မိခင်နို့တိုက်ကျွေးခြင်းနှင့် အကျိုးဆက်များ
Posted_Date
Image
Body
ယနေ့ခေတ်တွင် သိပ္ပံနှင့်နည်းပညာများ တိုးတက်ထွန်းကားလာသော်လည်း ထိုပညာများဖြင့် မဖန်တီးနိုင်သောအရာများရှိနေသည်။ ထိုအထဲတွင် မိခင်၏နို့ရည်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးသိပ္ပံပညာများ မည်မျှပင်တိုးတက်စေကာမူ ယင်းဆေးပညာများဖြင့် မိခင်နို့ရည်နှင့် အစွမ်းအာနိသင်တစ်ထပ်တည်းတူညီသော နို့ရည်ကို မဖန်တီးမထုတ်လုပ်နိုင်ပါ။ မိခင်၏နို့ရည်သည် မေတ္တာ၊ စေတနာ၊ ကရုဏာများဖြင့် ပေါင်းစပ် ထွက်ပေါ်လာသော မိခင်၏ နှလုံးသွေးအဖြူပင်ဖြစ်သည်။ သားသမီးငယ်တို့ သောက်သုံးရှင်သန် ကြီးထွားရန်အတွက် မိခင်၏ အနီရောင်နှလုံး သွေးရည်များသည် မိခင်၏ မေတ္တာတန်ခိုးကြောင့် ချိုမြိန်၍ အာဟာရပြည့်ဝသော အဖြူရောင်နို့ရည် ဖြစ်သွားရပါသည်။
မွေးကင်းစမှ ကလေးအသက်နှစ်နှစ်၊ သုံးနှစ်အထိ တိုက်ကျွေးသင့်
အချို့သောသူများတွင် ကလေးငယ်ကို မိခင်နို့ချိုတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ မှားယွင်းသော အတွေးအခေါ်အယူအဆများ၊ လုပ်ရပ်အမှားများ ရှိနေပါသည်။ မွေးကင်းစကလေးငယ်ကို မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် လုံလောက်သောအာဟာရ မရရှိနိုင်ဟူသော အယူအဆဖြစ်သည်။ စနစ်ဟောင်းခေတ်ဟောင်းမှ အရိုးစွဲပါလာသော အယူအဆမှားများဖြစ်သည်။ အမှန်စင်စစ်ကလေးငယ်မွေးစမှ ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုသာ တိုက်ကျွေးရုံဖြင့် လိုအပ်သော အာဟာရဓာတ်ကို ရရှိသည်။ ကလေးငယ်အသက်ခြောက်လကျော်မှသာ အခြားသင့်တော်သော ဖြည့်စွက်စာများ တွဲဖက်ကျွေးနိုင်သည်။ သို့သော်လည်း မိခင်နို့ရည်ကို ဆက်လက်တိုက်ကျွေးပေးနေရမည်ဖြစ်သည်။ မိခင်နို့တိုက်ကျွေးရာတွင် မွေးကင်းစမှ ကလေးအသက်နှစ်နှစ်၊ သုံးနှစ်အထိ တိုက်ကျွေးသင့်သည်ဟု ပညာရှင်များက ဆိုပါသည်။ ကလေးအသက်နှစ်နှစ်၊ သုံးနှစ်အရွယ်သည် ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်သည့် အရွယ်ဖြစ်၍ မိခင်နို့ရည်သည် ကလေးငယ်အတွက် များစွာအထောက်အကူဖြစ်သည်။
မိခင်နို့ရည်တွင် အာဟာရဓာတ်များနှင့်အတူ ရေဓာတ်လည်း ၈၇ ရာခိုင်နှုန်းပါဝင်သည်။ ထို့ကြောင့် ကလေးငယ်အတွက် အာဟာရဓာတ်သာမက ရေဓာတ်ကိုပါ ဖြည့်ဆည်းပေးနိုင်သည်။ ပူပြင်းသော နွေရာသီ၌ပင်လျှင် ကလေးငယ်ရေမငတ်နိုင်ပေ။ ထို့အပြင် မွေးကင်းစကလေးငယ်များ အသက်ရှင်သန်စေလိုလျှင် မိခင်နို့ရည်ကို တိုက်ဖြစ်အောင် တိုက်ကျွေးရန် လိုအပ်ပါသည်ဟု ဆေးပညာရှင်များက သုတေသနပြုလုပ်ချက်သက်သေများဖြင့် တိုက်တွန်းပြောကြားခဲ့ပေသည်။ ကလေးငယ်ကို မွေးပြီးပြီးချင်း အချိန်တစ်နာရီအတွင်း မိခင်၏ နို့ဦးရည်ကို တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးငယ်များ သေဆုံးမှုနှုန်းကို သိသာစွာ လျော့ကျစေသည်ဟု ဆိုပါသည်။ မိခင်နို့ရည်ကို ကလေးငယ်အား တိုက်ကျွေးခြင်းဖြင့် ကလေးငယ်အတွက် ကောင်းမွန်သောစိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များ ရရှိစေနိုင်သည်။ မိခင်က ကလေးငယ်ကို ရင်ခွင်တွင် ယုယပိုက်ထွေးလျက် နို့ချိုတိုက်ကျွေးစဉ်မိမိ၏ရင်သွေးကို တစိမ့်စိမ့်ရှုကြည့်ကာ နှလုံးသားမှ အကြင်နာမေတ္တာဓာတ်များ တဖွားဖွားပေါ်ပေါက်နေမည်ဖြစ်သည်။ ထို့အတူ ကလေးငယ်ကလည်း မိခင်၏ မေတ္တာကရုဏာကို အကြွင်းမဲ့နားမလည်သည့်တိုင် မိခင်အပေါ် ချစ်ခင်အားကိုးမှုဖြင့် မေတ္တာသံယောဇဉ်တို့ ပြန်လည်ရစ်ပတ် နှောင်တွယ်နေလိမ့်မည်ဖြစ်သည်။
မိခင်နို့ရည်သည် ကလေးငယ်ကို အာဟာရပေးရုံသာမက ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဆိုင်ရာရောဂါများနှင့် အခြားရောဂါများကို တားဆီးကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိထူးများရှိသည်။ ကလေးငယ်၏ သွေးသားထဲတွင် မိခင်၏ နို့ရည်အာဟာရများ စီးဝင်လှည့်ပတ်နေပြီဆိုလျှင် ကလေးငယ်၏ ဘဝတစ်ခုလုံး မဟာတံတိုင်းကြီးကာရံထားသကဲ့သို့ လုံခြုံအေးချမ်းနေပေသည်။ ထို့ကြောင့် ကလေးငယ်သည်အားငယ်ကြောက်ရွံ့မှုများ ကင်းဝေးကာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝ ရှိနေပါသည်။
မိခင်နို့ရည်တွင် ဤသို့သော အာနိသင်ထူးများ ရှိနေသော်လည်း ယခုအခါ ကမ္ဘာပေါ်တွင် အချို့မိခင်များသည် ကျန်းမာရေးကိစ္စ၊ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတို့ကို ရှေ့တန်းတင်ကာ မိမိတို့၏ ကလေးငယ်များကို နို့ချိုတိုက်ကျွေးရန် ဝန်လေးနေကြသည်။ မည်သို့ပင်ဖြစ်စေ မိခင်၏ကျန်းမာရေးအခြေအနေကြောင့် နို့မထွက်မှသာ အခြားနည်းလမ်းကို စဉ်းစားသင့်သည်။ သို့ရာတွင် မိခင်အများစုသည် မိမိ၏ရင်သွေးကို နို့ချိုတိုက်ကျွေးလိုသည့် မေတ္တာစေတနာဖြင့်ပင် အခက်အခဲအားလုံးကို ကျော်လွှားနိုင်ကြသည်ပင်ဖြစ်သည်။
မိခင်နို့မစို့ရသောကလေးတို့၏ စိတ်ဓာတ်နှင့် အမူအကျင့်
နို့ချိုမတိုက်ကျွေးဘဲ အခြားအာဟာရများဖြင့် အစားထိုးဖြေရှင်းခြင်း၏ အကျိုးဆက်အဖြစ် မွေးကင်းစကလေးများ သေနှုန်းမြင့်မားလာကြောင်း တွေ့ရသည်။ နို့ချိုတိုက်ကျွေးခြင်းမခံရသော ကလေးများသည် မသေပျောက်လျှင်လည်း ရောဂါအမျိုးမျိုး ထူပြော၍ ကြီးထွားမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေလေသည်။ ထို့အပြင် နောက်ထပ်ဆိုးရွားသည့် ပြဿနာတစ်ရပ်မှာ မိခင်နို့မစို့ရသောကလေးတို့၏ စိတ်ဓာတ်နှင့် အမူအကျင့်တို့သည် ခက်ထန်ရိုင်းစိုင်းနေတတ်ခြင်းပင်ဖြစ်သည်။ လူမှုဗေဒပညာရှင်များသည် အချိန်ကာလအစောပိုင်းကပင် ယင်းပြဿနာကို ကောင်းစွာသတိပြုမိခဲ့ကြသည်။ သားသမီးတို့က မိဘတို့အပေါ် တစ်စတစ်စအရိုအသေတန်လာကြခြင်းမှာ ငယ်စဉ်က မိခင်နို့ရည်ကို မသောက်သုံးခဲ့ရခြင်းကြောင့်ဟု သုံးသပ်ခဲ့ကြသည်။ ထို့ကြောင့် ကလေးငယ်ကို မိခင်နို့တိုက်ကျွေး မှုပျက်ယွင်းခဲ့ခြင်းသည် သားသမီးနှင့် မိဘအကြား ခိုင်မြဲမည့် မေတ္တာနှောင်ဖွဲ့မှုကို ပျက်ပြားစေပြီး မေတ္တာကရုဏာခေါင်းပါးသည့် လူ့အဖွဲ့အစည်းဆီသို့ ဦးတည်နေမည်ဖြစ်သည်။
မိခင်နို့ အောင်မြင်စွာ တိုက်ကျွေးရေးအဆင့် ၁၀ ဆင့်
ကျန်းမာရေးဝန်ကြီးဌာနသည် မိခင်နို့ တိုက်ကျွေးရေးဆိုင်ရာ မူဝါဒများချမှတ်၍ မိခင်နို့ အောင်မြင်စွာတိုက်ကျွေးရေးအဆင့် ၁၀ ဆင့်ကို မြှင့်တင်ပေးခဲ့သည်။ မိခင်နို့တိုက်ကျွေးရေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများ အောင်မြင်စေရန် မိခင်လောင်းများကို သင်တန်းအမျိုးမျိုး ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ ကိုယ်ဝန်ဆောင်မိခင်များ အသိပညာဗဟုသုတပြည့်ဝစေရန် စဉ်ဆက်မပြတ် လမ်းညွှန်ပေးလျက် မိခင်နို့စနစ်တကျတိုက်ကျွေးနိုင်ရေးအတွက် မိခင်နို့တိုက်ကျွေးရေးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းလှုပ်ရှားစေလျက်ရှိသည်။
ပြင်သစ်စစ်ဘုရင်ကြီး နပိုလီယံက “ကလေးငယ် တစ်ယောက်၏ အနာဂတ်ပန်းတိုင်သည် မိခင်တစ်ယောက်၏ ဗိသုကာလက်ရာဖြစ်၏။”ဟု ဆိုခဲ့သည်။ ထို့ကြောင့် မိခင်တို့သည် မည်မျှကြီးလေးသော တာဝန်ဝတ္တရားများကို များပြားစွာ ထမ်းဆောင်နေရပါစေ၊ မိမိတို့၏ ကလေးငယ်များကို အခက်အခဲများကြားမှပင် အချိန်ပေးကာ မေတ္တာ၊ ကရုဏာအပြည့်ဖြင့် နို့ချိုတိုက်ကျွေးသင့်ကြပါသည်။ သို့ဆိုလျှင် အာဟာရပြည့်ဝသော မေတ္တာကရုဏာ အပြည့်အဝရရှိသော ရင်သွေးငယ်များအဖြစ် မွေးဖွားကြီးပြင်းလာ၍ စွမ်းရည်ထက်မြက်မြင့်မားသည့် လူတော်လူကောင်းကလေးများ ဖြစ်လာကြပြီး မိခင်၏ ပုခက်လွှဲသောလက်သည် ကမ္ဘာကို စိုးမိုးနိုင်သည် ဆိုသည်မှာလည်း အမှန်ပင်ဖြစ်နေပေလိမ့်မည်။ ။
Source-Myawady Webportal