ကိုယ်စိတ်နှစ်ပါးလန်းဆန်းစေဖို့ သင့်အလုပ်စားပွဲပေါ်မှာ သစ်ပင်စိုက်ပါ
Posted_Date
Image

Body
လူနှင့်အလုပ် အမြဲတွဲဖက်နေသည်။ အလုပ်လုပ်ခြင်းသည် လူ့ဘဝရှင်သန်နေခြင်းပင်ဖြစ်သည်။ ကာယ အလုပ်ဖြင့် ဘဝရှင်သန်နေသူများရှိသကဲ့သို့ ဉာဏအလုပ်ဖြင့် စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်နေရသူများ လည်းရှိကြသည်။
ကာယဖြင့်လုပ်နေရသူများမှာအလုပ်ချိန်ကြာ လာလျှင်ခန္ဓာကိုယ်ပင်ပန်းမှုကို ခံစားကြရသည်။ စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်သူများမှာအများ ထင်သကဲ့သို့မသက်သာကြပေ။ အလုပ်စားပွဲတွင် အထိုင်ကြာ လာသည်နှင့်အမျှ စိတ်ပင်ပန်းလာရသည်။
ခန္ဓာကိုယ်လည်း အညောင်းမိလာပြီး ခေါင်းအုံ၊ ဇက်ထိုး၊ အကြောတက် စသည့်ရောဂါများ ရလာလေ့ရှိ သည်။ အလုပ်စားပွဲတွင် တစ်ပုံတစ်ပင်ရှိနေသော ပင်ပန်းစရာများကြားမှ ဖြေဖျောက်စရာသစ်ပင်လေး တစ်ပင်အကြောင်း ပြောလိုပါသည်။
အကြောတက်ခြင်းအတော်များများတွင်ဇက်ကြောတက်ခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။ အလုပ် ချိန်နှစ်နာရီထက်ကျော်ပြီး စာကြည့်၊ စာရေးခြင်းတွင် အာရုံစိုက်ရလျှင် ဇက်ထဲမှတောင့်တင်းပြီး ကြာလျှင် ကိုက်ခဲလာခြင်းကို ဇက်ကြောတက်သည်၊ ဇက်ကြောထိုးသည်ဟု ပြောလေ့ရှိကြသည်။
ဇက်ကြောတက်ရောဂါအချိန်ကြာလာလျှင် အာရုံကြောများကို ပါထိခိုက်ပြီး မျက်စိမှုန်လာတတ်သည်။
ဇက်ကြောတက်သည်မှစ၍ မျက်စိမှုန်လာသူများသည် မျက်စိဆရာဝန်နှင့်စမ်းသပ်ပြီး မျက်မှန်တပ်လိုက်သောအခါ အမြင်ကြည်လင်သွားသဖြင့် တစ် ခဏအတွင်း ဇက်ကြောတက်ရောဂါသည် သက်သာသွားသကဲ့သို့ရှိသော်လည်း နောက်ပိုင်းတွင် တက်မြဲ ပြန်တက်လာသည်ကို တွေ့ရလေ့ရှိသည်။
ထို့ကြောင့် မျက်စိဆရာဝန်ကြီးများကလည်း အနီး ကြည့် (စာကြည့်) တစ်နာရီကြည့်ပြီးတိုင်း အဝေးသို့ ၁၀ ပေခန့်လှမ်းကြည့်သင့်သည်။ ဖြစ်နိုင်လျှင် အဝေး မှ စိမ်းလန်းစိုပြည်သောနေရာကိုကြည့်ရလျှင် မျက်စိ အာရုံကြောလျော့စေမည်ဟုဆိုသည်။ အစိမ်းရောင်သည် မျက်စိသာမက စိတ်ကိုပါ လန်းဆန်း စေနိုင်သည်။
စိတ်ချမ်းသာမှုကို လူတိုင်းလိုချင်ကြသည်။ အလုပ် ရှုပ်နေလျှင် စိတ်ရှုပ်လာသည်။ စိတ်ရှုပ်ခြင်း၏နောက် တွင် ပင်ပန်းနွမ်းနယ်ခြင်းသည် ရောက်လာစမြဲဖြစ် သည်။
လူပင်ပန်း၊ စိတ်ပင်ပန်းဟု ပြောလေ့ရှိကြသော်လည်း တကယ်တမ်းတွင် စိတ်ပင်ပန်းခြင်းကသာ လူကိုပင်ပန်းစေခြင်းဖြစ်သည်။ မပြီးပြတ်နိုင်သော အလုပ်များကို လုပ်ရသောအခါ၊ အလုပ်နှင့်အချိန်မမျှသောအခါ အချိန်မီမပြီးမည်စိုး၍ စိတ်ပူပန်မှုဖြစ်စေသည်။ ပူပန်ရဖန်များသောအခါ စိတ်ပင်ပန်းလာလေသည်။
အနောက်တိုင်းစိတ်အထူးကုဆရာဝန်ကြီးများ ပြောလေ့ရှိသော စိတ်ကျရောဂါဟူသည်မှာ မနိုင်ဝန်ထမ်းရသူများတွင် အများဆုံးဖြစ်လေ့ရှိသော ရောဂါ ဖြစ်သည်။
အလုပ်ရှုပ်၊ ပင်ပန်းနွမ်းနယ်သူများအတွက် အနားယူခြင်းဖြင့် သက်သာစေနိုင်မည်ဟု ထင်ရသော်လည်း နောက်ပိုင်းတွင် စိတ်မအေးစရာ အလုပ်တာဝန်ကျန်ခဲ့သူများအတွက် လူကအနားယူနေသော်လည်း စိတ်က အလုပ်သို့ပြန်ရောက်နေသဖြင့် တကယ်တမ်း အနားမရသကဲ့သို့ ဖြစ်နေတတ်သည်။
တချို့သော ငွေကြေးတတ်နိုင်သူများသည် တစ်နှစ်လျှင်တစ်ကြိမ် ခရီးထွက်ပြီး အနားယူအပန်းဖြေလေ့ရှိကြသည်။ အထူးသဖြင့် ရှုခင်းသာယာသော နေရာများ၊ ပင်လယ်ကမ်းခြေများတွင် အနားယူလေ့ရှိကြသည်။
အုန်းပင်များစိမ်းစိုပြီး သာယာလှပသောကမ်းခြေ၌ ဒီရေတက်ချိန်တွင် ပြေးတက်လာသော ရေလှိုင်းကလေးများ၏ ကမ်းသို့ရိုက်ခတ်သံနှင့် ဒီရေဖုံးလွှမ်း သွားသော သဲသောင်ပြင်တို့၏အလှမှာ ရောက်ဖူးသူတို့မှသာ ခံစားတတ်မည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် အရာအားလုံး၊ သောကအားလုံးကို မေ့ထားပြီး စိတ် လွတ်ကိုယ်လွတ်အပန်းဖြေနိုင်လျှင် အကောင်းဆုံး ပင်ဖြစ်သည်။
ကျွန်တော့်မိတ်ဆွေတစ်ဦး၏ရုံးခန်းသို့ အလုပ်ကိစ္စတစ်ခု အကူအညီတောင်းရန်သွားသောအခါ သူသည် အလွန်အလုပ်ရှုပ်သူဖြစ်ကြောင်း တွေ့ရသည်။
သူ့ရှေ့တွင် လက်မှတ်ထိုးစရာများကလည်း တစ် ပုံတစ်ပင်ရှိနေသည်။ ဖုန်းကလည်းမနားတမ်း၊ တွေ့ လိုသူများကလည်း အခန်းပေါက်ဝတွင် တန်းစီစောင့် နေသည်ကို တွေ့ရသည်။ သို့သော် သူ့ကိုကြည့် ရသည် မှာ အလုပ်ရှုပ်နေသော်လည်း စိတ်ရှုပ်နေပုံမပေါ်ဘဲ တက်ကြွရွှင်လန်းလျက်ပင်ရှိသည်။
"လာ ထိုင်သူငယ်ချင်း၊ မတွေ့ရတာကြာပြီကွာ၊ ဘာအကူအညီလိုလဲ၊ လမ်းကြုံလို့ ဝင်လာတာလား" စသည်ဖြင့် ပဋိသန္ဓာရစကားကိုဆိုသည်။ ပြုံးပြုံးရွှင်ရွှင်မျက်နှာထားရှိသည်။
မိမိကလိုအပ်သည့်ကိစ္စများကို ပြောပြသည့်အခါ သူတတ်နိုင်သည်ကို ကူညီပေးသည်။ သူမတတ်နိုင်သည့်ကိစ္စများကို မတတ်နိုင်ကြောင်းနှင့် မည်သို့မည်ပုံလုပ်ဆောင်ရမည်၊မည်သူ့ထံသွားရမည်၊ မည်သည့်အချက်အလက်လိုသည် စသည်ဖြင့် လမ်းညွှန်ပေးသည်။ နယ်မှသူငယ်ချင်းများအကြောင်း၊ ဆွေမျိုးများအကြောင်း သူမေးသမျှ၊ စပ်မိသမျှပြော ပြီးနောက် နှုတ်ဆက်ပြီး ပြန်ခဲ့သည်။ ရာထူးကြီးသော်လည်း ဘဝမမေ့တတ်သည့်သူငယ်ချင်းနှင့် တွေ့ခဲ့ရ ပြီးအပြန်တွင် ကျေနပ်ပီတိများ စွာဖြစ်မိသည်။
ထိုသူငယ်ချင်းအခန်းတွင် ထူးခြားချက်နှစ်ခုတွေ့ ခဲ့ရသည်။ တစ်ခုမှာ သူ့အလုပ်စားပွဲပေါ်မှ သစ်ပင် စိုက်ထားသောပန်းအိုးငယ်တစ်ခုဖြစ်ပြီး နောက်တစ်ခုမှာ သူ့နောက်ဘက်နံရံတွင် ချိတ်ဆွဲထားသော အလျားတစ်ပေခွဲ၊ အနံတစ်ပေခန့်ရှိသော ဓာတ်ပုံတစ်ပုံဖြစ်သည်။
သူ့စားပွဲပေါ်မှ ပန်းအိုးငယ်လေးမှာ ဘွန်ဆိုင်းပင်ကဲ့သို့အမျိုးအမည်မသိအပင်ပုလေးဖြစ်သည်။ စိမ်းစိုနေသောသစ်ရွက်များဖြင့် ဝေဆာနေပြီး အမြင့် မှာ ၈ လက်မခန့်သာမြင့်သည်။ စားပွဲပေါ်တွင် နေရာ မယူလွန်းဘဲ လှပစိမ်းစိုနေသော သစ်ပင်လေးဖြစ် သည်။ ဤသစ်ပင်လေးကို မြင်လိုက်ရချိန် စိတ်ထဲ တွင် လန်းဆန်းသွားသကဲ့သို့ခံစားရမိသည်။
(ဤသစ်ပင်လေးကို သဘောကျလွန်း၍ သူငယ်ချင်းကို ခွင့်တောင်းပြီးကျွန်တော်၏ဟန်းဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။) သူ၏ဘယ်ဘက်ရှိနံရံပေါ် တွင် ချိတ်ဆွဲထားသောဓာတ်ပုံမှာ ချောင်းသာကဲ့သို့ ကမ်းခြေတစ်နေရာ၌ မိသားစုနှင့် အပန်းဖြေနေသော ဓာတ်ပုံဖြစ်ပုံရသည်။ ဓာတ်ပုံထဲတွင် ပါသူအားလုံး ပြုံးရွှင်နေကြပြီး မြေးအရွယ်ကလေးငယ်လေးများလည်းပါသည်။
နောက်ခံခပ်လှမ်းလှမ်းတွင် ဘန်ဂလိုတစ်လုံးနှင့် အုန်းပင်စိမ်းစိမ်းများ တန်းစီလျက်ရှိပြီး အားလုံး မှာ ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ မျက်နှာသုတ်ပဝါ၊ တဘက်ထည်များနှင့် ရေကူးရာမှ ပြေးတက်လာပြီး အေးနေ၊ ချမ်းနေချိန် စုပေါင်းရိုက်ထားသောဓာတ်ပုံနှင့်တူသည်။
သူ့ကိုစပ်စုပြီးမမေးမိသော်လည်းဤဓာတ်ပုံကို ကြည့်လိုက်ရသည်နှင့်ပင်ကိုယ်ပါထိုဓာတ်ပုံထဲရောက်ရှိသွားပြီးအေးသွား၊ချမ်းသွားသကဲ့သို့ခံစားချက်တစ်ခု ဝင်လာပါသည်။ သူအလုပ်များပြီး စိတ်ပင်ပန်းသောအခါတွင်ဤဓာတ်ပုံကိုမော့ ကြည့်လိုက်ပါက ချောင်းသာသို့တစ်ဖန်ပြန်ရောက် သွားရသကဲ့သို့ဖြစ်လေမလားဟုစိတ်ထဲတွင်တွေးမိ သည်။
ထိုသူငယ်ချင်း၏ရုံးခန်းမှ ပြန်လာပြီးနောက် သူနှင့် ဆန့်ကျင်ဘက်မိတ်ဆွေတစ်ဦးကို သတိရမိသည်။ ဂေါက်သီးလေ့ကျင့်ရေးကွင်းတစ်ခုတွင်မိတ်ဆွေ ဆရာဝန်ကြီးတစ်ဦးနှင့်အတူဖြစ်သည်။
ဂေါက်သီးလေ့ကျင့်ရေးကွင်းမှာ ရှေ့တွင် ကိုက် ၅၀၀ ခန့်ရှည်လျားကျယ်ပြန့်သောမြက်ခင်းစိမ်းစိမ်း ကွင်းပြင်ကြီးရှိပြီး နောက်ခံမှာတောင်တန်းတောင်ကုန်းမြင့်များဖြင့် သာယာလှပသောနေရာဖြစ်သည်။ ဂေါက်သီးဗန်းအတွင်းမှ ကယ်ဒီမိန်းကလေးတည်ပေး သောဂေါက်သီးကို မိမိနှစ်သက်ရာဂေါက်တံဖြင့် တစ် လုံးပြီးတစ်လုံးရိုက်ထုတ်ပြီး အကွာအဝေးမည်မျှ ရောက်ပြီးကျသွားသည်ကို လှမ်းမျှော်ကြည့်ပြီး မျက်စိ ပသာဒယူနိုင်သည်။
သို့သော် မိမိဘေးခုံမှ ဆရာဝန်၏လက်ကိုင်ဖုန်းမှာ မကြာခဏမြည်နေသည်။ ဆေးရုံမှ သူ၏ကိုယ်ပိုင် ဆေးခန်းမှ မေးသံ၊ ဖြေသံများကို ကြားနေရသည်။ သူ့မှာဂေါက်ကွင်းရောက်သော်လည်း အအားမရ၊ နောက်ကအရေးပေါ်ဖုန်းများက လိုက်လာနေသည်။
တစ်ခါတစ်ရံ ကစားနေသည့်ဂေါက်တံကိုကိုင်၍ ခပ်ဝေးဝေးတွင်သွားပြီး ဖုန်းပြောနေသည်။ ပတ်ဝန်းကျင်ကစားသူများကို အားနာ၍ဖြစ်မည်။ သို့သော် သူ့ကြည့်ရသည်မှာ အနားယူသောနေရာမှာပင် အနား မရဖြစ်နေသည်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိရုံမျှ မက သူ့အစား စိတ်မောမိသည်။
လူ့ဘဝတစ်လျှောက်လုံးအသက်ရှင်နေသမျှ အလုပ်လုပ်နေရမည်ဖြစ်သည်။ တာဝန်သိသူအတွက် အလုပ်ဟူသည်မှာ အိပ်ရာဝင်ချိန်အထိ ရှိနေမည်ဖြစ်သည်။အလုပ်ပင်ပန်း၊စိတ်ပင်ပန်းလျှင် ရောဂါ ရလာ တတ်သည်။ အရွယ်ရင့်မှ ရောဂါရလျှင် မဆန်းပါ။ အရွယ်မတိုင်မီ ရောဂါရလျှင် ကိုယ်ဖြစ်ချင်သောဆန္ဒ များမှာ အပြီးမသတ်နိုင်ဘဲ ကျန်ခဲ့ရမည်။ ထားခဲ့ရ မည်ဖြစ်သည်။
ရခဲလှသည်မှာ လူ့ဘဝဟုဆိုလျှင်ရပြီးနောက် တွင်လည်း ခက်ခဲလှသည်မှာ လူ့ဘဝပင်ဖြစ်သည်။ ကြိုးစားရုန်းကန်ခြင်းများစွာဖြင့် ရင်ဆိုင်ဖြေရှင်းကြ သော်လည်း ရတာမလို လိုတာမရဖြင့် အဆုံးသတ် ကြရသူကများသည်။
ပင်ပန်းသမျှခံစားကြရသူများရှိသော်လည်းပင်ပန်းသမျှအရာမထင်ကြသူများလည်းရှိသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ စသော အကြောင်းတရားများ ကလည်း နေ့စဉ်တွေ့ကြုံနေမြဲဖြစ်သည်။မည်သူမျှရှောင်လွှဲမရ။ပင်ပန်းနွမ်းနယ်မှုကိုမည်သို့ဖြေဖျောက်မည်နည်း။ အလုပ်ကိုတစ်ရက်ပင်ပျက်ရန်မလွယ်။တစ်နှစ်တစ်ကြိမ်ပင် အပန်းဖြေခရီးထွက်ရန်မလွယ်။
ဤအလုပ် ဤနေရာတွင်ပင် ပိတ်လှောင်နေသကဲ့ သို့ ခံစားရသည့်အခါ ထွက်ပေါက်ပေးရန်လိုသည်။ တစ်သက်တာစိတ်ချမ်းသာလိုလျှင် သစ်ပင်စိုက်ပါ ဟူသောစကားကို သတိရမိပါသည်။ကျွန်တော့်တွင် သစ်ပင်စိုက်စရာ မြေနေရာလည်းမရှိပါ။ သို့သော်ကျွန်တော့်သူငယ်ချင်းစားပွဲပေါ်မှ သစ်ပင်စိမ်းစိမ်း လေးကို သတိရမိသည်။ ထို့ကြောင့် ကျွန်တော်သည်လည်း ကျွန်တော့်စားပွဲပေါ်တွင်သစ် ပင်စိုက်ပါတော့မည်။
Photo -Spruce