ပညာသင်ပါ ဘွဲ့ယူပါ
Posted_Date
Image
Body
ဘဝမှာပညာတတ်ခြင်းနဲ့ ချမ်းသာပြည့်စုံခြင်းက တိုက်ရိုက်အချိုးမကျပါဘူး။ သို့သော်ဆင်ခြင်တုံတရားပါသောပညာနှင့် နိုင်ငံ့သားကောင်းဖြစ်တည်မှုက တိုက်ရိုက်အချိုးကျပါတယ်။ ဒီပလိုမာဖြစ်ဖြစ်၊ ဘွဲ့တစ်ခုခုရှိရင် မိတ်ဆွေတို့ အလုပ်ရနိုင်ပါတယ်။ သို့ပေမယ့် အဲဒါတွေကြောင့်တော့ မိတ်ဆွေတို့ အလုပ်မှာ တိုးတက်အောင်မြင်မှုရလိမ့်မယ်လို့ တထစ်ချ အာမခံဖို့ခက်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေမှာ အရည်အချင်းကိုပဲ စိတ်ဝင်စားကြတယ်။ ဒီပလိုမာတွေ၊ ဘွဲ့တွေကို စိတ်မဝင်စားကြပါဘူး။ ဒီနေရာမှာပညာရဲ့ သဘောကို ဘယ်လိုပြောကြမလဲ။ တချို့က ပညာဆိုတာ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ သတင်းအချက်အလက်တွေ ဘယ်လောက်များများ သိမ်းဆည်းသိုမှီးထားနိုင်သလဲဆိုတာနဲ့ တိုင်းတာကြတယ်။ ဒီလိုပညာဟာ လူငယ်တွေသွားလိုတဲ့ ရည်မှန်းချက်ဆီကို ရောက်အောင် မပို့ဆောင်လောက်ပါဘူး။ ဘာလို့ပါလဲ။ အချက်အလက်တွေဆိုတာ စာအုပ်စာတမ်း၊ မှတ်စုဖိုင်တွဲ၊ ခေတ်မီစက်တွေကို အသုံးချလို့လည်း ရနေတာပဲလေ။ ခုရှာ ခုတွေ့ပါတယ်။
ဒါဆိုရင် “ပညာရေး” ဆိုတာကို ဂဃနဏ သိဖို့လိုလာတယ်။ စစ်မှန်တဲ့ ပညာရေး၊ ထိုက်ထိုက်တန်တန် ရင်းနှီးမြှုပ်နှံသင့်တဲ့ ပညာရေးဆိုတာက လူတွေရဲ့စိတ်ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးတဲ့ ပညာရေးပါပဲ။ လူတစ်ယောက်ဟာ ပညာဘယ်လောက်တတ်တယ်ဆိုတာထက် သူ့စိတ်ဟာ ဘယ်လောက်ဖွံ့ဖြိုး တိုးတက်သလဲ၊ တစ်နည်းအားဖြင့် သူဘယ်လောက်ကောင်းကောင်း တွေးတတ်သလဲ ဆိုတာပါပဲ။ အဲဒီလိုတွေးနိုင်တဲ့အရည်အသွေးကို ဖွံ့ဖြိုးတိုးတက်စေတဲ့ ဘယ်အရာမဆို “ပညာ”လို့ခေါ်ပါတယ်။
ပညာကို နည်းအမျိုးမျိုးနဲ့ ရနိုင်ပါတယ်။ လူငယ်အများစုကို အထိရောက်ဆုံးနဲ့ ပညာဖြန့်ဖြူးပေးနိုင်တဲ့ နေရာတွေကတော့ ကောလိပ်တွေ၊ တက္ကသိုလ်တွေ သင်တန်းစုံတွေပါပဲ။ ဒါတင်လား၊ မဟုတ်သေးပါဘူး။ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းမျိုးစုံကို မတက်နိုင်ရင်လည်း အခြားနည်းလမ်းတွေရှိပါသေးတယ်။ အလုပ်လုပ်ရင်း ကျောင်းတက်လို့ ရပါတယ်။ နေ့ကျောင်း၊ ညကျောင်း အချိန်ပိုင်းတွေလည်း ရှိတယ်။ ညနေပိုင်း၊ ပိတ်ရက် သင်တန်းတွေရှိတယ်။ ပြင်ပကနေ ဖြေဆိုပြီး ဘွဲ့တွေယူနိုင်တယ်။ စာကြည့်တိုက်တွေမှာ မိမိသွားဖို့ ရည်ရွယ်ရာ လမ်းကြောင်းကို တည့်မတ်လမ်းပြပေးတဲ့ စာအုပ်တွေရှိပါတယ်။
အမေရိကန်သမ္မတ အေဗရာဟယ်လင်ကွန်းက မစ္စစ္စပီမြစ်ကမ်းက လှေထိုးသားဘဝနဲ့ မီးလင်းဖိုဘေးမှာ စာဖတ်ပြီး၊ ပြင်ပကနေစာဖတ်ပြီး ဥပဒေဘွဲ့ကို ယူခဲ့တာဖြစ်တယ်။ တက္ကသိုလ်မတက်ခဲ့ရပါဘူး။ ထို့အတူ တက္ကသိုလ် ပညာရေးကို မသင်ခဲ့ရပေမယ့် စာပေဖတ်ရှုလေ့လာပြီးအောင်မြင်သွားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေအများကြီးပါပဲ။
ပညာကကျယ်ပြန့်လွန်းတယ်။ သမုဒ္ဒရာထက် ပိုကျယ်တယ်။ နက်နဲပါတယ်။ Information ဆိုတာ သိခြင်းပေါ့။ ကြားလို့သိတာ မြင်လို့သိတာနဲ့ လေ့လာဖတ်ရှုလို့သိတဲ့ အသိတရားတွေပေါ့။ ဒါက အာမခံချက်သိပ်မရှိပါဘူး။ အမှားအမှန် ပိုင်းခြားဝေဖန် ဆန်းစစ်နိုင်စွမ်းအားနည်းပါတယ်။ ထို့အတူ Disinformation နဲ့ Misinformation တွေကတော့ လူတွေအမှန်လို့ ယုံကြည်သွားအောင် ဉာဏ်ကြီးသူက ဉာဏ်နည်းသူကို ကစားလိုက်တဲ့သဘော၊ လှည့်စားလိုက်တဲ့ သဘောရှိပါတယ်။
ပညာသဘောက သိရုံတင်မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေကို ထိန်းသိမ်းကြပ်မတ် ရှေ့ဆောင်ပြုပြင်ပေးတဲ့သဘောလည်းရှိပါတယ်။ ဒါကြောင့် ပညာဟာမြင်းမိုရ်တောင်ထက်မြင့်ပြီး စွမ်းအားသတ္တိ အလွန်ကြီးမြင့်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုလို့ မကုန်နိုင်လောက်ဘူး။မိမိကိုယ်တိုင်လုပ်ယူမှ လေ့ကျင့်ယူမှ ဘယ်သူဟာ အကောင်းအဆိုးသဘောရှိတယ်ဆိုတာ ဉာဏ်ကသိမြင်စေတာဖြစ်ပါတယ်။ ကိုယ့်မှာက ဘာဓာတ်ခံမှမရှိရင် အခြားသူများရဲ့လှည့်စား အသုံးချခြင်းကို ခံရလေ့ရှိတတ်ပါတယ်။
ဘွဲ့ဆိုတာ “စာရွက်တစ်ရွက်” ပါပဲ။ သို့သော် ဒီစာရွက်ကလေး တစ်ခုရဖို့လောက်နဲ့တော့ ကျောင်းတက်ကြတာ မဟုတ်ဘူးဆိုတာပါပဲ။ တချို့က ဘွဲ့ရတော့ရော ဘာဖြစ်လာလို့လဲ။ အလကားပါကွာ၊ ထမင်းမဝဘူးလို့ ဉာဏ်ပညာမဲ့၊ အဖျင်းအမှော်စကား ဆိုတတ်ကြသေးတယ်။ ဒါဆိုရင်ဘာလဲ။ မိမိရဲ့စိတ်ဓာတ်စွမ်းအားကို တည်ဆောက်ယူကြတာပါပဲ။ ဒါဟာ ဘဝအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ပညာဆိုတာယူတတ်ရင်ရတယ်။ နေရာတိုင်းမှာ ရှိတယ်။ နယ်ပယ်တိုင်းမှာရှိတယ်။ ဒါကြောင့် ငါတို့ဘယ်လောက်လုပ်နိုင်ခဲ့သလဲ။
ငါတို့ရဲ့ စိတ်စွမ်းအားနဲ့ ဖြူစင်တဲ့ဘဝတစ်ခုကို ဘယ်လောက် တည်ဆောက်နိုင်ခဲ့သလဲ။ ပညာထဲကနေ ကိုယ်ကျင့်တရားတွေ၊ ဆင်ခြင်တုံတရားတွေ၊ ရိုးသားမှုတွေ၊ တွေးခေါ်မြော်မြင်မှုတွေ၊ ကိုယ်ချင်းစာတရားတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ထုံးတမ်းစဉ်လာဘာသာတရားတွေ စသည်တို့ကို ဘယ်လောက်ထုတ်ယူ ကျင့်သုံးနိုင်ခဲ့သလဲ။ ဒါဟာ ပညာရဲ့သဘော သဘာဝပါပဲ။
ဒါကြောင့် ကျောင်းတွေမှာ ပညာသင်ရမယ်။ ကောလိပ်တက္ကသိုလ်တွေမှာ ရတဲ့အချိန်၊ ရတဲ့အခြေအနေအလိုက် ပညာသင်ရမယ်။ ပညာဆိုတာ ယူတတ်ရင်ရတယ်။ နေရာတိုင်းမှာရှိတယ်။ နယ်ပယ်တိုင်းမှာရှိတယ်။ တရားသဖြင့် ရိုးသားကြိုးစားနေဖို့နဲ့ ဖြူစင်တဲ့ အသက်မွေးလုပ်ငန်းဖြစ်ဖို့တော့ အမြဲသတိကပ်ထားရမှာပေါ့။ စာရေးသူတို့လည်း ဒီလိုပါပဲ။
ဒီအသက်အရွယ် ၆၂ နှစ်ရောက်လာတဲ့အထိ လူထဲသူထဲ လူရာဝင်အောင်နဲ့ မိဘကို လုပ်ကျွေးပြုစုနိုင်ဖို့ ကြိုးစားတည်ဆောက်ယူခဲ့ရတယ်။ အိမ်ထောင်မရှိပေမယ့် ဆုံးသွားတဲ့မောင်ငယ်ရဲ့ ကျန်ခဲ့တဲ့တူမသုံးယောက်ကို တက္ကသိုလ်ဘွဲ့အသီးသီးရအောင် ကျောင်းထားပေးရ၊ မြေတောင်မြှောက်ပေးခဲ့ရတယ်။
ကိုယ်ကျင့်တရားနဲ့ ဓမ္မိယလဒ္ဓ စင်ကြယ်စွာ စိတ်ကိုတည်ဆောက် စီးပွားရှာယူနိုင်သလို မိမိကြောင့် သူတစ်ပါး ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးမှု တစ်စုံတစ်ရာမရှိစေခဲ့ဘူး။ စီးပွားကိုရအောင်ရှာတာက မိမိရဲ့ ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယ ကြိုးစားမှုနဲ့သာဆိုင်တယ်။ ကိုယ်ကျင့်တရားကို မပျက်အောင်၊ သူတစ်ပါးကို မထိခိုက်အောင် စီးပွားရှာရမယ်ဆိုတဲ့ အသိက “ပညာ” နဲ့ တိုက်ရိုက်အချိုးကျသွားတယ်။ တစ်နည်း “သတ္တိ” ပဲ။ သတ်ရဲဖြတ်ရဲ၊ လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲ၊ တိုက်ရဲခိုက်ရဲမှ သတ္တိမဟုတ်ဘူး။ လူမှုကျင့်ဝတ်တွေ၊ ဥပဒေစည်းကမ်းတွေ၊ ဘာသာရေးက ပညတ်ထားတဲ့ ကိုယ်ကျင့်သီလတွေ၊ ဒါတွေကို မချိုးမဖောက်တည်ဆောက်နိုင်သူသာလျှင် “သတ္တိရှင်” အစစ်ပါပဲ။
ဥပမာတစ်ခု ထုတ်ပေးချင်ပါတယ်။ စာရေးသူတို့ကြံခင်းသားပါပဲ။ နာမည်က ဦးတင်တဲ့။ ဦးတင် ဆယ်နှစ်သားကတည်းက အဖေအမေမရှိတော့ပါဘူး။ မိဘမဲ့ တစ်ကောင်ကြွက်ပေါ့ ။ ကျောင်းမတက်နိုင်ခဲ့ဘူး။ သို့သော် ဦးတင်ကို သူ့အဖေက စာဖတ်ဝါသနာပါအောင် လေ့ကျင့်ပေးခဲ့တယ်။ ဦးတင်ဟာ စာပေဖတ်ရှုလေ့လာရင်း ဘဝကို ကိုယ်ကျင့်တရား နဲ့ ထိန်းမတ်ခဲ့သူဖြစ်တယ်။ သူဟာ ဘယ်လောက်တော်သလဲဆိုရင် ဖဆပလခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖဆပလအဖွဲ့မှာ ဘဏ္ဍာရေးမှူးအဖြစ် ခန့်အပ်ယုံကြည်ခြင်း ခံခဲ့ရတယ်။ နောက်ဝန်ကြီးဖြစ်လာတယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လာရင် အထိမခံဘူး။ သူရိယသတင်းစာအယ်ဒီတာ၊ တိုက်ပိုင်အဆင့်အထိ မြင့်တက်ခဲ့ပြီး နာမည်ပျက်တစ်စုံတစ်ရာမရှိဘဲ ဘဝကို တည်ဆောက်ယူနိုင်ခဲ့တယ်။ ဖဆပလ နှစ်ခြမ်းကွဲသွားပေမယ့် နှစ်ဖက်စလုံးက သူ့ကို ဦးညွှတ်လေးစားခြင်း ခံခဲ့ရသူဖြစ်တယ်။ ဘဝတစ်လျှောက်လုံး ဒေါ်ဦးဇွန်း ဘိုးဘွားရိပ်သာမှာ နှစ်ပေါင်း လေးဆယ်နီးပါး ပရဟိတလုပ်ရင်း လူတွေကို အကျိုးပြုပေးဆပ်သွားသူဖြစ်တယ်။
လူငယ်တွေ သူ့အကြောင်းကိုသိချင်ရင် မြန်မာလူကျော်တစ်ရာ စာအုပ်မှာ ရှာဖတ်ကြည့်စေချင်ပါတယ်။ ဒါဟာ သင်ကြားသင်ယူ၊ ဖတ်ရှုလေ့လာခဲ့တဲ့ စာပေ၊ တစ်နည်း ပညာက ပေးလိုက်တဲ့ ဆင်ခြင်တုံတရား၊ အသိတရား၊ ကိုယ်ကျင့်တရား၊ စိတ်ဓာတ်စွမ်းအားပါပဲ။
လူတစ်ယောက်ဟာ ရှာဖွေလို့ စီးပွားတော့ဖြစ်ပါရဲ့ သူတစ်ပါးကိုထိခိုက်တဲ့ ကိုယ်ကျင့်တရားပျက်မှု၊ သူတစ်ပါး ဒုက္ခပေး၊ ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ ကိုယ်ကျိုးရှာဖွေမှုကတော့ အလကားပဲ။ ချမ်းသာလည်း တန်ဖိုးမရှိပါဘူး။ ဒါကြောင့် ငါတို့ဘယ်လောက်လုပ်နိုင်ခဲ့သလဲ။ ငါတို့ရဲ့ စိတ်စွမ်းအားနဲ့ ဖြူစင်တဲ့ ဘဝတစ်ခုကို ဘယ်လောက် တည်ဆောက်နိုင်ခဲ့သလဲ။ ပညာထဲကနေ ကိုယ်ကျင့်တရားတွေ၊ အဂတိ တရားတွေ၊ ဆင်ခြင်တုံတရားတွေ၊ ရိုးသားမှုတွေ၊ တွေးခေါ်မြော်မြင်မှုတွေ၊ ကိုယ်ချင်းစာတရားတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ထုံးတမ်းစဉ်လာဘာသာတရားတွေ စသည်တို့ကို ဘယ်လောက်ထုတ်ယူကျင့်သုံးနိုင်ခဲ့သလဲ။
ဒီနေရာမှာ လာဘ်ပေး၊ လာဘ်ယူ သဘောကိုထည့်ပြောချင်တယ်။ လာဘ်ပေးသူ၊ လာဘ်ယူသူ ဘယ်သူက ပိုအပြစ်ကြီးပါသလဲ။ လာဘ်ပေးသူဟာ လူတစ်ယောက်ကိုတင်မဟုတ်ဘူး ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းပါပဲ။ ပိုပြီး အပြစ်ကြီးလေးတယ်လို့ စာရေးသူက မြင်ပါတယ်။ လာဘ်ပေးသူက မိမိကိုယ်ကျိုးအတွက် လာဘ်ယူသူကို အသုံးချလိုက်တာပါပဲ။ လာဘ်ယူသူကလည်း လောကဓံရဲ့ ခါးသက်မှုကို ခံနိုင်ရည်ရှိသူ မဟုတ်လေတော့ လောဘနဲ့ လည်စင်းခံလိုက်ရတာပါပဲ။ တစ်နည်းအားဖြင့် နှစ်ဦးစလုံးက တိုင်းပြည်ကို ဖျက်ဆီးပစ်လိုက်ကြတာပါပဲ။ ဒါတွေဟာ အနာဂတ်ကိုတည်ဆောက်ကြမယ့် လူငယ်တွေရဲ့ ပတ်ဝန်းကျင်ကောင်းဘယ်လို ဖြစ်လာနိုင်ပါ့မလဲ။ စဉ်းစားကြည့်ပေါ့။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်လို့ အပြစ်ပုံချကြရင်း နောက်ဆုံးတော့ ကိုယ့်ကြောင့်များဖြစ်နေလိမ့်မလားလို့ တွေးကြည့်စေချင်ပါတယ်။ ဒီလိုဆန်းစစ်ပြီး နားလည်လက်ခံကျင့်သုံးကြရင် ပညာရဲ့ သဘောသဘာဝဟာ ပီပီပြင်ပြင်ဖြစ်လာပြီး လူငယ်တွေဟာ ကောင်းသောအတုခိုး အတုယူခြင်းတွေဆောင်ရွက်လာကြပါလိမ့်မယ်။
ဒါကြောင့် ကျောင်းတွေမှာပညာသင်ရမယ်။ ကောလိပ်တက္ကသိုလ်တွေမှာ ရတဲ့အချိန်၊ ရတဲ့အခြေအနေအလိုက် ပညာသင်ရမယ်။ မိမိရဲ့ ဘဝအခြေအနေနဲ့၊ မိမိရဲ့ဉာဏ်ရည်နဲ့ ကိုက်ညီသော “ဘွဲ့” တစ်ခုခုကို ဆွတ်ခူးနိုင်သူဖြစ်ရမယ်။ ဒါဟာ မိမိကိုယ်ကို၊ မိမိဘဝကို၊ မိမိပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ပေးသွားမယ့် “ပဲ့ထိန်း” ဆိုတာကို မမေ့ကြပါနဲ့ ။ အဲဒီပဲ့ထိန်းပါတဲ့လူငယ်တွေဟာ နိုင်ငံ့သားကောင်းရတနာများပါပဲ။
အဲဒီ ပဲ့ထိန်းပါတဲ့ ပညာနဲ့သာ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ယူကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။
Source- Myawady Webportal