နနွင်း(ဆနွင်း)မှပေးသောကျန်းမာရေးကောင်းကျိုးများ

Posted_Date

Image

နနွင်း(ဆနွင်း)မှပေးသောကျန်းမာရေးကောင်းကျိုးများ

Body

နနွင်း(ဆနွင်း)သည် မြန်မာလူမျိုးများ၏မီးဖိုချောင်တွင် အမြဲရှိသည့်ပစ္စည်းများထဲမှတစ်ခုဖြစ်ပြီး နေ့စဉ်ဟင်းချက်ရာတွင်အသုံးပြုသည်။  ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်သုံးလေ့ရှိသည့် သဘာဝ၏လက်ဆောင်တစ်ခုဖြစ်သော နနွင်း၏အသုံးဝင်ပုံအမျိုးမျိုးနှင့် ကျန်းမာရေးအကျိုးကျေးဇူးအမျိုးမျိုးကိုဆက်လက်ဖော်ပြလိုပါ သည်။ နနွင်းကို အမှုန့်အတိုင်းသုံးစွဲကြသည့်အပြင် အပေါ်ခွံပါဝင်သည့်ဆေးတောင့်၊ ဆေးမှုန့်၊ ဆေးရည်ပုံစံများဖြင့်လည်းရရှိနိုင်သည်။

နနွင်းမှပေးသောကျန်းမာရေးကောင်းကျိုးများ

ကျန်းမာရေးကောင်းကျိုးများစွာ ပေးစွမ်းနိုင်သည့်  နနွင်းသည်  ခေါင်းကိုက်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အအေးမိဝေဒနာ၊ အဆုတ်အတွင်းပိုးဝင်ခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း၊   အနာကြီးရောဂါ၊ဖျားနာခြင်း၊   ဓမ္မတာလာစဉ်ဖြစ်တတ်သည့်ဝေဒနာများ၊ အရေပြားယားယံခြင်း၊ကင်ဆာရောဂါများ၊   စိတ်ကျဝေဒနာ၊အယ်လ်ဇိုင်းမားခေါ် မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါ၊ မျက်စိအလယ်လွှာရောင်ရမ်းခြင်း၊ သွေးချိုဆီးချိုရောဂါ၊ ခန္ဓာကိုယ်တွင်းရေဆွဲခြင်း၊ သန်ထခြင်း၊ Systemic Lupus Erythematosus (SLE) အမည်ရှိ ကိုယ်ခံအားတုံ့ပြန်မှုဆိုင်ရာရောဂါတစ်မျိုး၊ တီဘီရောဂါ၊ ဆီးအိတ်ရောင်ခြင်းနှင့် ကျောက်ကပ်ရောဂါများအတွက်လည်း နနွင်းကိုအသုံးပြုနိုင်သည်။  အဖျားရောဂါ၊ ငန်းရောဂါ၊ ဝမ်းရောဂါ၊ ရောင်ရမ်းနာကျင်ကိုက်ခဲသောရောဂါ၊  ဆီးအောင့်၊ဆီးကျောက်တည်ရောဂါ၊    အစာအိမ်ရောဂါ၊  မီးဖွားပြီးနောက် သွေးပုပ်ကျန်သောရောဂါနှင့် မှိုင်းရှူဆေး၊  နှာမှုတ်ဆေးများဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။

ကိုယ်ဝန်ဆောင်မိခင်များအတွက်အဖိုးတန်နနွင်း

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်တစ်နေ့တခြား  အသားအရေ ပူနွေးလာသော်လည်း အသားအရေအေးနေခြင်း၊ သွေးလေးနေခြင်းတို့ဖြစ်ခဲ့လျှင် နနွင်းကို ရေအေးနှင့်ဖျော်ပြီး တစ်ကိုယ်လုံး လိမ်းကျံပေးခြင်းဖြင့်  သက်သာစေနိုင်သည်။ အမျိုးသမီးများ ခေါင်းကိုက်ခြင်း၊  ဇက်ထိုးခြင်း၊ မီးယပ်ခေါင်းကိုက်ရောဂါစွဲခြင်းဖြစ်ခဲ့လျှင် နနွင်းမှုန့်ကို  မီးကျီးခဲပေါ်တွင်ဖြူး၍ မှိုင်းရှူပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် မကြာခဏ ဖျားတတ်သော   အမျိုးသမီးများသည်  အဖျားပျောက်ဆေးများကို    မှီဝဲသည့်အပြင် နနွင်းကိုလည်း သောက်ပေးသင့်သည်။ မီးဖွားပြီးနောက်  အောင်းနေသောသွေးများ  မဆင်းဘဲ   အပုပ်ဆောင်ရာမှခန္ဓာကိုယ်ဖောရောင်ခြင်းဖြစ်လျှင် နနွင်းကို ဆေးအဖြစ်သောက်ခြင်း၊ လိမ်းခြင်း၊  နနွင်းပြုတ်ရည်ဖြင့် ရေချိုးခြင်းပြုလုပ်ပေးပါက သက်သာစေနိုင်သည်။ မီးဖွားပြီးနောက် သားမြတ်ရောင်ခြင်း၊ သားမြတ်ကိုက်ခြင်း၊ နို့ကြောင်းပိတ်ခြင်းဖြစ်လျှင်  နနွင်းမှုန့်ကိုသောက်ပြီး  နနွင်းလိမ်းကျံပေးခြင်း၊ နနွင်းမှုန့်ကိုအထုပ်ပြုလုပ်၍ ရေနွေးငွေ့ခံပြီး ကျပ်ထုပ်ထိုးပေးခြင်းတို့ ပြုလုပ်နိုင်သည်။ 

သွားနာသွားကိုက်နှင့်အဖျားတက်မှုသက်သာစေသောနနွင်း

သွားနာ၊ သွားကိုက်၊ သွားဖုံးရောင်ခြင်းဖြစ်လျှင် နနွင်းမှုန့်ကို ရေနွေးနှင့်ဖျော်၍ ဆားအနည်းငယ်ထည့်ပြီး     ငုံပေးလျှင်သက်သာစေနိုင်သည်။    အပူဝမ်းပျက်၊  ဝမ်းလျှောဖြစ်လျှင် နနွင်းမှုန့်၊  ကွမ်းစားထုံးအနည်းငယ်နှင့် ထန်းလျက်တို့ကိုရော၍ပြုတ်ပြီး ပူပူနွေးနွေးသောက်ပေးလျှင်  ဝမ်းပျက်၊ ဝမ်းလျှောရောဂါသက်သာပျောက်ကင်းစေနိုင်သည်။ အဖျားတက်ခြင်း၊ ချွေးငုပ်ပြီး ငန်းဖမ်းခြင်းများဖြစ်လျှင် နနွင်းကိုမီးဖိုချောင်မှကျပ်ခိုးနှင့် ဆားအနည်းငယ်ရော၍လှော်ပြီး  ကွမ်းရွက်ပြုတ်ရည်နှင့်သောက်ပါက ချွေးထွက်ပြီး  အဖျားကျစေနိုင်သည်။ ခန္ဓာကိုယ်တွင် နာကျင်ကိုက်ခဲသောအကျိတ်ထွက်ခြင်း၊ ထိခိုက်မိ၍ဖူးရောင်ခြင်းများဖြစ်ပါက နနွင်းကိုထုံးနှင့်ရောစပ်၍ ရေဖျော်ပြီး လိမ်းပေးလျှင်  သက်သာပျောက်ကင်းစေနိုင်သည်။  ရုတ်တရက်ထိခိုက်ပွန်းရှပြီး သွေးမတိတ်လျှင် နနွင်းမှုန့်သိပ်ပေးခြင်းဖြင့် သွေးတိတ်စေနိုင်သည်။

အနံ့အသက်ဆိုးများပျောက်စေနိုင်သောနနွင်း

ခန္ဓာကိုယ်အနံ့ဆိုးခြင်း၊  ချွေးထွက်လျှင်   အနံ့အသက်မကောင်းခြင်း၊ ချိုင်းချွေးနံ့နံခြင်းတို့ဖြစ်ပါက  နနွင်းမှုန့်ကို လက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့် နံနက်နှင့်ည နေ့စဉ်သောက်သုံးပေးပါက ပျောက်ကင်းစေနိုင်သည်။  ကုန်ထုတ်လုပ်ငန်းများတွင် နနွင်းမှရသည့်အဆီကို ရေမွှေးပြုလုပ်ရာတွင်    ထည့်သွင်းအသုံးပြုကြသည်။

အသားအရေကိုလှပစေသောနနွင်း

အရောင်လှပြီး အနံ့မွှေးသည့် နနွင်းမှုန့်က ကျန်းမာရေးအတွက်ကောင်းကျိုး ပြုနိုင်သည့်အပြင် အသားအရေကိုလည်းလှပစေရန်    အထောက်အကူပြုသည်။နနွင်းသည်    အရောင်ကျစေနိုင်သကဲ့သို့  ဗက်တီးရီးယားများကိုလည်း  အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်သည်။ နနွင်းသည်  အရေပြားတွင်ဖြစ်သည့်   နီမြန်းရောင်ရမ်းမှုကို သိသာစွာသက်သာစေနိုင်ပြီး ဝဲ၊ နှင်းခူကဲ့သို့ အရေပြားပြဿနာကြောင့် အသားအရေထိခိုက်မှုများကိုလည်း အထိရောက်ဆုံးသက်သာစေနိုင်သည်။  လူအတော်များများတွေ့ကြုံရသော အရေပြားပြဿနာတစ်ခုဖြစ်သည့်ဝက်ခြံထွက်ခြင်းသက်သာစေရန် ဝက်ခြံဖြစ်စေသော     ဗက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သည့် သဘာဝပိုးသတ်ဆေးအဖြစ် နနွင်းကိုအသုံးပြုနိုင်သည်။ ဝက်ခြံသက်သာစေရန် နနွင်းစစ်စစ်ကိုအရည်ဖျော်၍ ဝက်ခြံပေါ်တွင်တို့လိမ်းရုံဖြင့်သက်သာစေနိုင်သည်။ ဝက်ခြံသက်သာသွားသော်လည်း  မျက်နှာတွင်ဝက်ခြံအမာရွတ်များ   ကျန်နေခဲ့လျှင် နနွင်းအစစ်ကိုသုံး၍  ပေါင်းတင်ခြင်းဖြင့် ကြည်လင်သောမျက်နှာကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နနွင်းက အမာရွတ်များကို ပါးစေနိုင်သကဲ့သို့ ဝက်ခြံကြောင့်ဖြစ်သည့် အမာရွတ်များကိုလည်း သိသာစွာ သက်သာစေနိုင်သည်။

အမည်းစက်များကိုသက်သာစေသောနနွင်း

နနွင်းက  အရောင်ကျစေနိုင်သကဲ့သို့ အမည်းစက်များကို သက်သာစေနိုင်သည့်အာနိသင်လည်းရှိသည်။ အသားအရေအတွက် နနွင်းကို ပုံမှန်အသုံးပြုပေးမည်ဆိုပါက   အရေပြားပေါ်ရှိ   အမည်းစက်များကို သိသာစွာသက်သာစေနိုင်သည်။ ထို့ပြင်   မျက်ကွင်းညိုခြင်းနှင့် မျက်အိတ်တွဲခြင်းတို့ကို    သက်သာစေရန်  နနွင်းကိုအသုံးပြုနိုင်သည်။   နေလောင်ခြင်းကြောင့်   အသားအရေထိခိုက်ပျက်စီးမှုသက်သာစေရန်အတွက်လည်း နနွင်းကိုအသုံးပြုနိုင်သည်။ နနွင်းသည် နေလောင်ခြင်းကို သက်သာစေနိုင်သကဲ့သို့ နေလောင်ခြင်းကြောင့် အရေပြားတွင် အမည်းစက်များဖြစ်ခြင်း၊  အသားအရောင်မညီခြင်းများကိုလည်း   သက်သာစေနိုင်သည်။နေရောင်ကြောင့် အရေးအကြောင်းဖြစ်ခြင်းကို သိသိသာသာသက်သာစေနိုင်သည်။

အကြောပြတ်ရာများကိုသက်သာစေသောနနွင်း

နနွင်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝပြီး အရေပြားဆဲလ်များကို လုပ်ဆောင်မှုကောင်းစေရန် အကောင်းဆုံးထောက်ပံ့ပေးသည်။ အရေပြားပေါ်တွင်ဖြစ်သည့့် အကြောပြတ်ရာများ သက်သာစေရန် နနွင်းလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်ရောပြီး  သံပရာရည်အနည်းငယ်ညှစ်၍ အကြောပြတ်သည့်နေရာတွင် တစ်နေ့နှစ်ကြိမ်လိမ်းပေးနိုင်သည်။       နနွင်းကအသားအရေအတွင်းပိုင်းအထိ ရေဓာတ်ဖြည့်ပေးနိုင်သောကြောင့်  အသားအရေ ခြောက်သွေ့လျှင်  နနွင်းကို  အရေပြားပေါ်တွင်      လိမ်းပေးရုံဖြင့်    အပေါ်ယံအရေပြားလွှာမှ ဆဲလ်သေများကို  အထိရောက်ဆုံးဖယ်ရှားပေးပြီး အသားအရေကို  နူးညံ့စေနိုင်၍ အရေပြားထိခိုက်ပျက်စီးမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။

အနာကျက်စေနိုင်သောနနွင်း

နနွင်းတွင်ပါဝင်သည့် Curcumin ကအနာကျက်စေနိုင်သကဲ့သို့ ဓာတ်တိုးပစ္စည်းများကြောင့်   အသားအရေထိခိုက်ခြင်းမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်သည်။ ပြတ်ရှဒဏ်ရာများသက်သာစေရန်   အသုံးပြုနိုင်သည်။ လေ့လာမှုများအရ နနွင်းက  အရေပြားတစ်သျှူးများကို ကျန်းမာစေနိုင်သကဲ့သို့ ကော်လာဂျင်ထွက်ရှိစေရန်လှုံ့ဆော်ပေးသည်။ နနွင်းသည် အရေပြားတွင်ဖြစ်သည့် မီးလောင်ခြင်းနှင့် ဆီပူလောင်ခြင်းမှလွဲ၍   ပြတ်ရှခြင်းနှင့်   ထိခိုက်မိခြင်းတို့ကိုသက်သာစေသည်။

နနွင်း၏ဘေးထွက်ဆိုးကျိုးများ

နနွင်းသည်  ဘေးထွက်ဆိုးကျိုးနည်းသော်လည်း တချို့လူများတွင် အစာအိမ်ထိခိုက်ခြင်း၊    ပျို့ခြင်း၊   မူးဝေခြင်း၊ဝမ်းပျက်ခြင်းလက္ခဏာများရှိလာနိုင်ပြီးအဆိုပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှုရှိနိုင်ပြီး  ယင်းတို့တွင်မပါဝင်သောတခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။  ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍   စိုးရိမ်ပူပန်မှုများရှိပါက   ဆရာဝန်သို့မဟုတ် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

နနွင်းသည် လက်ရှိသောက်သုံးနေသည့်ဆေးဝါးများ၊ မူလကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်သောကြောင့်  အသုံးမပြုမီ   ဆရာဝန်သို့မဟုတ်ဆေးပညာရှင်နှင့်  ဆွေးနွေးတိုင်ပင်ရန်အရေးကြီးသည်။    နနွင်းနှင့် သက်ရောက်ဓာတ်ပြုနိုင်ပြီး သွေးခဲမှုကိုနှေးကွေးစေသည့်ဆေးဝါးများဖြစ်သော Aspirin၊ Clopidogrel (Plavix)၊ Diclofenac (Voltaren၊ Cataflam)၊ Ibuprofen (Advil၊Motrin)၊ Naproxen (Anaprox၊ Naprosyn)၊ Dalteparin (Fragmin)၊ Enoxaparin (Love-nox)၊ Heparin၊ Warfarin (Coumadin) စသည့်ဆေးဝါးများ၊ အလားတူ အစွမ်းသတ္တိရှိသောဆေးဝါးများနှင့်  တွဲဖက်အသုံးပြုမည်ဆိုပါက   အလွယ်တကူ  အညိုအမည်းစွဲနိုင်ခြေနှင့်  သွေးယိုနိုင်ခြေမြင့်မားနိုင်သည်။

နနွင်းမစားသင့်သောသူများ

ကိုယ်ဝန်ဆောင်ချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင် နနွင်းကို အစားအသောက်များတွင် ပါဝင်နေကျပမာဏအတိုင်း စိတ်ချစွာစားသုံးနိုင်သော်လည်း နနွင်းသည် ဓမ္မတာလာခြင်းကိုအားပေးပြီး     သားအိမ်ကိုလှုံ့ဆော်ပေးသောကြောင့်   ကိုယ်ဝန်ထိခိုက်နိုင်ခြေရှိသည့်အတွက်  ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်တွင် သောက်ဆေးအဖြစ် အသုံးမပြုသင့်ပေ။   နနွင်းသည် သည်းခြေပြဿနာများကို   ပိုဆိုးစေနိုင်သည့်အတွက်  သည်းခြေကျောက်တည်နေသူများ၊ သည်းခြေပြွန်ပိတ်ဆို့နေသူများ နနွင်းအသုံးမပြုသင့်ပေ။ နနွင်းသည် သွေးခဲနှုန်းကို နှေးကွေးစေသည့်အတွက် သွေးမတိတ်ရောဂါရှိသူများအလွယ်တကူအညိုအမည်းစွဲနိုင်ခြေနှင့် သွေးယိုနိုင်ခြေမြင့်စေသည်။

နနွင်းတွင်ပါဝင်သည့် Curcumin ဓာတ်သည် သွေးချိုဆီးချိုဝေဒနာရှင်များတွင်  သွေးတွင်းသကြားဓာတ်ပမာဏကိုအန္တရာယ်ရှိလောက်သည့်အနေအထားအထိ     ကျဆင်းစေနိုင်သည့်အတွက်သတိနှင့်ယှဉ်ပြီး   အသုံးပြုသင့်သည်။နနွင်းသည် တချို့လူများ၏အစာအိမ်ကိုထိခိုက်စေနိုင်ပြီး GERD ကဲ့သို့ အစာအိမ်ပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည်။ နနွင်းတွင်ပါဝင်သည့် Curcumin အမည်ရှိ ဓာတုပစ္စည်းသည် အီစထရိုဂျင်ဟော်မုန်းနှင့် အလားသဏ္ဌာန်တူသည့် အာနိသင်ရှိသည်။ သီအိုရီအရ နနွင်းသည် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်တစ်သျှူး နေရာလွဲမှားခြင်း၊ သားအိမ်အလုံးတည်ခြင်း စသည့် ဟော်မုန်းနှင့်သက်ဆိုင်သောရောဂါများကို အခြေအနေပိုဆိုးစေနိုင်သည်။ သို့ရာတွင်    တချို့သုတေသနများတွင်  နနွင်းသည်    တချို့သောကင်ဆာဆဲလ်များအပေါ် အီစထရိုဂျင်၏သက်ရောက်မှုကိုလျော့နည်းစေသည်ဟု ဖော်ပြထားသည်။ထိုအချက်ကိုမူတည်ပြီး စဉ်းစားမည်ဆိုပါက နနွင်းသည် အထက်တွင်ဖော်ပြခဲ့သည့် ရောဂါများအပေါ် ကောင်းကျိုးသက်ရောက်မှုရှိနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဟော်မုန်းနှင့်သက်ဆိုင်သည့် ရောဂါတစ်ခုခုခံစားနေရမည်ဆိုလျှင် နနွင်းကို သတိနှင့်ယှဉ်ပြီး အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source: Myawady Webportal