ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား
Posted_Date
Image
Body
လူ့လောကကြီးတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာပြီးသည့်အချိန်မှစ၍ လူသားတိုင်းတွင် လူသားတစ်ဦး၏ အခွင့်အရေး အပြည့်အဝရှိပေသည်။
လူသားတစ်ဦး၏ အခွင့်အရေးကို အတင်းအဓမ္မ ဖျက်ဆီးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့လူ့အခွင့်အရေး ချိုးဖောက်ခြင်းများထဲတွင် လူကုန်ကူးမှု နည်းလမ်းမှာ အဆိုးရွားဆုံးသော လုပ်ရပ်ပင်ဖြစ်ပေသည်။ လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲကိုယ်ချင်းစာတရား ကင်းမဲ့စွာပြုမူခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားတော်၌ပင် ရောင်းဝယ်ဖောက်ကားခြင်း မပြုအပ်သော အရာများတွင်လူကုန်ကူးမှုဟူသော ဇာတ်တူသားချင်း ရောင်းဝယ်ခြင်းကို မပြုအပ်ကြောင်း မိန့်ကြားတော်မူခဲ့ပေသည်။
ဇာတ်တူသားချင်းရောင်းဝယ် ဖောက်ကားသောလူကုန်ကူးမှုသည် မိမိအတွက်လည်း ဒုစရိုက်အကုသိုလ်ကိုဖြစ်စေသကဲ့သို့ သူတစ်ပါးကိုလည်း ဒုက္ခဆင်းရဲဖြစ်စေသည်ကို သတိပြုသင့်ကြပေသည်။
လူကုန်ကူးမှုဆိုသည်မှာ
လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် အခြားပုဂ္ဂိုလ်တစ်ဦးဦးကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန် အလို့ငှာခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုမူခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝခက်ခဲနေသော အခြေအနေကို အခွင့်ကောင်းယူ၍ အလွဲသုံးစားပြုခြင်း၊ ထိုသူအပေါ်ချုပ်ကိုင်သူ သို့မဟုတ် တစ်နည်းနည်း လွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေးပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ် တစ်စုံတစ်ရာပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း နည်းလမ်းများဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းတို့ပြုလုပ်ခြင်းကို ဆိုလိုသည်။
လူကုန်ကူးမှုပုံစံအမျိုးမျိုး
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပုံစံများတွင် အဓမ္မအလုပ်ခိုင်းစေမှု၊ အဓမ္မထိမ်းမြားမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းတို့အပြင် ကလေးသူငယ်များအား အဓမ္မတောင်းရမ်းခိုင်းခြင်း၊ အငှားကိုယ်ဝန်ဆောင်ခိုင်းခြင်း၊ ကျွန်ပြုခြင်း စသည့်လူကုန်ကူးမှု ပုံစံအသစ်များကို တွေ့ရှိလာရသည်။ တချို့သော လူကုန်ကူးမှုများသည် နှစ်ဦးနှစ်ဖက် သဘောတူ၍သော်လည်းကောင်း၊ အုပ်ထိန်းသူများ၏ သဘောတူမှုကြောင့်သော် လည်းကောင်း လူကုန်ကူးမှုကို အထမြောက်အောင်မြင်သွားသည့် ပုံစံမျိုးကိုလည်း တွေ့ရှိရပေသည်။
လူကုန်ကူးမှုပြဿနာသည် ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ်ကျေးကျွန်စနစ် အသွင်ဖြင့်ပြန်လည် ပေါ်ပေါက်လာသည့် ပြဿနာတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုလည်းဖြစ်သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ
လူကုန်ကူးမှုများသည် ပုံသဏ္ဌာန်နည်းလမ်းမျိုးစုံဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိပြီး လူကုန်ကူးမှု၏ဒဏ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခံနေရကြောင်းတွေ့ရှိရသည်။ ယနေ့နိုင်ငံအသီးသီး၌ လူကုန်ကူးခံရမှုများ မြင့်တက်လာခဲ့ပြီး ဖွံ့ဖြိုးမှုအားနည်းသော လူအုပ်စုများအကြား၌ ပိုမို၍ အန္တရာယ်ကြီးမားလာခဲ့သည်။ ၅၀ ရာခိုင်နှုန်းသော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြသည်။
ပြည်တွင်းလူကုန်ကူးမှုသည် ၁၉ ဒသမ ၆၈ ရာခိုင်နှုန်းသာရှိပြီး ၈၀ ဒသမ ၃၂ ရာခိုင်နှုန်းသည် ပြည်ပသို့လူကုန်ကူးမှုများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
လူကုန်ကူးခံရသူ ၅၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ မိမိတို့နိုင်ငံမှ အသက်ငယ်ရွယ်သည့် မိန်းကလေးများနှင့် အဓမ္မထိမ်းမြား လက်ထပ်ရန်အတွက် ပွဲစားများမှ စည်းရုံးခေါ်ဆောင်ခြင်း၊ အငှားကိုယ်ဝန်ဆောင်စေခြင်း၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ ငါးဖမ်းစက်လှေများနှင့် ကျားဖောင်လုပ်ငန်းများတွင် အဓမ္မလုပ်အား ခေါင်းပုံဖြတ်ခိုင်းစေခြင်း၊ ဘဝရပ်တည်ရန်ခက်ခဲသူများအပေါ် ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ SocialMedia ကို အသုံးပြု၍ စည်းရုံးခေါ်ဆောင် ရောင်းစားခြင်းစသည့် လူကုန်ကူးမှုပုံစံများ ဖြစ်ပွားနေကြောင်း တွေ့ရှိရပါသည်။ အဓမ္မစေခိုင်းမှု မှုခင်းများသည် ၆၁ ဒသမ ၁၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အဓမ္မပြည့်တန်ဆာအဖြစ် စေခိုင်းမှု ၂၂ ဒသမ ၂၂ရာခိုင်နှုန်းရှိကာ အဓမ္မလက်ထပ်မှု ၁၁ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် အဓမ္မမွေးစားမှု ၅ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်ချက်
မြန်မာနိုင်ငံသည် လူကုန်ကူးမှုပုံစံ အမျိုးမျိုးကို ပြစ်မှုအဖြစ်ပြဋ္ဌာန်း၍ ၁၉၉၇ ခုနှစ်ကတည်းကပင် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တားဆီးကာကွယ်ခဲ့သည်။ လူကုန်ကူးမှု မှုခင်းများ တားဆီးကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှုမှုခင်းများအား တရားစွဲဆိုရေး လုပ်ငန်းများကို ငါးနှစ်စီမံကိန်းများ ရေးဆွဲ၍ နှစ်အလိုက်စီမံချက်များချမှတ်ကာ ဟန်ချက်ညီ ဆောင်ရွက်လျက်ရှိသည်။
လူကုန်ကူးမှုတားဆီး ကာကွယ်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ်မှစတင်၍ နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ နှစ်စဉ်ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါပျံ့နှံ့လာမှုများကြောင့် အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပနိုင်ခဲ့ခြင်း မရှိသော်လည်း လူကုန်ကူးမှုအန္တရာယ် အသိပညာပေးခြင်း လုပ်ငန်းများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Online Campaign များကို ကျင်းပနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည်လူကုန်ကူးမှု မှုခင်းများ တိုက်ဖျက်ရေး အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေကို ခေတ်စနစ်နှင့် အညီဖြစ်စေရန် ပြင်ဆင်၍ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေအဖြစ် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် လူကုန်ကူးမှုကြိုတင် ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှု မှုခင်းများအား တရားစွဲဆိုရေး လုပ်ငန်းများကို (၅) နှစ်စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ကို ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းများဆိုင်ရာ စာမျက်နှာကုလသမဂ္ဂ ကွန်ဗင်းရှင်းအပါအဝင် နောက်ဆက်တွဲစာချုပ်များဖြစ်သည့် အမျိုးသမီးများနှင့် ကလေးသူငယ်များအား အထူးပြုသည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နောက်ဆက်တွဲစာချုပ်နှင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းအသုံးပြုပြီး ရွှေ့ပြောင်းနေထိုင်သူများအား မှောင်ခိုပို့ဆောင်ခြင်း ကျူးလွန်သည့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းအားတိုက်ဖျက်ရေး နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မဲခေါင်ဒေသတွင်းခြောက်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး စီမံကိန်း၊ လူကုန်ကူးမှုတိုက်ဖျက်ခြင်းဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း၊ မြန်မာ-တရုတ်/မြန်မာ-ထိုင်း/မြန်မာ-လာအို/မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုး၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
IT နည်းလမ်းဖွံ့ဖြိုး တိုးတက်လာမှုအပေါ် လူကုန်ကူးမှုကျူးလွန်သူများက အမြတ်ထုတ် အသုံးချနေမှုများကလည်း တားဆီးနှိမ်နင်းရေး ကဏ္ဍများအတွက် စိန်ခေါ်မှုများစွာဖြစ်ပေါ်လျက်ရှိသည်။
အရွယ်ရောက်သူများသာမက ကလေးသူငယ်များကိုပါ လူကုန်ကူးမှုပြုလာကြသည်။ အနာဂတ်မျိုးဆက်များ ပျက်သုဉ်းမှုကိုပါ ဦးတည်လာကြသည်။
ထို့ကြောင့် လူကုန်ကူးမှုကာကွယ် တိုက်ဖျက်ရေးတွင် ပြည်သူများအနေဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်လျက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်(၄) ရပ်ဖြစ်သော လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်တို့ကို အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။ ။
Source- Myawady Webportal