အရှေ့ဥရောပသည် တန်ကြေး မည်မျှဖြင့် ထရမ့်အပေါ် လောင်းကြေးထပ်နေကြသနည်း?

Posted_Date

Image

အရှေ့ဥရောပသည် တန်ကြေး မည်မျှဖြင့် ထရမ့်အပေါ် လောင်းကြေးထပ်နေကြသနည်း?

Body

ဒေါ်နယ်ထရမ့်၏ ဂုဏ်သတင်းသည် အမေရိကန်နိုင်ငံတွင်း၌ ကျဆင်းနေသော်လည်း အရှေ့ ဥရောပတွင်မူ ၎င်း၏အမှတ်အသားသည် ထူးခြားစွာ ခိုင်မာနေဆဲဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ထရမ့်ကို နှစ်သက်သူ လက်ယာစွန်းဝါဒီ ဂျော့ဂျ် ဆီမီယွန်သည် ရိုမေးနီးယား သမ္မတရွေးကောက်ပွဲ ပထမအဆင့်တွင် မဲအရေအတွက် ၄၀ ရာခိုင်နှုန်းကျော်ဖြင့် ထိပ်ဆုံးရောက် ခဲ့ပြီး သမ္မတရာထူးရရှိရန် အလားအလာကောင်းနေသည်။ ထရမ့်၏ “အမေရိကန်ကို နောက်တစ်ဖန် ကြီးကျယ်မြင့်မားလာအောင် လုပ်ဆောင်မည်” (Make America Great Again) ကတိစကားကို အတုယူကာ ဆီမီယွန်က “ရိုမေးနီးယားပြည်သူများထံမှ ယူငင်သွားသည်များကို ပြန်ပေးမည်” (Give back to the Romanian people what was taken from them) ဟု ကတိပြုထားသည်။ ထရမ့်ကို နှစ်သက်သူမှာ ၎င်းတစ်ဦးတည်းမဟုတ်ပေ။

အိမ်နီးချင်းဟန်ဂေရီနိုင်ငံတွင် ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်သည် ထရမ့်၏ ဥရောပဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ပွင့်ပွင့်လင်းလင်း ရပ်တည်နေသည်။ ဤဒေသတွင် ထရမ့်ကမ္ဘာ၏ ဩဇာ လွှမ်းမိုးမှုနယ်ပယ်သည် နိုင်ငံရေးထက်ပင် ကျော်လွန်နေသည်။ ထရမ့်၏ သားမက် ဂျရတ် ကူရှ်နာ သည် ဘဲလ်ဂရိတ် မြို့လယ်တွင် အခြေစိုက်၍ အိမ်ခြံမြေလုပ်ငန်းတစ်ခုကို ဦးဆောင်လျက်ရှိပြီးသားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာမှာလည်း လွန်ခဲ့သော လအနည်းငယ်အတွင်း ဆားဘီးယား၊ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယား နိုင်ငံများသို့ ဒုတိယအကြိမ်ခရီးစဉ်သွားရောက်ခဲ့ကာ ထရမ့် မိသားစုနှင့် ဆက်ဆံရေး တည်ဆောက်လိုသော နိုင်ငံရေးသမားများ၊ စီးပွားရေး အထက်တန်းလွှာများနှင့် ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။

အရှေ့ဥရောပ၏ “အမေရိကန်သာ ပထမ” ဟူသည့် သမ္မတထရမ့်အပေါ် နှစ်ခြိုက်မှုသည် အတွေးအခေါ်ဆိုင်ရာကိုက်ညီမှုနှင့် ပြတ်သား၍လက်တွေ့ဆန်သောဝါဒတို့ကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ Make America Great Again (MAGA) ၏ သတင်းစကားသည် ကွန်မြူနစ်ခေတ်လွန် နိုင်ငံများတွင် ကျယ်ပြန့်စွာပဲ့တင်သံထပ်နေသည်။ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမတိုင်မီက Gallup ၏ စစ်တမ်းအရ ဘူလ်ဂေးရီးယားနှင့် ဟန်ဂေရီနိုင်ငံမှ ၄၉% နှင့် ဆားဘီးယားနိုင်ငံမှ ၅၉% သော စစ်တမ်းဖြေကြားသူများသည် ကင်မလာ ဟဲရစ်ထက် ထရမ့်ကို ပိုမိုနှစ်သက်ကြကြောင်း ဖော်ပြခဲ့သည်။ ထိုအချက်သည် တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။ အရှေ့ဂျာမနီမှ Alternative for Germany (AfD) ပါတီထောက်ခံသူများမှစ၍ တဘီလီစီမြို့တော်ရှိ Georgian Dream အစိုးရပါတီ အထိ အဆိုပါဒေသတွင်းရှိ လစ်ဘရယ်ဒီမိုကရေစီဆန့်ကျင်ရေးအစုအဖွဲ့များသည် လစ်ဘရယ်ဒီမိုကရေစီ သဘောတူညီချက်ကို ဆန့်ကျင်လျက်ရှိသည်။ LGBTQ အခွင့်အရေး၊ လူမျိုးရေး၊ ကျား/မတန်းတူမှု၊ ယဉ်ကျေးမှုပေါင်းစုံမှု၊ ကာကွယ်ဆေးနှင့် ယူကရိန်းအရေးကိစ္စများအပေါ် ၎င်းတို့၏ အမြင်များသည် ထရမ့်၏ အခြေခံသဘောတရားများနှင့် တူညီနေသည်။ ထရမ့်အနေဖြင့် ဗလာဒီမာ ပူတင်နှင့် ရင်းနှီးမှုသည် ဆားဘီးယားကဲ့သို့သော ရုရှားနှင့်မိတ်ဖက်နိုင်ငံများတွင် ပိုမိုဆွဲဆောင်နိုင်စေခဲ့သည်။

ထို့အပြင် နိုင်ငံတကာဆက်နွှယ်မှုရှုထောင့်လည်း ပါဝင်နေသည်။ အမေရိကန်နိုင်ငံရှိ အရှေ့ ဥရောပမှ ရွှေ့ပြောင်းနေထိုင်သူအများစုသည် လူမှုရေးရာရှေးရိုးစွဲဝါဒ သို့မဟုတ် အခြားလူမျိုးစုများနှင့် ယှဉ်ပြိုင် လိုမှုတို့ကြောင့် ထရမ့်ကို ပိုမိုထောက်ခံလေ့ရှိကြသည်။ အနောက်ဥရောပရှိ အလားတူ ပုဂ္ဂိုလ်များ သည်လည်း ၎င်းတို့မကြာခဏပြက်ရယ်ပြုလေ့ရှိသော နယ်စည်းမခြားမူဝါဒများမှ အကျိုးခံစားနေကြချိန်တွင် အလားတူသဘောထားမျိုးရှိကြသည်။ မကြာသေးမီက ရိုမေးနီးယား ရွေးကောက်ပွဲ တွင် ဥရောပသမဂ္ဂနှင့်ယူကေတို့တွင်နေထိုင်သော ရိုမေးနီးယားနိုင်ငံသား ၆၀% သည် ဆီမီယွန်ကို မဲပေးခဲ့ကြသည်။ ၎င်းတို့အနက်မှ များစွာသည် ယခင်က အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က မြူးနစ်လုံခြုံရေးညီလာခံတွင် လူသိရှင်ကြားကာကွယ်ပေးခဲ့သော လက်ယာစွန်းဝါဒီ ကာလင်း ဂျော့ဂျက် စကူကို ထောက်ခံခဲ့ကြသူများဖြစ်သည်။

ပြည်တွင်း၌ အထက်တန်းလွှာအများစုသည် ထရမ့်အား စွမ်းဆောင်နိုင်စွမ်းရှိသူအဖြစ် ရှုမြင်ကြသည်။ အကျင့်ပျက်ခြစားမှုများနှင့် ဒီမိုကရေစီဆုတ်ယုတ်မှုများကို လျစ်လျူရှုပေးမည့် ဝါရှင်တန်မှ အာဏာရှိသူတစ်ဦးသည် ပြည်တွင်း၌ရော နိုင်ငံတကာတွင်ပါ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေ နိုင်သည်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒသည် ထရမ့်အဖွဲ့အစည်း၏ စီးပွားရေး အစီအစဉ်နှင့် ခွဲခြားမရဖြစ်လာနိုင်သည့် အလားအလာသည် အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေးကဲ့သို့သော မရေရာသည့်ကဏ္ဍများနှင့် ပြည့်နှက်နေသည့် အဆိုပါဒေသအတွက် ဆွဲဆောင်မှု ရှိနေသည်။ မကြာသေးမီက အရေးပါသည့် အမေရိကန်-ယူကရိန်း သတ္တုတူးဖော်ရေး သဘောတူညီချက်သည် လုပ်ငန်းအလိုက်ဆက်ဆံမှုကို ဦးစားပေးသည့် အိမ်ဖြူတော်နှင့် ရင်းနှီးမှု ရယူရန် နမူနာပုံစံတစ်ခုအဖြစ် ရှုမြင်ကြသည်။

ဤဆက်ဆံရေးသည် ယခု၌ပင် အကျိုးအမြတ်များ ရရှိနေပြီဖြစ်သည်။ ဧပြီလက ထရမ့် အစိုးရအဖွဲ့သည် အော်ဘန်နှင့်နီးစပ်သူ အန်တယ် ရိုဂန်အပေါ် ဘိုင်ဒင်အစိုးရလက်ထက်က Global Magnitsky အက်ဥပဒေအရ ချမှတ်ခဲ့သော ဒဏ်ခတ်မှုများကို ပယ်ဖျက်ခဲ့သည်။ အဆိုပါ လုပ်ရပ်သည် အခြားနေရာများတွင်လည်း မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေခဲ့သည်။ ဥပမာအားဖြင့် ဘူလ်ဂေးရီးယားတွင် Magnitsky ဒဏ်ခတ်မှုခံထားရသော စီးပွားရေးသူဌေးကြီးနှင့် နိုင်ငံရေးဩဇာရှိသူ ဒယ်ယန် ပိဗ်စကီးသည်လည်း အလားတူ ကင်းလွတ်ခွင့်ရရှိရန် စောင့်ကြည့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် အရှေ့ဥရောပ၏ ထရမ့်အပေါ်နှစ်ခြိုက်မှုသည် ထိခိုက်လွယ်သည့် အခြေအနေမျိုးဖြစ်သည်။ ထင်ရှားသည်မှာ ထရမ့်၏ အမျိုးသားအကျိုးစီးပွားဝါဒသည် ၎င်းနှင့်အတွေးအခေါ်တူမိတ်ဖက်နိုင်ငံများ၏ စီးပွားရေးစနစ်များကိုပင် အားနည်းသွားစေနိုင်ခြေရှိသည်။ မော်တော်ကားတင်ပို့မှု အပေါ် အလွန်အမင်းမှီခိုနေရသော ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့သည် အမေရိကန်က ချမှတ်မည့် အကောက်ခွန်မူဝါဒကြောင့် ထိခိုက်နိုင်သည်။ ဆလိုဗက်ကီးယားနိုင်ငံ၏ မော်တော်ကား လုပ်ငန်းတစ်ခုတည်းကပင် နိုင်ငံ၏တင်ပို့မှု၏ ၃၀% နီးပါးရှိပြီး အလုပ်သမား ၁၀% ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားသည်။ ၁၀% သာရှိသော အကောက်ခွန်ကပင် ဗဟိုဥရောပဒေသ၏ စက်မှုဇုန်များရှိ အလုပ်အကိုင်များစွာကို ပြုန်းတီးသွားစေနိုင်သည်။

ထိုသို့သော စီးပွားရေးဆိုးကျိုးများသည် နိုင်ငံရေးအရ ပြင်းထန်သော သက်ရောက်မှုများဖြစ်ပေါ် စေနိုင်သည်။ ချက်သမ္မတနိုင်ငံတွင် ထရမ့်နှင့်အလားတူ စီးပွားရေးလုပ်ငန်းရှင် အန်ဒရေး ဘာဘစ် သည် အစိုးရကို အားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် ဟန်ဂေရီနိုင်ငံတွင်မူ အော်ဘန် သည် လာမည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ပီတာမက်ဂျာထံမှ ကြီးမားသော စိန်ခေါ်မှု များကို ရင်ဆိုင်နေရသည်။ ဆလိုဗက်ကီးယားတွင် ရောဘတ်ဖီကိုအစိုးရသည် မဲအရေအတွက် အနည်းငယ်မျှအသာဖြင့် အုပ်ချုပ်နေရပြီး ကန့်ကွက်သူများ တိုးပွားလျက်ရှိရာ ကာလကြာရှည် အုပ်ချုပ်ရန် မရေရာလှပေ။

ထရမ့်ဝါဒသည် ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ရှိ လက်ယာစွန်းအင်အားစုများအတွက် ဝန်ထုတ် ဝန်ပိုးဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ အရှေ့ဥရောပသည် ဤဝါဒကို ပိုမိုလက်ခံနေဆဲဖြစ်သော်လည်း ဥရောပသမဂ္ဂ၊ လစ်ဘရယ်တန်ဖိုးများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ပေါင်းစည်းမှုတို့ကိုဆန့်ကျင်သည့်လှုပ်ရှားမှုနှင့် အလွန်အမင်းပါဝင်ပတ်သက်နေခြင်း၏ အန္တရာယ်မှ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

MAGA တော်လှန်ရေးသည် ဘူခါရက်စ်နှင့် ဘဲလ်ဂရိတ်မြို့များရှိ အများစုကို ဆက်လက် လှုံ့ဆော်နိုင်ဦးမည်ဖြစ်သော်လည်း ယင်း၏ဝိရောဓိအခြေအနေများသည် ယင်းကိုလက်ခံသူများအား အလွယ်တကူပင် ဒုက္ခရောက်စေနိုင်မည်ဖြစ်ပေသည်။

Source - https://www.aljazeera.com/opinions/2025/5/7/eastern-europe-bets-on-trump-but-at-what-cost

Aljazeera တွင် စာရေးသူ Dimitar Bechev ရေးသားထားသည့် “Eastern Europe bets on Trump – but at what cost?” အတွေးအမြင်ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက- ၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။