀၀၀ နီးပါးဟာ ဆေးလိပ်သောက်ကြပြီး သုံးပုံတစ်ပုံက ဆေးလိပ်ဆိုးကျိုးကြောင့် အရွယ်မတိုင်မီ သေဆုံးနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဆေးလိပ်သောက်သုံးမှုကြောင့် ဆေးလိပ်အခိုးအငွေ့ထဲမှာပါဝင်တဲ့ နီကိုတင်းနဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်တွေကြောင့် အဆုတ်မှတစ်ဆင့် ခန္ဓာကိုယ်သွေးကြောတွေဆီရောက်သွားပြီး နှလုံးခုန်နှုန်းမြန်စေပါတယ်။ အဲဒီရဲ့အကျိုးဆက်က နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံးခုန်မမှန်တဲ့ရောဂါ၊ ဦးနှောက်သွေးကြောတွေပိတ်ပြီး လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ ပင်မသွေးကြောကြီးကို လွယ်ကူစွာပေါက်တဲ့ရောဂါ၊ ချောင်းဆိုးရင်ကျပ်ရောဂါ၊ အဆုတ်ကြောင့်ဖြစ်တဲ့ နှလုံးရောဂါ၊ ခြေချောင်းနဲ့ လက်ချောင်းထိပ်ပုပ်တဲ့ ရောဂါတွေခံစားရနိုင်ကြောင်း သိရပါတယ်။

ဒါ့အပြင် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ထိပ်ကင်ဆာတွေ ဖြစ်ပွားနိုင်တဲ့အပြင် ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ပွ၊ အဆုတ်ရောင်ရောဂါတွေလည်း ဖြစ်ပွားနိုင်တဲ့အတွက် ဆေးလိပ်ရဲ့ဆိုးကျိုးတွေဟာ အင်မတန်ကြောက်စရာကောင်းပါတယ်။

မျက်မှောက်ကာလမှာ ဆေးလိပ်၊ စီးကရက်နဲ့ အခြားဆေးလိပ်ထွက် ပစ္စည်းတွေနေရာမှာ အီးစီးကရက်ကို အစားထိုးအသုံးပြုလာကြပါတယ်။ ဆေးလိပ်သောက်တဲ့အစား အသုံးပြုတယ်ဆိုပေမယ့် အီးစီးကရက်တွေမှာလည်း ဆေးရွက်ကြီးထွက်ပစ္စည်းတွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ အစားထိုးသုံးစွဲတာမှန်ပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ဆိုးကျိုးတွေဖြစ်စေပါတယ်။ အီးစီးကရက်အများစုဟာ ဘက်ထရီတစ်လုံးက အပူပေးတဲ့ဒြပ်စင်ကွိုင်နဲ့ ဆေးရည်ထည့်တဲ့ ပြွန်ပါပါတယ်။ အများအားဖြင့် နီကိုတင်းပါဝင်တဲ့ အရည်တစ်မျိုးကို အပူပေးလိုက်ပြီး ထွက်လာတဲ့လေဖိအားနဲ့ အငွေ့တွေထွက်အောင် စီမံထားတာဖြစ်ပြီး ပုံမှန်စီးကရက်၊ ဆေးပြင်းလိပ်နဲ့ အခြားဆေးရွက်ကြီးထွက်ပစ္စည်းတွေထက် အနံ့အရသာ ပိုကောင်းအောင် စီမံထားတာဖြစ်ပါတယ်။ အဲဒီအီးစီးကရက်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာလဲ စွဲလမ်းစေတဲ့ နီကိုတင်းဓာတ်တွေ ပါဝင်နေပါတယ်။

အီးစီးကရက်ကအငွေ့ကို ရှူရှိုက်လိုက်တာနဲ့အဆုတ်ထဲကို အဆိပ်ငွေ့တွေရောက်သွားပါတယ်။ သူတို့ကမှုတ်ထုတ်လိုက်တဲ့ အငွေ့တွေက လေထုထဲကတစ်ဆင့် ဘေးလူတွေရဲ့အသက်ရှူလမ်းကြောင်းဆီကို ရောက်ရှိသွားတာမို့ သုံးစွဲသူသာမက ပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးသက်ရောက်စေပါတယ်။

အထူးသဖြင့် လူငယ်တွေဟာ အတုမြင်အတတ်သင်ဆိုစကားလို အကောင်းအဆိုးကို ဝေဖန်ဆုံးဖြတ်နိုင်တဲ့ အသိနည်းပါးသေးတာကြောင့် ဆေးလိပ်၊ ကွမ်းယာတွေကို အလွယ်တကူ သုံးစွဲတတ်ကြပါတယ်။ ဆေးလိပ်ကနေအစပြုပြီး မူးယစ်ဆေးဝါး သုံးစွဲတဲ့လမ်းကြောင်းဆီကို ကူးပြောင်းတတ်တာကြောင့် လူငယ်တွေအပါအဝင် ဆေးလိပ်သောက်သုံးသူတွေအတွက် ကောင်းကျိုးလုံးဝမရှိဘဲ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းမှာ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကိုလည်း ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့ ရက်စွဲနဲ့ ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့်ရရှိလာနိုင်တဲ့ ဆိုးကျိုးတွေကို တစ်ဦးချင်းစီက အသိတရားနဲ့ သတိထားပြီး မသုံးစွဲမိအောင် သတိပြုဆင်ခြင်ကြရပါမယ်။ အစလုပ်သုံးစွဲပြီး စွဲလမ်းမှပြန်ဖြတ်တာမျိုးထက် အစမလုပ်မိတာ အကောင်းဆုံးဖြစ်ပါတယ်။ ဘယ်လိုကောင်းကျိုးကိုမှ မရနိုင်တဲ့ ဆေးလိပ်သောက်တာကြောင့် ရလာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ မိမိကျန်းမာရေးအရ သက်တမ်းစေ့နေထိုင်ရေး နည်းလမ်းနှစ်မျိုးကို ရွေးချယ်ရမည်ဆိုလျှင် မိမိကျန်းမာရေးကိုသာ ဦးစားပေးရွေးချယ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

ကိုးကား -

- ဆေးလိပ်အန္တရာယ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးလိပ်ကင်းဝေးရေးစီမံချက်

- နေ့စဉ်ထုတ်သတင်းစာများ

Source: www.moi.gov.mm