တရုတ်နိုင်ငံသည် ကိုဗစ်အကျပ်အတည်းအပြီး ငါးနှစ်အကြာတွင် ဗိုင်းရပ်စ်အသစ်နှင့် ရင်ဆိုင်နေရ

News Image

တရုတ်နိုင်ငံသည် ကိုဗစ်အကျပ်အတည်းအပြီး ငါးနှစ်အကြာတွင် ဗိုင်းရပ်စ်အသစ်နှင့် ရင်ဆိုင်နေရ

တရုတ်နိုင်ငံတွင် Human Metapneumovirus (HMPV) သည် လျင်မြန်စွာပျံ့နှံ့နေပြီး တုပ်ကွေးနှင့် COVID-19 ကဲ့သို့သော ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်အသစ်နှင့် ရင်ဆိုင်နေရသည်။

Biden က အီရန်နျူကလီးယားနေရာများကို တိုက်ခိုက်ရန် စဉ်းစားထားကြောင်း Axios ဖော်ပြ

News Image

Biden က အီရန်နျူကလီးယားနေရာများကို တိုက်ခိုက်ရန် စဉ်းစားထားကြောင်း Axios ဖော်ပြ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အီရန်၏ နျူကလီးယား စက်ရုံများအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ရန် အဆင့်မြင့်အစည်းအဝေးတစ်ခုကို လွန်ခဲ့သည့်ရက် သတ္တပတ်များက ပြုလုပ်ခဲ့ကြောင်း Axios မှ ကိုးကား ဖော်ပြသည့် သတင်းရင်းမြစ်များအရ သိရသည်။

အဆိုပါဆွေးနွေးမှုများတွင် အီရန်အနေဖြင့် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုများ ရည်မှန်းချက်အောင်မြင်လာနိုင်သည့် အခြေအနေများ အတွက် ဇန်နဝါရီ ၂၀ ရက် ဘိုင်ဒင် ရာထူးမှ မထွက်ခွာမီ အရေးပေါ်စီစဉ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

လက်ချောင်းများရောင်ရမ်းစေသည့်အကြောင်းရင်းများ

Posted_Date

Image

လက်ချောင်းများရောင်ရမ်းစေသည့်အကြောင်းရင်းများ

Body

လက်ချောင်းတွေရောင်ရမ်းပြီး ဝက်အူချောင်းလို၊  ကောက်ညှင်းထုပ်လိုမျိုးဖြစ်တာကို  တချို့တွေ့ကြုံဖူးကြမှာပါ။  ကျန်းမာရေးထိခိုက်လောက်အောင်မဆိုးရွားပေမယ့်  မကြာခဏဖြစ်တတ်ပါတယ်။လက်ချောင်းတွေမှာ ရောင်ရမ်းမှုနဲ့အတူ နာကျင်မှုပါခံစားနေရတယ်ဆိုရင်တော့    ဆရာဝန်နဲ့ပြသပြီး  ရောဂါရှာဖွေမှုပြုလုပ်ဖို့လိုအပ်ပါတယ်။   ကောက်ညှင်းထုပ်လို၊   ဝက်အူချောင်းလိုမျိုးနာကျင်မှုမရှိဘဲလက်ချောင်းတွေရောင်ရမ်းတာကတော့ အပြင်ဘက်က ရာသီဥတုပူတာ၊အငန်များတဲ့အစားအစာတွေစားပြီးချိန်နဲ့ သောက်နေတဲ့ဆေးဝါးတွေစတာတွေကြောင့် လက်ချောင်းတွေရောင်ရမ်းတာဖြစ်နိုင်တဲ့အကြောင်းရင်းများစွာရှိပါတယ်။

ရာသီဥတုပူလွန်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်

ရာသီဥတုအလွန်ပူတဲ့အခါ    သွေးကြောတွေကိုကျယ်စေပြီး   အပူတွေကို အရေပြားကနေတစ်ဆင့်ထုတ်ပြီး အပူ၊ အအေးမျှတအောင်ခန္ဓာကိုယ်ကလုပ်ဆောင်တာဖြစ်တယ်လို့  ချီကာဂိုတက္ကသိုလ်  အရိုးအကြောဌာနမှ ပါမောက္ခတစ်ဦးက  ဆိုထားပါတယ်။ သွေးကြောတွေကျယ်သွားတဲ့အခါ အရည်တချို့ကအသားတစ်သျှူးပျော့တွေဆီစိမ့်ထွက်လာပြီး    ရောင်ရမ်းမှုတွေဖြစ်လာစေတယ်လို့  သိရပါတယ်။  ရာသီဥတုပူတာကြောင့် လက်ချောင်းတွေရောင်ရမ်းတာက ပုံမှန်လှုပ်ရှားမှုတွေလုပ်ဆောင်ရုံနဲ့  ပြန်လည်သက်သာနိုင်ပါတယ်။  လက်နဲ့လက်ချောင်းတွေမှာပဲ     ရောင်ရမ်းနေတယ်၊     ခြေထောက်တွေမရောင်ရမ်းဘဲနာကျင်မှုခံစားရတယ်၊ လက်ချောင်းတွေက အရာဝတ္ထုတွေကိုကိုင်တဲ့အခါ မမြဲဘူးဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ပြန်ရည်ကြောစနစ်ပိတ်ခြင်းဖြစ်နိုင်ပါတယ်

ပြန်ရည်ကြောစနစ်ပိတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းတွေ၊ ဗက်တီးရီးယားပိုးနဲ့ဗိုင်းရပ်စ်ပိုး စတာတွေပါဝင်တဲ့ပြန်ရည်တွေ အပြင်ကိုမစီးဆင်းတော့ဘဲ ပိတ်ဆို့နေလို့ ရောင်ရမ်းမှုတွေဖြစ်လာပါတယ်။ လက်ချောင်းနဲ့ခြေမတွေအပြင် လက်မောင်းနဲ့ခြေထောက်တွေမှာလည်း  ရောင်ရမ်းမှုတွေဖြစ်လာနိုင်ပါတယ်။   အရေပြားကတင်းတင်းကျပ်ကျပ်ဖြစ်ပြီး     ပုံမှန်ထက်ပိုပြီးထူနေတတ်ပါတယ်။ပြန်ရည်ကြောစနစ်ပိတ်ဆို့တာကြောင့်  လက်ချောင်းတွေရောင်ရမ်းမှုဖြစ်တာကတော့ ရင်သားကင်ဆာရောဂါကို ခွဲစိတ်ကုသတာ ဒါမှမဟုတ်ဓာတ်ရောင်ခြည်ပေးကုသတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အငန်အစားများတာကြောင့်ဖြစ်နိုင်ပါတယ်

အငန်ပါဝင်တဲ့အစားအစာတွေစားသုံးပြီးတဲ့အခါမှာ လက်ချောင်းတွေရောင်ရမ်းနေရင်   ခန္ဓာကိုယ်ရဲ့  ဆားဓာတ်နဲ့ရေဓာတ်ထိန်းညှိမှုမညီမျှမှုတွေကြောင့်ဖြစ်ပါတယ်။ အငန်စားသုံးမှုများလေလေ ခန္ဓာကိုယ်ထဲကို ရေပြန်ဆွဲထားလေဖြစ်တာကြောင့် လက်ချောင်းတွေ ရောင်ရမ်းမှုဖြစ်လာရပါတယ်။ ဒါကြောင့် အငန်စားသုံးမှုကိုလျှော့ချသင့်ပါတယ်။အငန်များတဲ့အစားအစာတွေဖြစ်တဲ့    ငါးပိ၊  ငါးခြောက်၊  ငံပြာရည်စတာတွေကို  လျှော့စားသင့်ပါတယ်။  အသင့်အမြန်စားအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆန်းဒဝှစ်ချ်၊ ပီဇာ၊ အာလူးချောင်းကြော်တွေမှာလည်း    အငန်ပါဝင်မှုများတတ်တာကြောင့်   လျှော့စားသင့်ပါတယ်။ဟင်းလျာတွေချက်ပြုတ်တဲ့အခါ    အငန်ကို    လျှော့စားနေတာတောင်လက်ချောင်းတွေ ရောင်ရမ်းမှုလျော့မသွားဘူးဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

 ရေးနှော့ရောဂါစုကြောင့်ဖြစ်နိုင်ပါတယ်

ရေးနှော့ရောဂါစု(Raynaud's disease) လို့ခေါ်တဲ့ ရာသီဥတုအေးတဲ့အခါနဲ့ စိတ်ဖိစီးမှုများတဲ့အခါတွေမှာ သွေးလွှတ်ကြောတွေ‌ကျဉ်းသွားတာကြောင့် သွေးလှည့်ပတ်မှုနည်းပြီး လက်ချောင်းတွေရောင်ရမ်းမှုနဲ့နာကျင်မှုကို ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ လက်ချောင်းတွေရောင်ရမ်းမှုမဖြစ်ခင်မှာ ဖျော့တော့တော့ဖြစ်နေတာ ဒါမှမဟုတ် ပြာနှမ်းလာတာမျိုးဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

အဆစ်ယိုယွင်းခြင်းဖြစ်နိုင်ပါတယ်

လက်ဆစ်တွေက ပုံမှန်ထက်ပိုကြီးနေတာ၊ အရိုးအဆစ်ရောင်ရမ်းရောဂါရှိနေတာတွေကြောင့်  နံနက်အိပ်ရာထချိန်မှာ  လက်ချောင်းတွေရောင်ရမ်းနိုင်ပါတယ်။    အသက်အရွယ်နဲ့ဆက်စပ်တဲ့အရိုးအဆစ်ရောင်ရမ်းမှုဖြစ်တာကြောင့် အဆစ်ဘေးကတစ်သျှူးတွေပျက်စီးတာ ကြောင့်လည်း လက်ချောင်းတွေရောင်ရမ်းတာဖြစ်လာနိုင်ပါတယ်။လက်ချောင်းတွေရောင်ရမ်းတာက မကြာခဏဖြစ်နေတယ်၊ နာကျင်မှုခံစားရတယ်၊ လက်ချောင်းအဆစ်တွေက အကွေးအဆန့်မကောင်းဘဲ တောင့်တင်းနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာများဖြစ်နေတတ်ပါတယ်

ကိုယ်ဝန်ဆောင်မိခင်တချို့မှာ လက်ချောင်းတွေရောင်ရမ်းမှုဖြစ်နိုင်ပါတယ်။   အထူးသဖြင့်   လက်နဲ့မျက်နှာအရေပြားကို    လက်မနဲ့ဖိကြည့်ပြီး ပြန်လွှတ်လိုက်တဲ့စမ်းသပ်မှုပြုလုပ်ပြီး ရောင်ရမ်းနေတာဟုတ်၊ မဟုတ်သိရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကိုမသိလို့   မကုသဘဲထားရင်  မိခင်ရော   ကလေးပါအန္တရာယ်များပါတယ်။   အသက် ၄၀  ကျော် ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊   ကလေးတစ်ယောက်ထက်ပိုပြီး နှစ်မြွှာပူး၊ သုံးမြွှာပူးကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊ အဝလွန်တဲ့ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ သားဖွားမီးယပ်ပါရဂူနဲ့စောစောပြသပြီး စောင့်ရှောက်ကုသမှုကို ရယူဖို့လိုအပ်ပါတယ်။

လက်ချောင်းများထုံကျဉ်ရောဂါရှိခြင်းဖြစ်နိုင်ပါတယ်

လက်ကောက်ဝတ်အာရုံကြောတွေကြောင့် လက်ချောင်းလေးတွေထုံကျဉ်တာကို ခံစားနေရသူတွေမှာလည်း လက်ချောင်းရောင်ရမ်းတာဖြစ်နိုင်ပါတယ်။ လက်ချောင်းတွေရောင်ရမ်းတာအပြင် နာကျင်ကိုက်ခဲမှုခံစားရတာ၊ အသားတွေပူနေတာ၊ ထုံကျဉ်တာတွေနဲ့တွဲပြီးဖြစ်နေပြီးတဖြည်းဖြည်းနဲ့ပိုဆိုးလာတယ်ဆိုရင်  ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သုံးဆပိုဖြစ်တတ်ပါတယ်။

အဆစ်ရောင်ခြင်းဖြစ်နိုင်ပါတယ်

အရိုးအဆစ်ရောင်ခြင်း၊ လေးဖက်နာအဆစ်ရောင်ခြင်း၊ ဂေါက်အဆစ်ရောင်ခြင်း စတာတွေကလည်း လက်ကိုထိခိုက်စေနိုင်ပါတယ်။ အတွေ့ရအများဆုံးဖြစ်တဲ့အရိုးအဆစ်ရောင်ခြင်းက မိသားစုမျိုးရိုးလိုက်တာကြောင့်ပဲဖြစ်ဖြစ်၊ ထိခိုက်မိတာကြောင့်ပဲဖြစ်ဖြစ်   ဖြစ်ပွားနိုင်ပါတယ်။လက်မှာထိခိုက်မှုအများဆုံးနေရာကတော့   လက်မရဲ့အောက်ခြေနဲ့လက်ချောင်းတွေရဲ့အစွန်ပိုင်းအဆစ်တွေဖြစ်ပါတယ်။

 ခြေထောက်နဲ့လက်မှာ လေးဖက်နာပိုးကြောင့် အဆစ်တွေ၊ ခြေဆစ်တွေရောင်ရမ်းရင် မကုသဘဲထားပါက သွေးလွှတ်ကြောကတစ်ဆင့်နှလုံးထိရောက်ရှိသွားပြီး နှလုံးထိခိုက်‌နိုင်ခြေများတာ၊ အဆို့မလုံတာကြောင့် နှလုံးအားနည်းတာတွေဖြစ်လာပါတယ်။ ASO ဖောက်စစ်တဲ့အခါ(၂၅၀)အိုင်(ယူ)ထက်များနေရင်  ပင်နီဆလင်ဗွီ (၂၅၀) မီလီဂရမ်တစ်နေ့လေးကြိမ်ကို ခြောက်လအထိသောက်ခြင်း ဒါမှမဟုတ် တစ်လတစ်ကြိမ်  ပင်နီဆလင်ထိုးနှံခြင်းကို (၁-၂) နှစ်အထိဆက်တိုက်ထိုးနှံခြင်းက   ရောဂါပျောက်ကင်းနိုင်ပါတယ်။   ပင်နီဆလင်ဗွီစားဆေးစားခြင်း၊ပင်နီဆလင်ထိုးနှံခြင်းတို့ကို   ကိုယ့်ဘာသာမဖြတ်သင့်ဘဲ  ခြောက်လဒါမှမဟုတ် ရှစ်လကြာမှ သွေးဖောက်စစ်ကြည့်တာ ASO  (၂၀၀ မီလီဂရမ်ရာခိုင်နှုန်း)ရဲ့ အောက်ဆိုရင်  ကုသမှုအောင်မြင်တယ်လို့ယူဆပါတယ်။လက်ချောင်း၊ ခြေချောင်းတွေရောင်ခြင်း၊  နာကျင်ခြင်းတို့မှ  ကာကွယ်နိုင်မှာဖြစ်ပါတယ်။

သွေးလေးဖက်နာဖြစ်နိုင်ပါတယ်

သွေးဖောက်စစ်လို့ ASO က သာမန်သာရှိပြီး အရိုးအဆစ်ရောင်တာ၊လက်ချောင်း၊ ခြေချောင်းရောင်တာမကျဘူးဆိုရင် သွေးလေးဖက်နာဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေပိုအဖြစ်များပါတယ်။ ခုခံအား ကမောက်ကမရောဂါစုထဲမှာ ပါဝင်ပါတယ်။ ခုခံအားက ခန္ဓာကိုယ်ရဲ့ဆဲလ်ကောင်းတွေကို မှားယွင်းပြီး တိုက်ခိုက်ရာကနေဖြစ်လာတဲ့ရောဂါမျိုးပါ။ အဆစ်အမျက်အပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့တခြားစနစ်တွေပါထိခိုက်နိုင်ပါတယ်။ တစ်ကိုယ်လုံးထိခိုက်ရောင်ရမ်းလို့ စတီးရွိုက်ပေးရင်သက်သာနိုင်ပါတယ်။ စတီးရွိုက်ကြောင့်လည်း ခြေ၊ လက်ရောင်ရမ်းနိုင်ပါတယ်။အဆစ်အမျက်ရောင်ရမ်းကိုက်ခဲတာ ပျောက်ချင်ဇောနဲ့ စတီးရွိုက်စားဆေး၊ ထိုးဆေးပေးတာများရင်လည်း ဆေးရဲ့ဘေးထွက်ဆိုးကျိုးက  အဆစ်ရောင်တာဖြစ်နိုင်တဲ့အတွက်   ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     

Source: Myawady Web Portal

 

မျှော်တလင့်လင့်နဲ့ ရင်မှာမော မဖြစ်စေလိုပါ

Posted_Date

Image

မျှော်တလင့်လင့်နဲ့ ရင်မှာမော မဖြစ်စေလိုပါ

Body

လူတိုင်းမှာ မျှော်လင့်ထားရှိမှု (Expectations) ဆိုတာရှိပါတယ်။ Great Expectations ဆိုတဲ့ ဝတ္ထုကို ဆရာကြီးတွေက “မျှော်တလင့်လင့်” ဆိုတဲ့ ခေါင်းစဉ်လှလှလေးပေးပြီး ဘာသာပြန်ဆိုခဲ့ဖူးပါတယ်။ လူဆိုတာမျိုးကလည်း အနာဂတ်မှာ ဘာတွေများဖြစ်လာမလဲ၊ အထူးသဖြင့် ကောင်းတာလေးတွေ ဖြစ်လာဖို့အတွက် မျှော်မှန်းချက်ထားပြီး လက်ရှိဘဝကို ရင်ဆိုင်ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။

One People၊ Million Expectations ဆိုပြီး တင်စားထားသလိုမျိုး လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းမှာ မရေတွက်နိုင်လောက်တဲ့ မျှော်မှန်းချက်တွေ များပြားလှပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘဝတိုးတက်ရေး၊ အချစ်ရေးအစရှိတဲ့ ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံ၊ တစ်ခုချင်းစီမှာ အသေးအဖွဲလေးကစပြီး အကောင်းဆုံးကိုပဲ မျှော်မှန်းထားတတ်ကြတာကိုက လူ့သဘောသဘာဝပဲဖြစ်ပါတယ်။

အနိမ့်ဆုံးကတော့ တစ်ချိန်ချိန်မှာ ဘယ်လိုလူမျိုးဖြစ်ချင်တယ်၊ ဘယ်လိုဘဝမျိုး ရောက်ချင်တယ်ဆိုတဲ့ မျှော်မှန်းထားရှိမှုမျိုး လူတိုင်းရှိခဲ့ဖူးမှာပါ။ Relationship ဆိုရင်တောင်မှ ဘယ်လိုလူမျိုးနဲ့မှ ဖြတ်သန်းချင်တယ်ဆိုတာမျိုးအထိ Expect လုပ်ဖူးကြမှာပါ။ အဲဒီလိုမျိုး ကိုယ့်အတွက် ကိုယ်ကိုယ်တိုင်ပဲ Expectations မြင့်မြင့်မားမား ထားလိုက်မိတယ်။ ပြီးမှ ဒါတွေကို သေချာမကိုင်တွယ်နိုင်ဘူး။ ဖြစ်မြောက်အောင်လည်း မလုပ်နိုင်တော့ဘူး။ ပြီးရင် အဲဒါကြောင့်ပဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ပြဿနာတွေဖြစ်လာမယ်။ စိတ်ပင်ပန်းမှုတွေ ကြုံလာမယ်။ နောက်ဆုံး စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုမျိုး အမြင့်မားဆုံး မျှော်မှန်းထားရှိမှုတွေကြောင့် ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ရှင်းပြထားတဲ့ Model လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

မျှော်မှန်းထားရှိမှုဆိုင်ရာစံနမူနာ (The Expectations Model) ဆိုရာဝယ်

လူသားတွေဟာ မျှော်မှန်းချက်ရှိဖို့ လိုအပ်ပါတယ်။ မူအရတော့ မြင့်မြင့်မားမား မျှော်မှန်းထားရှိ တာမျိုးက ဘာများမှားလို့လဲလို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့မြင့်မားစွာ သတ်မှတ်၊ ချမှတ်ထားတဲ့စံနှုန်းတွေကို ဘယ်တော့မှ လိုက်မမီနိုင်ဘူးလို့ ခံစားရရင် ကိုယ်ဘယ်လိုခံစားရမလဲဆိုတာနဲ့ ကိုယ့်ရဲ့မျှော်မှန်းထားရှိမှုတွေကို နှိမ့်ချလိုက်ရင်ရော ဘာတွေများဆုံးရှုံးသွားနိုင်မလဲဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်ဖို့ လိုအပ်နေတာကို ဒီ Model က ရှင်းပြပေးနိုင်ပါတယ်။

ဥပမာအားဖြင့် လက်တွဲဖော်ရွေးချယ်ရာမှာ ကိုယ်သတ်မှတ်ထားတဲ့စံနှုန်းက အရပ်ထောင်ထောင်မောင်းမောင်း၊ ရုပ်ဖြောင့်ဖြောင့်၊ ပြီးတော့ ဉာဏ်ရည်ထက်မြက်ရမယ်၊ အောင်မြင်နေရမယ်၊ နှစ်လိုဖွယ်လည်း ကောင်းရမယ်ဆိုတဲ့ မျှော်မှန်းထားရှိမှုက မြင့်မားနေတယ်ဆိုကြပါစို့။ ဒီလိုအချက်မျိုးအားလုံး နဲ့ပြည့်စုံသူကို တွေ့ခဲ့ရင်တော့ အလွန်ဝမ်းမြောက်ဖွယ်ဖြစ်မှာပါ။ ဒါဆိုရင် အဲဒီလိုလူမျိုးနဲ့ မတွေ့ခဲ့ရင်ရော တစ်သက်လုံး အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းနေတော့မှာလားဆိုတာမျိုး ဖြစ်ပါတယ်။

ဒီ Model ကို အခြားကဏ္ဍတွေမှာလည်း အသုံးပြုလို့ရပါတယ်။ ရာထူးတိုးမယ်လို့ လုံးဝယုံကြည် ထားချိန်မျိုးမှာ မရခဲ့လို့ စိတ်ပျက်လက်ပျက်ဖြစ်ရတာမျိုး၊ ငွေအလုံးအရင်းတစ်ခု စုဆောင်းမိနိုင်ဖို့ မျှော်မှန်းထားပေမယ့် ဖြစ်မလာတာမျိုးစသည်ဖြင့် ဘဝမှာ မျိုးစုံကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် မျှော်မှန်းချက် လုံးဝမရှိဘဲနဲ့နေပြန်ရင်လည်း ဘဝဟာ ထူးမခြားနားနဲ့ စိတ်ဝင်စားဖို့ကောင်းမှာမဟုတ်ပါဘူး။ ကိုယ်မျှော်မှန်းထားတဲ့အတိုင်း တကယ်တမ်းဖြစ်လာရင်တော့ ပျော်ရွှင်မှုကို မြှင့်တင် နိုင်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း မျှော်မှန်းချက်မျဉ်းမှာ သတ်မှတ်ထားတဲ့အမှတ် (Tipping Point) ကိုကျော်သွားရင် စိတ်ပျက်မှုကို မလွဲမသွေကြုံတွေ့ရမှာဖြစ်တာကြောင့် အဲဒီ မျှော်မှန်းထားရှိချက်ကို နည်းနည်းလေးလောက် လျှော့ချလိုက်ရင် ဘာတွေဆုံးရှုံးသွားနိုင်မလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးမေးကြည့်ဖို့ လိုအပ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Expectations ဆိုတာ အနာဂတ်မှာ ရရှိမယ့် ဆုလာဘ်သဖွယ်ဖြစ်တဲ့ အတွက် ဒါကိုစဉ်းစားလိုက်ရင် ကြိုတင်ရင်ခုန်ဖွယ်ဖြစ်ပါတယ်။ ဒါကြောင့် လူတချို့က အနာဂတ်ရည်မှန်းချက်ပန်းတိုင် (Goals) ချမှတ်တဲ့အခါ အကြီးကြီးတွေထားပြီး အစပိုင်းမှာ အလွန်တက်ကြွနေ တတ်ကြတယ်။ လက်တွေ့အကောင်အထည်ဖော်ချိန် အခြေအနေမဟန်တာမျိုးနဲ့ ကြုံတဲ့အခါမျိုးမှာ စိတ်ဓာတ်ကျလာတတ်ပါတယ်။ ပညာရှင်အချို့ဆိုရင် Motivation ရဲ့ရန်သူက Expectations လို့တောင် ပြောကြပါတယ်။ Harvard တက္ကသိုလ်ရဲ့ Goals Gone Wild ဆိုတဲ့ စာတမ်းတစ်စောင်မှာ “ဖန်တီးမှုတိုင်းမှာ လူတွေကို တွန်းအားဖြစ်နေဖို့ဆိုရင် Expectations အနည်းဆုံးသာ ထားရှိရမယ်။ ဒါမှသာ ကိုယ်မျှော်မှန်းထားတာထက် ပိုရလာတဲ့အခါတိုင်းမှာ ကိုယ့်အတွက်ပျော်ရွှင်မှု Motivation တွေ ဖြစ်စေနိုင်တယ်”လို့ ရေးသားဖော်ပြခဲ့ဖူးပါတယ်။

အချုပ်အားဖြင့် လူတွေဟာ ဘဝတစ်လျှောက်လုံးမှာ ပြီးပြည့်စုံမှုဆိုတာကို ရှာဖွေနေကြပြီး ရကိုမရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “အပြစ်အနာအဆာတွေရှိနေပေမယ့်လည်း စိန်တစ်လုံးက ပြောင်ချောနေတဲ့ ကျောက်စရစ်ခဲထက်တော့ ပိုတန်ဖိုးရှိပါတယ်”ဆိုတဲ့ ကွန်ဖြူးရှပ်ရဲ့ နာမည်ကျော်အဆိုအမိန့်အတိုင်း ကိုယ့်ရဲ့မြင့်မားတဲ့ မျှော်မှန်းထားရှိချက်တွေကို အနည်းငယ်လျှော့ချ တတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Expectations ဆိုတာ ကိုယ့်ဘာသာထားမိလို့ ဖြစ်ပေါ်လာတာမျိုးအပြင် တစ်ပါးသူရဲ့ပရောဂကြောင့်လည်း ဖြစ်တတ်ပါတယ်။ လူတွေက အချင်းချင်း False Hope လို့ ခေါ်တဲ့ မျှော်လင့်ချက်အမှားတွေပေးပြီး တစ်ဖက်သားကို အသုံးချခံဖြစ်အောင် ဖန်တီးတတ်ကြလို့ ဖြစ်ပါတယ်။ ကိုယ်ဟာ အဲဒီလိုအခြေအနေမျိုးနဲ့များ ကြုံတွေ့ရပြီဆိုရင်တော့ မမျှော်လင့်သင့်တာကို မျှော်လင့်နေမိရင်းနဲ့ ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ဆုံးရှုံးရနိုင်တယ်ဆိုတာကို သတိချပ်စေလိုပါ တယ်။ အဲဒီလိုရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားတဲ့ False Hope ထောင်ချောက်ထဲကျသွားတာမျိုး မဟုတ်ရင်တောင်မှ မျှော်မှန်းချက်အလွန်ထားမိတာမျိုးဟာ ကိုယ့်ကိုယ်ကိုယ် ထောင်ချောက်ထဲကို တွန်းပို့မိသလိုဖြစ်သွားတတ်တာကြောင့် ဘာကိုမှ အလွန်အကျွံမျှော်မှန်းမထားတာက ပိုကောင်းတယ်ဆိုတာ ရှင်းပြထားတဲ့ Model ကို ဖော်ပြပေးလိုပါတယ်။

ပုဂ္ဂိုလ်ရေးအလားအလာထောင်ချောက်စံနမူနာ (The Personal Potential Trap Model) ဆိုရာဝယ်

“သူက တော်တော်အလားအလာရှိတဲ့ တစ်ယောက်လေ” ဆိုတဲ့စကားကို နောက်ကွယ်မှာ ပြောနေတာကို ကြားရတဲ့ ဘယ်သူမဆို ဒီအတိုင်းဖြစ်လာအောင်လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ သန္နိဋ္ဌာန် စိတ် သူ့အလိုလိုဝင်လာပြီး တစ်သက်လုံးကြိုးစား နေတာမျိုးကို ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပိတ်မိသွားတာလို့ တင်စားထားတာပါ။ ဒီလိုစကားမျိုးကို ပြောလေ့ရှိသူတွေထဲမှာ ကိုယ့်ရဲ့မိဘတွေ၊ ဆရာ ဆရာမတွေနဲ့ တစ်ခါတစ်ရံ နံဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်းကြီးတောင်ပါနေတတ်ပါတယ်။ ဒါဟာ အခန့်မသင့်ခဲ့ရင်တော့ အရည်အချင်းရှိတဲ့လူတွေအတွက် ကျိန်စာတစ်ခုလိုဖြစ်သွား တယ်လို့တောင် ပြောနိုင်ပါတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

လူတွေပြောလေ့ရှိတဲ့ နောက်တစ်မျိုးကလည်း “သူတကယ်လိုချင်တာကို သိဖို့ပဲလိုတယ်” ဆိုပြီး သူ့ရဲ့ချို့ယွင်း၊ အားနည်းမှုတွေကို လျစ်လျူရှုပြီး သူဟာ အောင်မြင်မှုတွေကို လွယ်ကူစွာရရှိလာတဲ့အပေါ် ချီးကျူးမိတာမျိုးဖြစ်ပါတယ်။ အစပိုင်းမှာ တော့ အဲဒါမျိုးတွေက သူ့အတွက် ပြင်းပြင်းထန်ထန် လုပ်ဆောင်တဲ့စွမ်းရည်နဲ့ မဆုတ်မနစ်သော ဇွဲလုံ့လပေါင်းစပ်လာစေဖို့ ဆွဲဆောင်မှုရှိတာကြောင့် အကျိုးအမြတ်များစွာ ရရှိစေပါတယ်။ လူတိုင်းကလည်း သူဟာ အများမျှော်မှန်းထားတဲ့အတိုင်း တကယ်ဖြစ်လာမလားဆိုပြီး သေချာပေါက်စောင့်ကြည့်နေမှာလည်း ဖြစ်ပါတယ်။

ဒီအချိန်မျိုးမှာ သူဟာ ပုဂ္ဂိုလ်ရေးအလားအလာ ထောင်ချောက်ထဲကို ကျရောက်နိုင်လားဆိုတဲ့အပေါ် အခု Model ကို အသုံးပြုပြီး အတိအကျခြေရာခံနိုင် ပါတယ်။ Model မှာ မျဉ်းကွေးသုံးခုရှိပါတယ်-

(က) ကိုယ့်အပေါ် ကိုယ်ကိုယ်တိုင်ရဲ့ မျှော်မှန်း ထားမှု။

(ခ) ကိုယ့်အပေါ် အခြားသူတွေရဲ့ မျှော်မှန်းထားမှု။

(ဂ) ကိုယ့်ရဲ့ တကယ့်အောင်မြင်ပြီးမြောက်ခဲ့မှုများ။

ဒီလိုမျဉ်းကွေးသုံးခုအတွက် အသက်အရွယ်အပေါ်လိုက်ပြီး ပညာရေး၊ ပထမဦးဆုံးအလုပ်အကိုင်၊ အခက်အခဲအကျပ်အတည်းနဲ့ လမ်းကြောင်းပြောင်းလဲမှုဆိုတဲ့ကဏ္ဍတွေအတွက် ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးကြည့်ရမှာဖြစ်ပါတယ်။

အဲဒီအခါမျိုးမှာ ကိုယ်ရဲ့အောင်မြင်ပြီးမြောက်ခဲ့မှုတွေဟာ အခြားသူတွေက ကိုယ့်အပေါ်မျှော်မှန်းထားမှုနဲ့ ကွာခြားလွန်းတာနဲ့အမျှ ပုဂ္ဂိုလ်ရေးအလားအလာ ထောင်ချောက်တံခါးပွင့်လာမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ အမှန်တကယ်အရည်အချင်းရှိသူဆိုရင် အကျပ်အတည်းရောက်နေသည့်တိုင်အောင် အဲဒါကိုကျော်လွှားဖြတ်သန်းနိုင်လေ့ရှိတာကို တွေ့ရှိရပါတယ်။ အဲဒီထောင်ချောက်ထဲကို ကျရောက်သွားရတဲ့ အဓိကအကြောင်းရင်းခံကတော့ လူတစ်ဦးတစ်ယောက်အပေါ် မျှော်မှန်းချက် အလွန်ထားမိသွားရင် အဲဒီလူဟာ သိပ်ပြီး ကြိုးစားအားထုတ်နေစရာမလိုဘဲနဲ့တောင် ရလိမ့်မယ်လို့ စတင်ယုံကြည်သွားရာက သူ့အတွက် စိန်ခေါ်မှုတွေကို လက်တွေ့ရင်ဆိုင်ဖြေရှင်းနိုင်စေဖို့ အခွင့်အရေးတွေပေးဖို့တောင် ပျက်ကွက်သွားတတ်ပါတယ်။

ဥပမာအားဖြင့် သင်္ချာဉာဏ်ကြီးရှင်လို့ သတ်မှတ်ခံထားရတဲ့ကလေးတစ်ဦးကို ကျန်တဲ့သူတွေ မယှဉ်နိုင်မှာစိုးရိမ်လို့ဆိုပြီး အတန်းထဲက ပုစ္ဆာတွေ တွက်တာ၊ စစ်မေးတာတွေမှာ ပါဝင်ခွင့်မပေးတာမျိုးအထိ ဖြစ်တတ်ပါတယ်။ တချို့လည်း ကိုယ်တိုင်ကိုယ်က ဝင်ပြိုင်စရာမလိုဘူးလို့ ယူဆထားတာမျိုးလည်း ရှိတတ်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တာတွေကတော့ အများမျှော်မှန်းထားသလိုမျိုး သူ့အနေနဲ့ စွမ်းဆောင်မပြနိုင်ချိန်မျိုးမှာတော့ စိတ်ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရရှိသွားနိုင်ပါတယ်။ နောက်ဆုံး သူ့ရဲ့မူလရည်မှန်းချက်ပန်းတိုင်ကနေ ရှောင်ပြေးသွားတတ်တဲ့အထိ ဖြစ်တတ်ပါတယ်။

လက်တွေ့ဘဝမှာ တွေ့မြင်ရလေ့ရှိတာမျိုးတွေကတော့ အားကစားနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့အထိ ရည်မှန်းချက်ထားတဲ့ လူငယ်အားကစားသမားအချို့ဟာ ရလဒ်ကောင်းတစ်ခု မရလိုက်တာနဲ့ကို အဲဒီကစားနည်းကို စွန့်လွှတ်လိုက်တာမျိုးနဲ့ အလွန်တော်တယ်လို့ တစ်ချိန်လုံး ချီးမွမ်းခံနေရတဲ့ ဝန်ထမ်းဟာ လေ့လာသင်ယူလိုစိတ် လျော့ပါးသွားတတ်တာမျိုးတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပုဂ္ဂိုလ်ရေးအလားအလာ ထောင်ချောက်ထဲရောက်နေတယ်လို့ ထင်မြင်လာခဲ့ရင်တော့-

(က) ကိုယ့်အတွက် ဖြစ်နိုင်ပြီး တကယ်လက်တွေ့ကျမယ့် ရည်မှန်းချက် ပန်းတိုင်မျိုး ချမှတ်ပါ။

(ခ) အဲဒါကို ရရှိနိုင်မယ့်နည်းလမ်းကိုသာ ရှေးရှုပါ။ ကျော်လွှားဖို့ ဦးစားမပေးပါနဲ့။ ပန်းတိုင်ဆီသို့ ချီတက်နေတဲ့ ခရီးလမ်း တစ်လျှောက်မှာလည်း ရရှိနိုင်သမျှ သင်ယူလေ့လာနေပါ။

(ဂ) ရှုံးနိမ့်မှုရှိခဲ့ရင်လည်း သင်ယူလေ့လာမှု လုပ်ငန်းစဉ်ရဲ့ သဘာဝတရားဖြစ်လို့ စိုးရွံ့မှုမဖြစ်ပါနဲ့။

(ဃ) ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုက ဘယ်လောက်ပဲ သေးငယ်နေပါစေ အဲဒီအပေါ် ဂုဏ်ယူတတ်ပါစေ။

အထက်ပါအကြံပြုချက်တွေအတိုင်း လိုက်နာနေထိုင်သွားနိုင်မယ်ဆိုရင်တော့ The Personal Potential Trap ကို ရှောင်ရှားနိုင်မှာဖြစ်ပြီး ကိုယ်တိုင်ရဲ့ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျမှာ ဖြစ်ပါတယ်။

Expectations ကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ဖို့ ဆိုရာဝယ်

မျှော်မှန်းချက်တွေ လုံးဝမထားဖို့ဆိုတာကလည်း တကယ်တမ်းတော့ မလွယ်ပါဘူး။ မျှော်မှန်းချက်မရှိရင် အသက်မရှင်နိုင်ဘူးဆိုတဲ့ စကားလည်းရှိပါတယ်။ ဒီလိုမျှော်လင့်ထားတာတွေက လက်တွေ့နဲ့ အလှမ်းကွာဟတဲ့အခါ မျှော်မှန်းချက်ကြီးကြီးမားမား ထားရင်ထားသလို စိတ်ထိခိုက်ရတာလည်း များပါတယ်။ မျှော်တလင့်လင့်နဲ့ ရင်မောနေရတာမျိုး၊ မျှော်မှန်းထားတဲ့အခြေ အနေဖြစ်မလာတာမျိုး၊ လက်တွေ့နဲ့ စိတ်ကူးအားခဲထားတာ ကွာခြားလာတာမျိုးစတာတွေအတွက် Expectations ကို ဒီလိုအကောင်းဆုံးစီမံခန့်ခွဲသင့်ပါတယ်-

(က) Set Realistic Expectations။ ပကတိအရှိတရားကို လက်ခံနားလည်ပြီး လက်တွေ့ကျတဲ့ Expectations ဖြစ်ရပါ မယ်။

(ခ) Focus on What You Can Control။ ကိုယ်ရဲ့ ထိန်းချုပ်လုပ်နိုင်စွမ်းအပေါ်ကိုသာ အာရုံစိုက်ရပါမယ်။

(ဂ) Cultivate a Positive Attitude။ မိမိဘာမှမတတ်နိုင်ဘဲ ဖြစ်သွားတဲ့အပေါ် အကောင်းမြင်စိတ်နဲ့ လက်သင့်ခံနိုင်ရပါမယ်။

(ဃ) Adjust Expectations Over Time။ ပန်းတိုင်ကို ပြန်ချိန်ညှိရမှာဖြစ်သလို လိုအပ်ခဲ့ရင် Plan B နဲ့လည်း ဆက်ပြီးအကောင်အထည်ဖော်နိုင်ရပါမယ်။ ပန်းတိုင်ငယ်လေးတွေလည်း ထားရှိ ဆွတ်ခူးရယူရပါမယ်။

(င) Manage Comparisons။ အခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုးကိုလည်း စီမံခန့်ခွဲတတ်ရပါမယ်။

(စ) Embrace Uncertainty။ အရာရာတိုင်းက ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာ နားလည်လက်ခံနိုင် ရပါမယ်။

(ဆ) Focus on Effort Over Outcome။ ကိုယ့် ရဲ့လုပ်ဆောင်နိုင်ခဲ့မှုအပေါ် ဂုဏ်ယူတတ် ရပါမယ်။

(ဇ) Cultivate Patience။ စိတ်ရှည်တတ်မှုကို ပျိုးထောင်ရပါမယ်။

(ဈ) Talk It Out။ ယုံကြည်ကိုးစားရသူတွေနဲ့ တိုင်ပင်ဆွေးနွေးအကြံဉာဏ်ရယူရပါမယ်။

နိဂုံးချုပ်အားဖြင့် ကိုယ့်ရဲ့အနာဂတ်ပန်းတိုင်အတွက် အိမ်မက်ကြီးကြီးထားလို့ရပေမယ့် အဲဒီကို ပေါက်မြောက်ဖို့သွားရမယ့် ခရီးလမ်းမှာရှိတဲ့ မှတ်တိုင်ငယ်လေးတွေထားပြီး တစ်လှမ်းချင်းသွားဖို့၊ ဘယ်အရာမဆို မျှော်မှန်းနေရုံမျှနဲ့မပြီးဘဲ ကြိုးစားအကောင်အထည်ဖော်နေဖို့နဲ့ လက်တွေ့ဖြစ်လာတဲ့ အပေါ်မှာလည်း (Positive Attitude) နဲ့ နားလည်လက်ခံနိုင်စွမ်းရှိဖို့ စတာတွေပဲဖြစ်ပါတယ်။ ဒါမှသာ အတွေးအခေါ်ရှင် ကဗျာစာဆိုကြီး ရာဗင်နာ့တဂိုးရဲ့ “If you cry because the sun has gone out of your life, your tears will prevent you from seeing the stars.” ဆိုတဲ့ ကမ္ဘာကျော်အဆိုအမိန့်အတိုင်း နေမင်းကြီးနဲ့ လွဲသွားခဲ့ပေမယ့်လည်း လမင်းကြီးမဟုတ်ခဲ့ရင်တောင်မှ ကြယ်စင်လေးတွေကိုတော့ ဆွတ်ယူပိုင်ခွင့်ရှိသူဖြစ်လျက်ရှိပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Source: moi.gov.mm