စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃)
Posted_Date
Image
Body
(ယခင်အပတ်မှ အဆက်)
(င) စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics)
ကျွန်တော် တို့တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ မရှိပါ၊ အာမီဒေးလ်မြို့ နယူးအင်္ဂလန် တက္ကသိုလ် (The University of New England, Armidale) တွင်တော့ ဦးဘွန်သိန်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါက်တာဒေါ်လီကျော်တို့တက်ရောက်ခဲ့ပါသည်၊ အားလုံးအငြိမ်းစား ယူကုန်ကြပါပြီ၊ ဆစ်ဒနီတက္ကသိုလ် (Sydney University) တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒေါက်တာတင်စိုး စိုက်ပျိုးစီး ပွားရေးပညာ ပါရဂူဘွဲ့ ရခဲ့ပါသည်၊ ယခုတော့ဆရာကွယ်လွန်သွားပြီဟု ကြားသိရပါသည်။
(စ) မြေဆီလွှာသိပ္ပံ (Soil Science) ၊ ဆရာကြီးဦးညွန့်ရွှေ တက်ရောက် ဘွဲ့ရခဲ့ပါသည်။
(ဆ) စိုက်ပျိုးရေးဆိုင်ရာကိမိလဗေဒ (Agricultural Entomology) ၊ ဆရာကြီး ဒေါက်တာမြင့်သောင်း၊ ဦးခင်မောင်သန်း၊ ဦးရန်လင်း ဒေါက်တာအောင်ကြည်၊ ဒေါ်ဝင်းဝင်းမြင့်တို့ တက်ရောက်ဘွဲ့ရခဲ့ပါသည်။
(ဈ) စိုက်ပျိုးပညာပေးရေး (Agricultural Extension) ၊ ဒေါက်တာဒေါ်ခင်ဦး တက်ရောက်ဘွဲ့ရခဲ့ပါသည်။
(ည) သဘာဝအရင်းအမြစ်များ စီမံထိန်းသိမ်းရေး (Natural Resources management) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။
(ဋ) အပင်မျိုးစပ်မွေးမြူရေး (Plant Breeding) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။
(ဌ) ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကွပ်ကဲရေး (Rural Development, Administration and Management) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။
ကျွန်တော်တို့နိုင်ငံမှာ ထိုစဉ်က ကိုလံဘိုစီမံကိန်း (Colombo Plan) အရ ဩစတေလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Australian International Development Assistance Bureau - AIDAB) က ကူညီမှုဖြင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် သစ်တောအပါအဝင် အင်ဂျင်နီယာ စီးပွားရေး၊ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များ အပါအဝင်မှ တစ်နှစ်လျှင် ၁၀ ဦး မှ ၂၀ ဦးခန့်သာ ပညာတော်သင် ရရှိပါသည်။ အများစုကတော့ မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးရှိ ဆရာ၊ ဆရာမများပေါ့။
ထိုအချိန်တွင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက် နမ် စသည့်နိုင်ငံများက ကိုလံဘို စီမံ ကိန်း အပါအဝင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုး ရေးဘဏ် စသည့် စီမံကိန်းများစွာဖြင့် တစ်နှစ်လျှင် ဦးရေ ၁၀၀-၂၀၀ ခန့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု (Human Re-source Development - HRD) အတွက် ဩစတေလျ (Australia)၊ အမေရိက (US)၊ ယူကေ (UK)၊ ဥရောပ (Europe)၊ ဂျပန် (Japan)၊ ကိုရီးယား (Korea) စသည့်နိုင်ငံများသို့ အပြိုင်အဆိုင် စေလွှတ်နေကြရာ နှစ်တိုင်း ၁၀ ဆမှ အဆ ၂၀ စသည်ဖြင့် ကွာချင်တိုင်း ကွာသွားပါတော့သည်။
ထိုစဉ်က တရုတ်နိုင်ငံ (China) မှ သူငယ်ချင်းများနှင့်တွေ့ရာ သူတို့နိုင်ငံ နိုင်ငံခြားပညာသင် မူဝါဒ (Foreign Study Policy) အရ ကျောင်းသားပေါင်းများစွာ (ရာ၊ ထောင်ချီ၍) ကို နိုင်ငံတော် ဘဏ္ဍာငွေ ပညာတော်သင်ဆု (State Scholarships) ဖြင့် ၃ လစာ ပေးလွှတ်လိုက်ပြီး ပညာဆုံးခန်းတိုင် အောင်တော့ ကို့ယ်အားကိုယ်ကိုးစနစ်ဖြင့် လုပ်ဆောင်ဟု ညွှန်ကြား လိုက်ကြောင်း နားထောင်မိပါသည်။ ဘွဲ့ရပြီး မိမိနိုင်ငံ မပြန်တဲ့သူကလည်း အနည်းဆုံး မိမိဆွေမျိုး သားချင်း၊ အိမ်ထောင်စုသို့ ငွေပြန်ပို့ကြရာ တနည်းအားဖြင့် နိုင်ငံခြားဝင်ငွေ (Foreign Exchange – FE) များစွာ ရရှိသွားပါတော့သည်။
ထိုစဉ်က ကျွန်တော်တို့နှင့် အတူတူ ကျောင်းတက်ခဲ့ရသည့် ထိုင်းနိုင်ငံဆိုလျှင်လည်း ယခု ထိုင်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Thailand International Development Agency - TICA) ဖွဲ့စည်းပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားမှ ကျောင်း သားများကို ထောက်ပံ့အကူအညီပေးရာ မြန်မာ ကျောင်းသား၊ ကျောင်းသူများသည်ပင် ထိုင်းနိုင်ငံတက္ကသိုလ်များသို့ သွားရောက် ပညာဆည်းပူးနေရသည့်အဆင့်သို့ ရောက်သွားပါပြီ၊ ကျွန်တော်တို့ စိတ်ဓာတ်ကျစရာတော့မလိုပါ။ ကြိုးစားရပါမည်။
၂၀၁၇-၁၈ ကျွန်တော် ကွင်းစလန်တက္ကသိုလ်ပြန်ရောက်တော့ စုစုပေါင်းကျောင်းသား ငါးသောင်းကျော် ရှိနေပြီး (ဘွဲ့လွန်ကျောင်းသား နှစ်သောင်းကျော်) မဟာဌာနပေါင်း (Faculties) ၆ ခု ရှိပြီး ပေါင်းတန်ပေါင်း၊ ဖြုတ်တန်ဖြုတ်၊ အသစ်ထပ်ထည့်တန်ထည့် စသည်ဖြင့် ပြောင်း လဲနေသည့် ခေတ်၊ စနစ်နှင့်အညီ ပြုလုပ်နေပါသည်။
ကွင်းစလန်တက္ကသိုလ်ရှိ မဟာဌာနများကတော့...
(က) ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေးနှင့်ဥပဒေမဟာဌာန (Faculty of Business, Economics and Law)
စိုက်ပျိုးစီးပွားရေးပညာကို အသေးစိတ်လေ့လာလိုပါက မိမိစိုက်ပျိုးရေး ဘာသာ များသာမက ဤမဟာဌာနမှ သက်ဆိုင်သောဘာ သာရပ်များ ပူးတွဲတက်ရောက်ခွင့် အခွင့်အလမ်းလည်း ရသွား ပါသည်၊ မြန်မာနိုင်ငံတွင်မူ စိုက်ပျိုးရေး တက္က သိုလ်ကသတ်သတ်၊ စီးပွားရေးတက္က သိုလ်က တစ်နေရာစီ သတ်သတ်စီ ဖြစ်နေတော့ ကျောင်းသားတွေ ဘာသာရပ်အစုံ သင်ယူခွင့် (Credit Transfer with Cross-enrollment) ပြုနိုင်ပါကအလွန်ကောင်းမွန်ပါလိမ့်မည်။
(ခ) သိပ္ပံမဟာဌာန (Faculty of Science)
ဤမဟာဌာနအောက်တွင်...
(ခ-၁) စိုက်ပျိုးရေးနှင့်အစားအ သောက်သိပ္ပံအဆင့်မြင့်ကျောင်း (School of Agriculture and Food Sciences)
ကျွန်တော်တို့တုန်းက အစားအ သောက်သိပ္ပံ (Food Science) ဘာသာရပ် မရှိသေးပါ၊ ယခုခေတ်တွင်တော့ သူကအရေးပါလာပါပြီ။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်လည်း အထူးပြုဘာသာ အဖြစ် စတင်သင်ကြားနေပါပြီ။
ကွင်းစလန် တက္ကသိုလ်၌ ယခုအချိန် ဘွဲ့ကြိုကျောင်းသား အထူးပြု ဘာသာရပ်များအနေနှင့်..
• စိုက်ပျိုးရေးဆိုင်ရာကူးသန်းရောင်းဝယ်ရေးပညာ (Agribusiness)
• စိုက်ပျိုးမွေးမြူရေးပညာ (Agriculture)
• အပင်သိပ္ပံ (Plant Science)
• မြေဆီလွှာသိပ္ပံ (Soil Science)
• မွေးမြူရေးသိပ္ပံ (Animal Science)
• အစားအသောက်သိပ္ပံ (Food Science)
• တောရိုင်းတိရစ္ဆာန်များဘဝဆိုင်ရာသိပ္ပံ (Wildlife Science)
• မြင်းမွေးမြူရေး၊ အသုံးပြုမှုနှင့်ဆိုင်သောသိပ္ပံ (Equine Science) စသည်တို့ သင်ကြားလျက် ရှိနေပါသည်။
တောရိုင်းတိရစ္ဆာန်များဘဝဆိုင်ရာသိပ္ပံနှင့် မြင်းမွေးမြူရေး၊ အသုံးပြုမှု နှင့်ဆိုင် သောသိပ္ပံမှာ သူတို့နိုင်ငံအတွက်အသုံးဝင်၍ အထူး ပြု အနေဖြင့် ထည့်ထားခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ အပါ အဝင် စိုက်ပျိုးရေးနိုင်ငံများ ယနေ့ခေတ် လိုအပ်လျက်ရှိသော စိုက်ပျိုး ရေး အင်ဂျင်နီယာဘာသာရပ် (Agricultural Engineering) ကိုတော့ ကွင်းစလန်တက္ကသိုလ်က မပေးပါ၊ ကွင်းစလန် တောင်ပိုင်းတက္ကသိုလ် (University of Southern Queensland) က ဤဘာသာရပ်နှင့် ပတ်သက်၍ နာမည် ကြီးပါသည်။ နိုင်ငံတကာ ကျောင်း သား၊ ကျောင်းသူများစွာ တက်ရောက်သင်ကြားလျက် ရှိပါသည်။
(ခ-၂) ဇီဝသိပ္ပံအဆင့်မြင့်ကျောင်း (School of Biological Sciences)
ကျွန်တော် တက္ကသိုလ်တွင်ရှိစဉ်က ဂျပန်ပညာရှင်က မင်းတို့နိုင်ငံမှာ ဇီဝဗေဒ (Biology) ဘာသာရပ်မရှိဘူးလား ဟူ၍ မေးပါသည်။ ကျွန် တော်က ယခင် ကရှိပါတယ်၊ ယခုတော့ ရုက္ခဗေဒ (Botany) နှင့် သတ္တ ဗေဒ (Zoology) ပေါင်းပြီးတော့ ဇီဝဗေဒအနေနှင့်ရှိတယ်မဟုတ်ဘူးလားဟူ၍ ပြန်ဆွေးနွေးရာ တခြားစီပဲ ဒီဘာသာအထူးပြု (Biology Specialization) တက္ကသိုလ်များမှာ ပေးသင့်ပါသည်ဟူ၍ ပြောပါသည်။ ဒီဘာသာမှနေ၍ ဆေးပညာ၊ မွေး မြူရေးပညာ၊ စိုက်ပျိုးရေး၊ သစ် တော၊ ဇီဝဓာတုဗေဒ (Biochemistry)၊ မော်လီကျူးဆိုင်ရာ ဇီဝ ဗေဒ (Molecular Biology) စသည်ဖြင့် အသုံးချသိပ္ပံ (Applied Sciences) ဘက်ကို ပြောင်းလဲသွားရမည် ဖြစ်ပါ၍ အလွန်အရေးပါသောဘာသာရပ်ကြီး ဖြစ်ပါသည်။
(ခ-၃)ဓာတုနှင့်မော်လီကျူးဆိုင်ရာဇီဝအဆင့်မြင့်ကျောင်း (School of Chemistry and Molecular Bio Sciences)
(ခ-၄) မြေဆီလွှာနှင့် ပတ်ဝန်းကျင်သိပ္ပံဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Earth and Environmental Science)(ခ-၅) သင်္ချာနှင့်ရူပဆိုင်ရာ အဆင့်မြင့်ကျောင်း (School of mathematics and Physics)
(ခ-၆) တိရစ္ဆာန်ကုသရေးဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Veterinary Science) တို့ ဆိုပြီး ရှိပါသည်။
ကွင်းစလန်တက္ကသိုလ်ရှိ နောက် ထပ်မဟာဌာနများအနေဖြင့်တော့...
(ဂ) အင်ဂျင်နီယာ၊ ဗိသုကာနှင့်ဆက်သွယ်ရေးနည်းပညာ မဟာဌာန (Faculty of Engineering, Architecture and Information Technology)
(ဃ) ကျန်းမာရေးနှင့်လူမှုကျင့်ဝတ်သိပ္ပံ မဟာဌာန (Faculty of Health and Behavioral Sciences)
(င) လူသားတို့လောကနှင့်လူမှုရေးသိပ္ပံ မဟာဌာန (Faculty of Humanity and Social Sciences) နှင့်
(စ) ဆေးဝါးပညာ မဟာဌာန (Faculty of Medicine) တို့ ဖြစ်ပါသည်။
အဆင့်မြင့်သုတေသနဌာန (Advanced Research Institute ) ပေါင်း ၉ ခုရှိပါသည်။ ၎င်းတို့မှာ ကွင်းစလန် စိုက်ပျိုးရေးနှင့် အစား အစာ တီထွင်ဖန်တီးမှု မဟာမိတ်အုပ်စု (Queensland Alliance for Agriculture and Food Innovation)၊ လူမှုရေးသိပ္ပံဆိုင်ရာ သုတေသနဌာန (Institute for Social Science Research)၊ ဩစတေလျ ဇီဝအင်ဂျင်နီယာနှင့်နာနိုနည်းပညာသုတေသနဌာန (Australian Institute for Bio engineering and Nano Technology)၊ မော်လီကျူးဆိုင်ရာဇီဝသိပ္ပံသုတေသနဌာန (Institute for Molecular Bio-Sciences) တို့သည် စိုက်ပျိုးမွေးမြူရေး သင် ကြား၊ သုတေသနပြုနေသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်သက်နေပါသည်။
နိုင်ငံတစ်ဝန်းနှင့်ဆက်စပ်၍ ပညာ ရပ်ဆိုင်ရာအစုအဖွဲ့ (ARC Center of Excellence) ပေါင်း ၈ ခုတွင်လည်း သဘာဝနှင့်စိုက်ပျိုးရေး အတော်ဆုံးအစုအဖွဲ့ (ARC Center of Excellence for Plant Success in Nature and Agriculture) သည်လည်း ဤတက္ကသိုလ်တွင် ရှိပါ သည်။ ကွင်းစလန်တက္ကသိုလ်မှာ ၂၀၂၂ ခုနှစ် တစ်ကမ္ဘာလုံး စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား၊ သုတေ သနပြုမှု အကောင်းဆုံးတက္ကသိုလ် အမှတ်စဉ် ၁၆ တွင် ရှိပါသည်။
စိုက်ပျိုး၊ မွေးမြူရေးပညာကို ကွင်းစလန်တက္ကသိုလ်အပါအဝင် ဩစတေလျ တက္ကသိုလ်ပေါင်း ၃၄ ကျောင်း မှာ ဘွဲ့ကြို၊ ဘွဲ့လွန်ပညာများ သင် ကြားလေ့လာနိုင်ပါသည်။ ၂၀၂၁ ခုနှစ်က လူဦးရေ ၂၅ ဒသမ ၇၄ သန်းသာရှိသောနိုင်ငံမှာ တက္ကသိုလ်များစွာက ခေတ်မီ စိုက်ပျိုး၊ မွေးမြူရေးပညာများကို သင်ကြား၊ သင်ယူ သုတေသနပြုနေကြသည်များကို အားကျအတုယူဖွယ် ကောင်းလှပါသည်။
ဤတက္ကသိုလ်ကို အကြောင်းပြု၍ ကျွန်တော်တို့ နိုင်ငံတက္ကသိုလ်များက အတုယူ နိုင်သည်မှာ -
(၁) စိုက်ပျိုးရေးတက္ကသိုလ် (Agricultural University) ဟူ၍ အမည်တပ်ထားပြီး သီးနှံ သိပ္ပံအုပ်စု (Crop Science Cluster) ကိုသာ ဘောင်ကျဉ်းကျဉ်းလေး ခတ်မထားဘဲ ဘာသာရပ်မျိုးစုံ တိုးချဲ့ သင်ကြား ရပါမည်၊ စုစုပေါင်း ကျောင်းသား အရေအတွက် ၂၀၀၀-ခန့် နှင့် သူတို့ရှိ စုစုပေါင်းကျောင်းသား ၅၀၀၀၀ ငါးသောင်းကျော်၊ ဘွဲ့လွန် ကျောင်း သား ပေါင်း နှစ်သောင်းကျော်နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။
(၂) သုတေသနစိုက်ကွင်း အကျယ် အဝန်း ဟက်တာ ၁၀၀၀-ကျော် (၂၅၀၀-ဧကခန့်) နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်၊ တက္ကသိုလ်နှင့်သုတေသ နဌာန ပေါင်းစပ်ထားသော နယ်သာ လင်ပုံစံ (Netherlands WUR Model) အတုယူနိုင်ပါသည် (ဗာဂန်နီဂန်တက္ကသိုလ် အကြောင်း ရောက်လာလျှင် အသေးစိတ်ဆွေးနွေးပါမည်)။
(၃) ဘာသာရပ်ပေါင်းစုံလင်စွာရှိ၍ စိုက်ပျိုးရေးမြေဆီလွှာသိပ္ပံ (Agricultural Soil Science) အဓိကယူသူများက ဘူမိဗေဒ (Geology)၊ ပထဝီ (Geography)၊ ရာသီဥတုပညာ (Meteorology/Climatology)၊ ဓာတုဗေဒ (Chemistry)၊ ရူပဗေဒ (Physics)၊ အဏုဇီဝဗေဒ (Microbiology)၊ စာရင်းအင်းပညာ (Statistics)၊ သစ်တော ပညာ (Forestry)၊ ပတ်ဝန်းကျင်သိပ္ပံပညာ (Environmental Science) ဌာနကြီးများရှိ ဘာသာရပ်များ တွဲဖက် သင်ယူနိုင်ခြင်း၊ သုတေသနများ ပူးတွဲလုပ် ဆောင်နိုင်ခြင်း စသည့် အားသာချက်များစွာရရှိနိုင်ပါသည်။
အခြားနိုင်ငံမှ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်များအကြောင်းကိုလည်း ဆက်လက် ဆွေးနွေး တင်ပြသွားပါဦးမည်။