မြန်မာ့ပုလင်းပန်းချီအကြောင်းတစေ့တစောင်း
Posted_Date
Image
Body
ပန်းချီပညာကိုလက်မှု အနုပညာတစ်မျိုးဟုပင် ဆိုရမည်ဖြစ်သည်။ ပန်းချီအနုပညာ လုပ်ငန်းတွင် ပုံစံအမျိုးမျိုးရှိသည်။ ခဲပန်းချီ၊ အရောင်အသွေးစုံသည့် ဆေးများဖြင့် ရေးဆွဲထားလျှင် ဆေးပန်းချီ၊ ယွန်းထည်ပစ္စည်းများ အပေါ်မှာ ရေးဆွဲထားသည်ကို ယွန်းပန်းချီဟုခေါ်ကြသည်။
ထိုပန်းချီဆွဲပုံအမျိုးမျိုးအနက်မှ ကွဲထွက်လာသောပန်းချီအနုပညာ တစ်မျိုးလည်းရှိသည်။ ယင်းကား ပုလင်းပန်းချီဖြစ်ပြီး ပုလင်းပန်းချီသည်လည်း ဆေးရောင်စုံဖြင့် ရေးဆွဲသောပန်းချီဖြစ်သဖြင့် ဆေးပန်းချီပင် ဖြစ်သည်။ ပုလင်းပန်းချီကိုအဓိပ္ပာယ်ဖွင့်လျှင် ပုလင်းထဲမှာရေးဆွဲသောကြောင့် ပုလင်းပန်းချီဟုခေါ်ခြင်း ဖြစ်သည်။ ပန်းချီပညာဟူသည် သက်ရှိသက်မဲ့များကို ဆေးရောင်စုံဖြင့် စနစ်တကျ အသက်ဝင်အောင် ရေးဆွဲသော ပညာရပ်ဖြစ်သည်။
အခြားသော ပန်းချီဆွဲကားချပ်များပေါ်တွင် လည်းကောင်း၊ ပုလင်း၏ အပြင်ဘက်တွင်လည်းကောင်း ရေးဆွဲခြင်းသည် လွယ်ကူသော်လည်း ပုလင်းအတွင်းမှာ ပန်းချီရေးဆွဲခြင်းသည် မည်မျှခက်ခဲမည်ကို တွေးကြည့်ကသိနိုင်သည်။ ပုလင်းပန်းချီသည် ရှေးယခင်က စာရေးသူတို့နိုင်ငံမှာ မပေါ်ပေါက်သေးပါ။ ပုလင်းပန်းချီ စတင်ပေါ်ပေါက် လာသည်မှာမကြာသေးပါ။
ပုလင်းပန်းချီစတင်ပေါ်ပေါက်ချိန်က စာရေးသူတို့နိုင်ငံမှာ ရေးဆွဲသူတစ်ဦးတည်းရှိသည်ဟုသိရသည်။ ထိုပုဂ္ဂိုလ်မှာ"ပန်းချီဦးညိုလေး"ဖြစ်သည်။ ဇာတိက ကျောက်ဆည်ခရိုင် မင်းစုရွာဖြစ်သည်။ ပုလင်းပန်းချီသည် တရုတ်ပြည်က စသည်ဟုဆိုရပေမည်။ အကြောင်းမှာ ဆရာမစောမုံညင်း၏ဆောင်းပါးမှာ ယခုလိုဖော်ပြ ထားသည်ကို တွေ့ရသည်။ ၁၉၅၈ ခုနှစ်က တရုတ်ပြည်က အပြန်ပုလင်းပန်းချီနှစ်လုံးဝယ်ပြီး တစ်လုံးကို ပန်းချီအောင်စိုးကို ပေးလိုက်သည်။
တစ်လုံးကိုမည်သူ့ကို ပေးလိုက်ကြောင်း မမှတ်မိဟုဆိုသည်။ အဆိုပါ ပုလင်းပန်းချီ အကြောင်းကို ၁၉၆၄ ခုနှစ်က ယဉ်ကျေးမှုစာစောင်မှာ "ပုလင်းပန်းချီ" ခေါင်းစဉ်နှင့် ဆောင်းပါးရေးခဲ့သည်ဟု ဆိုသည်။
ယခင်ပုလင်းပန်းချီပညာရှင် ဦးညိုလေးက ဆရာမစောမုံညင်း၏ ပုလင်းပန်းချီဆောင်းပါးကို လေ့လာပြီး လေ့ကျင့်လိုက်တာ နောက်အနှစ် ၂၀လောက်ကြာတော့ ပုလင်းပန်းချီအောင်မြင်ကြောင်း စာပို့အကြောင်းကြားပြီး ပုလင်းပန်းချီ သုံးလုံးကိုလည်း လူကြုံနှင့်ပို့ပေးလိုက်သည်ဟု ဆောင်းပါးမှာ ဖော်ပြထားသည်။
ပုလင်းပန်းချီရေးခြင်းသည် အခြားသော ပန်းချီကားချပ်များနှင့်မတူပေ။ ထူးခြားချက်များရှိသည်။ ထိုထူးခြားချက်များမှာ-
(၁)ကျစ်လျစ်မှုရှိခြင်း၊
(၂)သယ်ယူသိမ်းဆည်းရာတွင်လွယ်ကူခြင်း၊
(၃)ဆေးရောင်မမှိန်ခြင်း၊
(၄)ဆီဆေးတစ်မျိုးတည်းသာအသုံးပြုရေးဆွဲရခြင်း၊
(၅)စွန့်ပစ်ပုလင်း သို့မဟုတ် ရေးဆွဲမည့်ပုလင်းသည် စျေးမများခြင်းတို့ဖြစ်သည်။
ထိုကဲ့သို့ အားသာချက်များရှိသလို အားနည်းချက်တစ်ခုလည်းရှိသည်။ ဤကားအလွယ်တကူ ကျကွဲနိုင်ခြင်းပင် ဖြစ်သည်။ ပုလင်းပန်းချီများသည် အခြားသော ပန်းချီကားများကဲ့သို့ နေရာများများ မပေးရပေ။ အခြားပန်းချီကား များဆိုလျှင် ပြင်ပလေနှင့်ထိတွေ့၍ အရောင်မှိန်သည့်သဘောရှိသည်။ ပုလင်းပန်းချီသည် ပုလင်းအတွင်းမှာ ရှိသည့်အတွက် အရောင်မှိန်ခြင်း မရှိပေ။
ပုလင်းပန်းချီရေးဆွဲရာတွင် ပုလင်း၏အတွင်းဘက်သို့ စုတ်တံထည့်၍ ရေးဆွဲရသည်။ ထိုသို့ရေးဆွဲရာတွင် ကားချပ်ပေါ်မှာ ရေးဆွဲသကဲ့သို့ မျက်နှာချင်းဆိုင်ရေးဆွဲခြင်းမျိုး မဟုတ်ပေ။ ထို့ပြင်စုတ်တံကို မူလအတိုင်းဆေးတို့၍ ရေးဆွဲခြင်းလည်း မဟုတ်ပါ။ ပုလင်းအတွင်းရေးဆွဲရာတွင် ပုလင်းအပြင်က ကြည့်လျှင် အတည့်မြင်စေရန် ပုလင်းအတွင်းမှာ ပြောင်းပြန်ရေးဆွဲရပြီး စုတ်တံကို အဖျားကောက်ရေးဆွဲရသည်ဟု စာရေးသူကြားဖူးသည်။ ပုလင်းပန်းချီအတွက် ဆီဆေးတစ်မျိုးသာအသုံးပြုရသည်ဟုသိရသည်။ သင်္ဘောဆေးဖြင့် ရေးဆွဲပါက အပူရှိန်ပြင်းထန်လာလျှင် ပုလင်းအတွင်းရှိလေသည် ပြင်ပလေထက်ပိုပူလာပြီး သင်္ဘောဆေးများ ကြွလာသည်ဟုဆိုသည်။ ပုလင်းပန်းချီအတွက် မြန်မာစုတ်တံကိုသာ အသုံးပြုကြသည်။ အဆိုပါစုတ်တံများကို တည့်ကွေး၊ ယောင်ယောင်ကွေးစသည်ဖြင့် မိမိရေးဆွဲရန် အဆင်ပြေအောင် ကိုယ်တိုင် ဖန်တီးယူကြရသည်။ စုတ်တံအထူးအပါးအတွက်ကော်ဖတ်စားခြင်း၊ စုတ်တံထိပ်မွေးများကို မိမိအလိုရှိသည့် အနေအထားရရှိစေရန် မီးဖြင့်လိုအပ်သလိုတို့ ညှိပေးခြင်း၊ စုတ်တံထိပ်လုံးအောင်လည်း ပြုလုပ်ပေးရသည်။
ပုလင်းပန်းချီရေးဆွဲရန်အတွက် စွန့်ပစ်ပုလင်းများကို သန့်ရှင်းရေးပြုလုပ်၍ ပြန်လည်အသုံးပြုလေ့ရှိသည်။ ပုလင်းပန်းချီအတွက် ပုလင်းအကြီးကို အသုံးပြုမှုနည်းပြီး ပုလင်းအသေးများကိုသာ အသုံးပြုကြသည်။
စာရေးသူတို့နိုင်ငံတွင် ပုလင်းပန်းချီဆရာ ဦးညိုလေးနောက်တွင် ပုလင်းပန်းချီရေးဆွဲသူမှာ ပုလင်းပန်းချီ ဆရာယောနသံဟု သိရသည်။
ဆရာယောနသံ၏ လက်ဦးဆရာသည် ပန်းချီဦးညိုလေးဖြစ်သည်။ ဆရာယောနသံသည် ပုလင်းပန်းချီရေး ဆွဲနည်းကို ဆရာဦးညိုလေးထံမှ သင်ယူခဲ့သည်။ ဆရာယောနသံသည် ပုလင်းပန်းချီကို ၁၉၉၆ ခုနှစ်ခန့်က စတင်ရေးဆွဲခဲ့ပြီး ယင်းလက်ရာများမှာ ညောင်ဦးမြို့တွင်ရှိသည်။
ထို့ကြောင့်ပုလင်းပန်းချီသည် ပန်းချီရေးဆွဲနည်းများစွာအနက် ရှားပါးသော ရေးဆွဲနည်းတစ်မျိုးပင် ဖြစ်သည်။
ပုလင်းပန်းချီသည် အဝကျဉ်းပုလင်းထဲသို့ စုတ်တံထည့်၍ အကွေး၊ အညွန့်၊ အနွဲ့၊ မျဉ်းကွေး၊မျဉ်းကောက်၊ မျဉ်းဖြောင့်၊ မျဉ်းယိုင်၊ မတ်မျဉ်းစသည်တို့ဖြင့် ရေးဆွဲရသဖြင့် ခက်ခဲလွန်းလှသည်။ ပုလင်းပန်းချီရေးဆွဲရန် အောက်လိုင်းရေးဆွဲခြင်းပင်တစ်ပတ်ခန့်ကြာသည်။
ဆေးကိုလည်း တစ်ရောင်ပြီးမှ တစ်ရောင်ခြယ်ရသည်။ အရောင်တစ်မျိုးစီကို သုံးထပ်ရောင်ပြန်ခြယ်ရသည်။ ပုလင်းအပြည့် နောက်ခံဆေးခြယ်မည်ဆိုလျှင် နောက်ခံရောင်ကို ဆေးတစ်ထပ်သာလိုက်သည်။ သို့သော်နောက်ခံ ဆေးအပြည့်ကို လူကြိုက်နည်းသောကြောင့်ဖြစ်သည်။
ထိုသို့လူကြိုက်နည်းရခြင်းမှာ ပုလင်းအတွင်းဆေးများ ပြည့်နေပြီး ဆေးရောင်များဖြင့် ရှုပ်နေသောကြောင့် ဖြစ်သည်။ နောက်ခံဆေးမတင်ပါက မူလပုလင်းအကြည်ပေါ်တွင် ရေးဆွဲသဖြင့် ရေးဆွဲထားသောပုံကို ပိုပေါ်စေသည်။ ကြည့်ရသည်မှာလည်းရှင်းသည်။ ယခုအခါဆီဆေးအပြင် ရွှေမင်တွေကိုပါ သုံးလာကြသည်။
ပုလင်းပန်းချီပုံများကို အများအားဖြင့်မြန်မာ့ရိုးရာပုံများ၊ ရွှေစွန်ညိုပုံ၊ မြန်မာ့ယဉ်ကျေးမှုနှင့် သက်ဆိုင်သော ပုံများနှင့် လောကနတ်ပုံများကို ရေးဆွဲသလို ဘာသာယဉ်ကျေးမှုအတွက် ဆွမ်းခံထွက်နေသော ကိုရင်ပုံများနှင့် ပျိုမေများရေခပ်ဆင်းရန် ရေအိုးရွက်လာသောပုံများကို ရေးဆွဲလေ့ရှိကြသည်။ ထို့ပြင် ဆင်ပုံ၊ မြင်းပုံ၊ ဘုန်းတော်ကြီးကျောင်းပုံ မင်းသားပုံများ၊ ပန်းပွင့်ပုံများ၊ ဝါးပင်နှင့် ပန်းနွယ်ပန်းခက်ပုံများကိုလည်း ရေးဆွဲလေ့ရှိကြသည်။ ပုလင်းပန်းချီတစ်လုံး၏ တန်ဖိုးက ကြီးလှသည်ဟု ဆိုသည်။ နိုင်ငံခြားသားများက စျေးကြီးပေးဝယ်ကြသည်ဟု သိရသည်။ ဇာတ်တော်တွေကိုလည်း မှီငြမ်းရေးဆွဲလေ့ရှိသည်။ ပဉ္စဝဂ္ဂီငါးဦးတရားနာယူနေပုံ၊ ရာမလေးတော်တင်ခန်းပုံစသည့် ပုံများကိုလည်း ရေးဆွဲလေ့ရှိကြကြောင်း ရေးသားတင်ပြလိုက်ပါသည်။
Source-www.moi.gov.mm