အဖြူရောင်အလင်းတိုင်များ

Posted_Date

Image

အဖြူရောင်အလင်းတိုင်များ

Body

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်က ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆရာဝန်(သစ်လွင်)နဲ့ သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဂုဏ်ပြုတက်ရောက်ချီးမြှင့်ကာ လမ်းညွှန် အမှာစကားပြောကြားပေးခဲ့တာဖြစ်လို့ ကျန်းမာရေးကဏ္ဍအတွက် အလွန်ပင်ထူးခြားပြီး သမိုင်းတွင်ခဲ့တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနအတွက် အားသစ်လောင်းပေးတဲ့ အခိုက် အတန့်သာမက နိုင်ငံတော်နဲ့ ပြည်သူအပေါင်းတို့အတွက်လည်း အလွန်အရေးပါသော နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ ကရုဏာတာဝန်သိမှုနဲ့ သိပ္ပံနည်းကျကျွမ်းကျင်မှုဆိုတဲ့ မီးရှူးတန်ဆောင်ကို စွမ်းရည်ပြည့်ဝ တဲ့ အသစ်ခန့်ပြန်တမ်းဝင်အရာရှိဆရာဝန်(သစ်လွင်)တို့ရဲ့ လက်တွေထံသို့ လွှဲပြောင်းပေးအပ်ခဲ့တဲ့နေ့ လည်းဖြစ်ပါတယ်။ ကျန်းမာကြံ့ခိုင်ပြီးအင်အားတောင့်တင်းတဲ့နိုင်ငံတော်တည်ဆောက်ရေးအတွက် ကြီးမားတဲ့ အကျိုးရလဒ်တစ်ခုလည်းဖြစ်ပါတယ်။

ဆရာဝန်ဆိုတာ

ဆရာဝန်သစ်လွင်တွေကို “သူရဲကောင်းတွေ” လို့ တင်စားဂုဏ်ပြုလိုပါတယ်။ ဆရာဝန်ဆိုတာ တစ်ခါ တစ်ရံလူနာကိုရောဂါပျောက်ကင်းအောင်ကုသပေးနိုင်မယ်။ တစ်ခါတစ်ရံမှာ နာကျင်မှုကိုသက်သာ အောင်လုပ်နိုင်မယ်။ သို့သော်ဆရာဝန်ဖြစ်ရခြင်း အနုပညာဆိုတာဟာနှစ်သိမ့်ပေးနိုင်စွမ်းပဲဖြစ်ပါတယ်။

ဆရာဝန်တစ်ယောက်ဆိုတာ ဂုဏ်ပုဒ်တစ်ခုထက်ပိုပါတယ်။ ဆရာဝန်တွေဟာ လူ့အသက်တွေရဲ့ စောင့်ရှောက်သူ၊ နာကျင်မှုတွေကို သက်သာပျောက်ကင်းစေသူ၊  ဝေဒနာခံစားနေရသူတွေအတွက် မျှော်လင့်ချက်ရဲ့ သင်္ကေတတွေဖြစ်ပါတယ်။ ဆရာဝန်တစ်ဦးအနေနဲ့ ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းဟာ အမြဲတမ်းချောမွေ့နေမှာတော့ မဟုတ်ပါဘူး။ အိပ်ရေးပျက်တဲ့ညတွေရှိမယ်။

ကိုယ့်ကိုယ်ကိုယ် သံသယဝင်စရာ အချိန်တွေရှိမယ်။ ထမ်းထားရတဲ့ကြီးလေးတဲ့ တာဝန်တွေကို လေးလံ သလိုခံစားရတဲ့ အခိုက်အတန့်တွေလည်းရှိလာမယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကို သက်သောင့် သက်သာရှိပြီး အဆင်ပြေတဲ့အချိန်မှာ တိုင်းတာတာမဟုတ်ဘူး။ ခက်ခဲတဲ့စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတဲ့ အချိန်မှာ   ဘယ်လိုရပ်တည်ကျော်ဖြတ်လဲဆိုတဲ့အပေါ်မှာ တိုင်းတာတာဖြစ်တယ်။ ဆရာဝန်သစ်လွင် တွေဟာ သတ္တိနဲ့ရပ်တည်မယ်။

ရိုးသားမှုနဲ့ ရှင်သန်ကြီးထွားပြီး ကရုဏာတရားနဲ့ ဦးဆောင်နိုင်မယ်ဆိုတာကို ကျွန်တော်တို့အားလုံးက အပြည့်အဝယုံကြည်နေကြပါတယ်။

အစဉ်အလာ

လွတ်လပ်ရေးရချိန်ကတည်းက ကျန်းမာရေးဝန်ကြီးဌာနဟာ မြို့ကြီးတွေမှာရှိတဲ့ ဆေးရုံကြီးတွေကနေ ကျေးလက်ဒေသက ရွေ့လျားဆေးခန်းတွေအထိ ပြည်သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံတော်ရဲ့မူဝါဒများကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်း လမ်းညွှန်အဖြစ်ခံယူလျက် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ပခုံးပြောင်းတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဆရာဝန်မျိုးဆက်တွေဟာ ဒီတာဝန်ကို အခက်အခဲတွေကြားက  လူသားချင်းစာနာမှုနဲ့ဇွဲမလျှော့ဘဲ ဆက်လက်ထမ်းဆောင်ခဲ့ကြပါတယ်။

ယခုအခါမှာတော့ ဒီတာဝန်ဟာ ဆရာဝန်သစ်လွင်တို့လက်ထဲကို ရောက်ရှိလာပါပြီ။ ၎င်းတို့ဟာ ဒီသမိုင်း ထဲကို နောက်ထပ်စာမျက်နှာအသစ်၊ အခန်းအသစ်တစ်ခုကို ရေးသားမယ့်သူတွေအနေနဲ့ ဝင်ရောက်လာပါပြီ။

နိုင်ငံတော်၊ ပြည်သူတို့နှင့်အတူ

သစ်လွင်ဆရာဝန်တွေအနေနဲ့ အဖြူရောင်ဂျူတီကုတ်ကိုဝတ်ဆင်တဲ့အချိန်မှာ ဒါဟာ ဝတ်စုံမဟုတ်ဘူး။ ကတိသစ္စာတွေ ဖြစ်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ဘယ်လိုကတိတွေလဲဆိုတော့ လူတိုင်းကို ဂုဏ်သိက္ခာနဲ့ ကြင်နာစွာဆက်ဆံဖို့ကတိ၊  သိပ္ပံနည်းကျမှုနဲ့ ကျင့်ဝတ်ကို ဘယ်သူမှမမြင်နိုင်တဲ့ ဆိတ်ကွယ်ရာမှာတောင် ထိန်းသိမ်းဖို့ကတိ၊ စဉ်ဆက်မပြတ်သင်ယူပြီး နှိမ့်ချစွာ ဝန်ဆောင်မှုပေးဖို့ကတိ စတာတွေဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေက ဆရာဝန်တွေအပေါ်မှာ အားကိုးနေပါတယ်။ ယုံကြည်မျှော်လင့်နေပါတယ်။ ဒါကြောင့် သစ်လွင်ဆရာဝန်တို့အနေနဲ့ ဒီလမ်းခရီးကို တစ်ယောက် တည်းလျှောက်လှမ်းရမှာမဟုတ်ပါဘူး။ နိုင်ငံတော်၊ ပြည်သူတို့နဲ့အတူလျှောက်လှမ်းကြရမှာပါ။ နိုင်ငံတော်နဲ့ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးဝန်ထမ်းများရဲ့ တာဝန်ထမ်းဆောင်မှုများကို အထူးပင်  အသိအမှတ်ပြုကျေးဇူးတင်နေမှာမလွဲပါဘူး။

ကွက်လပ်များဖြည့်ဆည်းခြင်း

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ပြည်သူ့ဆေးရုံများ ကို စွန့်ခွာသွားခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းများကြောင့် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများမှာ  ဝန်နဲ့အားမမျှတဲ့ အခြေအနေမျိုး ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလစ်ဟာသွားတဲ့နေရာတွေမှာ အမြန်ဖြည့်ဆည်းနိုင်ရေးအတွက် ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှဘွဲ့ရရှိသူများကို သင်တန်းပြီးဆုံးတာနဲ့ ချက်ချင်းလုပ်ငန်းခွင်ဝင်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ခဲ့ကြရပါတယ်။

ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကိုတတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်စေရန် နိုင်ငံတော်အကြီးအကဲရဲ့ “ဆေးရုံတိုင်းဆရာဝန်ရှိရမည်” ဆိုတဲ့လမ်းညွှန်ချက်ကို ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ယခင်နှစ်များက နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ဆရာဝန်များအနေနဲ့ ထိုက်သင့်တဲ့ ဆေးကုသမှုအတွေ့အကြုံများ လေ့လာသင်ယူပြီးတဲ့နောက်မှာနယ်မြို့များရှိ ပြည်သူ့ဆေးရုံများသို့  ပြောင်းရွှေ့တာဝန်ချထားပေး လျက်ရှိတာကိုလည်းကြားသိရပါတယ်။ ဒါ့ကြောင့် ၎င်းတို့အနေနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍမှာ လိုအပ်နေတဲ့နေရာများကို တစ်ဖက်တစ်လမ်းမှ ကွက်လပ်ဖြည့်ဆည်းဆောင်ရွက်နိုင် ကြတာဖြစ်လို့ ဂုဏ်ယူဝမ်းသာကြမှာအမှန်ပဲဖြစ်ပါတယ်။

နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး

နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ဟာ ကျန်းမာကြံ့ခိုင်တဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ တည်ရှိတာနဲ့အညီ   နိုင်ငံတော်အကြီးအကဲက “ကျန်းမာမှပညာသင်ကြားနိုင်မည်”၊ “ကျန်းမာမှ အလုပ်လုပ် နိုင်မည်”၊ “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဟူ၍ လမ်းညွှန်မှာကြားကာ အကောင်အထည် ဖော်ဆောင်ရွက်ကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။ ကျန်းမာရေးဝန်ထမ်းများဟာ ဒီလမ်းညွှန်ချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်လျက် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးကဏ္ဍမှာ တစ်ဖက်တစ်လမ်းမှပါဝင်ကာ ဟန်ချက်ညီညီ  ရှေ့သို့ချီတက်နေကြတာကို ဂုဏ်ယူဖွယ် မြင်တွေ့ရပါတယ်။

နိုင်ငံတော်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ပေးနေတဲ့အပြင် ချီးမြှင့်ငွေနဲ့ စရိတ်မျိုးစုံကို ခံစားခွင့်ရရှိစေရန် ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သစ်လွင်ဆရာဝန်တို့ရဲ့ ပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အဆင့်မြင့်လေ့ကျင့်သင်ကြားမှုတွေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ခေတ်မီဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကိုလည်း နိုင်ငံတော်အနေနဲ့ ပံ့ပိုးပေးနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာသို့ ပညာသင် စေလွှတ်နိုင်မှုအနေနဲ့ ၂၀၂၁ ခုနှစ်မှ ယခုချိန်ထိ ဘွဲ့လွန်သင်တန်းသား ၃၁၈ ဦး စေလွှတ်နိုင်ခဲ့သည့်အပြင် နိုင်ငံတကာကွန်ဖရင့်များ၊ ဆွေးနွေးပွဲများသို့ ၁၉၅၇ ဦးထိ စေလွှတ်နိုင်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းများရဲ့ လုပ်ကိုင်နိုင်စွမ်းတိုးတက်မှုဟာ  နိုင်ငံတော်နဲ့ ပြည်သူရဲ့ အောင်မြင်မှုပဲဖြစ် ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို ဓနအင်အားတွေ၊ လက်နက်တွေနဲ့ တိုင်းတာ တာမဟုတ်ဘဲ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာတတ်မြောက်မှု၊ ပျော်ရွှင်မှုသုခတို့နဲ့ တိုင်းတာပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေရဲ့ဝန်ဆောင်မှုဟာ နိုင်ငံတည်ဆောက်ရေးဖြစ်ပါတယ်။ ၎င်းတို့ရဲ့ လက်တွေနဲ့ နိုင်ငံတော်ကိုတည်ဆောက်နေတာဖြစ်ပါတယ်။

ယုံကြည်မျှော်လင့်မှုများ

သစ်လွင်ဆရာဝန်တို့အနေနဲ့ ဆူညံပြီးစည်ကားတဲ့ မြို့ကြီးပြကြီးမှဆေးရုံကြီးတစ်ခုမှာတာဝန်ကျတာ ဖြစ်ဖြစ်၊ ကျေးလက်ဒေသက ဆေးခန်းလေးတစ်ခုမှာ တာဝန်ကျတာဖြစ်ဖြစ် မိမိတို့ကုသပေးတဲ့လူနာ တိုင်းဟာ နိုင်ငံတော်တိုးတက်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။

နှလုံးသားတွေကြည်လင်ပြီး စေတနာပြည့်ဝကာ မိမိတို့ရဲ့ ကျွမ်းကျင်မှုတွေ၊ တာဝန်သိမှုတွေနဲ့အတူ ပြည်သူများကို ကျန်းမာရေးဝန်ဆောင်မှုများပေးအပ်နိုင်လိမ့်မယ်လို့လည်း အပြည့်အဝယုံကြည်ပါတယ်။

ပြည်သူများရဲ့ ကျေးဇူးတင်မှု၊ ယုံကြည်မှုနဲ့ မေတ္တာတရားတွေဟာ  အကြီးမားဆုံးသော ဆုလာဘ်ပင်ဖြစ် ပါတယ်။ ဆေးပညာရဲ့ အလင်းရောင်သဖွယ်ဖြစ်တဲ့ မိမိတို့ရဲ့ ကုသပေးနိုင်မှုများဟာ လူများစွာရဲ့ဘဝများကို ပြောင်းလဲနိုင်တယ်ဆိုတာကိုလည်း အမြဲနှလုံးသွင်းစေချင်ပါတယ်။ အဖြူရောင်ဂျူတီကုတ်များကို    လူနာများအားကိုးယုံကြည်ရတဲ့ သမားဂုဏ်အပြည့်နဲ့ ဝတ်ဆင်နိုင်ကြဖို့ကိုလည်း မျှော်လင့်ပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံ့ဝန်ထမ်းဆရာဝန်များအနေနဲ့ မိမိတို့ရဲ့ သက်မွေးမှုပညာနှင့် နိုင်ငံတော်မှ ပေးအပ်လာသောတာဝန်များကို  ဟန်ချက်ညီညီဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းဆရာဝန်တစ်ဦး၏ အောင်မြင်သောဘဝကို တည်ဆောက်နိုင်ကြပါစေကြောင်းနှင့် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် မွန်မြတ်စိတ်ထားမေတ္တာတရား အပြည့်ဖြင့် ဝိုင်းဝန်းကြိုးပမ်းရွက်ဆောင်နိုင်သူများဖြစ်လာကြမည်ဟု   ခိုင်မာစွာယုံကြည်ပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပါတယ်။    ။