ယခုနှစ် V-Day က ဥရောပ- ရုရှား အားပြိုင်မှုလား

Posted_Date

Image

ယခုနှစ် V-Day က ဥရောပ- ရုရှား အားပြိုင်မှုလား

Body

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌  ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့်အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ V-Day ဟု လူအများ က အတိုကောက်ခေါ်ဝေါ်ကြသည့် မေလ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် ပွဲတော်ကို တစ်ကမ္ဘာလုံးက အထူးအာရုံစိုက်နေကြပါသည်။ ဥရောပအခင်းအကျင်းများအရ အဆိုပါအခမ်းအနားမှာ ယခင်နှစ်များထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းနေပါသည်။ အကြောင်းအရင်းမှာ အမေရိကန်တွင် ဒေါ်နယ်ထရမ့် တက်လာ ပြီးနောက် ယူကရိန်းအရေးနှင့်ပတ်သက်၍ အနောက်ဥရောပနိုင်ငံများ၏ ရုရှားအပေါ်  အရေးယူဖိအားပေးမှုမှာပြောင်ကျကျတိုးမြှင့်လာမှုအပေါ် မီးမောင်းထိုးပြနေခြင်းကြောင့်ဟု ဆိုရပေမည်။ ရက်နီးကပ်လာသည် နှင့်အမျှ  မေ ၉ အခမ်းအနားကို တက်ရောက်ခြင်းမပြုကြရန်ကိုလည်း ဥရောပနိုင်ငံများက ဥရောပနိုင်ငံငယ် များကို ချော့တစ်လှည့်၊ ခြောက်တစ်ဖုံ   ပြောဆိုနေကြပါသည်။

ယခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံခြားရေးထောက်လှမ်းရေး ဝန်ဆောင်မှု (SVR) ကလည်း မေလ ၉ ရက် တွင် ပြုလုပ်မည့် နာဇီဂျာမနီကို အောင်ပွဲခံသည့် နှစ် (၈၀) ပြည့်မြောက်သော ယခုအခမ်းအနားနှင့် ပတ်သက်၍ ဥရောပခေါင်းဆောင်များ၏ အဓိပ္ပာယ်မရှိသော သဘောထားနှင့်လုပ်ရပ်များကို အပြင်းအထန် ဝေဖန်လိုက်ကာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာထားပါသည်။ 

SVR ထုတ်ပြန်ချက်အရ အချို့သော ဥရောပခေါင်းဆောင်များသည် ယူကရိန်းသမ္မတ ဇီလန်စကီး၏ ဖိတ်ကြားချက်ကို လက်ခံကာ မေလ ၉ ရက်တွင် ကိယက်မြို့သို့ သွားရောက်ကြမည်ဟု သိရပါသည်။ ယင်းသို့ သွားရောက်ခြင်းမှာ မော်စကိုရှိ V-Day အခမ်းအနားကို ပြိုင်ဆိုင်ခြင်းဟု ရုရှားက ရှုမြင်ထားပြီး ဥရောပ၏ စိတ်ခြောက်ခြားသည့် လှည့်ကွက်များဟု SVR က ရှုတ်ချပြောကြားလိုက်ပါသည်။

တစ်ဖန် ဥရောပသမဂ္ဂ၏ ရာထူးအမြင့်ဆုံး နိုင်ငံခြားရေးကိုယ်စားလှယ် Kaja Kallas  က မေလ ၉ ရက် V-Day အခမ်းအနားတက်ရောက်မည့် ဥရောပခေါင်းဆောင်များအား အရေးယူမည်ဟု သတိပေးခဲ့ပါသည်။သို့သော် မည်သို့အရေးယူမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းမရှိချေ။ ထို့ပြင် ဥရောပ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းသို့ မကြာခဏ သွားရောက်ပေးကြရန်၊ လိုအပ်သည့် စစ်ရေး အကူအညီ အထောက်အပံ့များ ဖြည့်ဆည်းပေးကြရန်   Kallas က တိုက်တွန်းထားပါသည်။  ဂျာမနီအစိုးရကလည်း ရုရှားနှင့် ဘယ်လာရုစ်သံတမန်များအား နာဇီဆန့်ကျင်ရေးအခမ်းအနားများသို့ တက်ရောက်ခွင့်ကို ပြောင်ပြောင်တင်းတင်း တားမြစ်ပိတ်ပင်သတိပေးထားပါသည်။

ယူကရိန်းသမ္မတဇီလန်စကီးကလည်း “V-Day အခမ်းအနားတက်ရောက်သူ ငါ့ရန်သူ” ဟု ကြွေးကြော် ထားပြီး ပွဲတော်ရက်နီးကပ်လာသည်နှင့်အမျှ ရုရှားဒေသများကို အရှိန်မြှင့်တင် တိုက်ခိုက်နေရုံသာမက မြို့တော် မော်စကိုရှိ လေဆိပ်များ၊ အဆောက်အအုံများကို မောင်းသူမဲ့ဒရုန်းများဖြင့် တိုက်ခိုက်ကာ အသည်းအသန် ခြိမ်းခြောက်လျက်ရှိနေပါသည်။

တစ်ဖက်တွင်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၅ ခုနှစ် မေလ ၉ ရက် တွင် မော်စကိုရှိ ရင်ပြင်နီ၌ ကျင်းပမည့် Victory Day အခမ်းအနားသို့ နိုင်ငံတကာခေါင်းဆောင်များအား ဖိတ်ကြားထား ပါသည်။ ဘယ်လာရုစ်၊ မွန်ဂိုးလီးယားနှင့် မြန်မာအပါအဝင် နိုင်ငံများမှ စစ်ရေးပြတပ်ဖွဲ့များလည်း ပါဝင် ဆင်နွှဲမည်ဖြစ်ပါသည်။ မိမိနိုင်ငံ၏ ကြီးမြတ်လှသော အောင်ပွဲနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်း ဖြစ်ပွားနေသော ယူကရိန်းနှင့် စစ်ပွဲကိုလည်း ၃ ရက် (၇၂) နာရီ ယာယီ အပစ်အခတ်ရပ်စဲ ထားမည်ဟု ဗလာဒီမာပူတင်က ကမ္ဘာသိ ကြေညာထားပါသည်။

ကရင်မလင်၏ လက်ရှိအတည်ပြုချက်အရ အဆိုပါ မေ ၉ Victory Day အခမ်း အနားသို့ BRICS အဖွဲ့ဝင် တရုတ်၊ ဘရာဇီးခေါင်းဆောင်များအပါအဝင် ရုရှားမဟာမိတ်နိုင်ငံ အများအပြားမှ ခေါင်းဆောင်များ၊ အစိုးရအကြီးအကဲများ လာရောက်တက်ရောက်ကြမည်ဖြစ်ပါသည်။ 

မေလ ၉ ရက်သည် ဆိုဗီယက်ယူနီယံ၏ နာဇီဂျာမနီအား ၁၉၄၅ တွင် အောင်နိုင်ခဲ့သည့် နှစ်ပတ်လည် နေ့ဖြစ်ပါသည်။ ထိုနေ့မှာ ရုရှားနှင့် ယခင် ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံများအတွက် အထူး အရေးကြီး သော အမျိုးသားနေ့အဖြစ် ကျင်းပလေ့ရှိပါသည်။ ဥရောပနိုင်ငံအများစုက မေလ ၈ ရက်တွင် VE Day (Victory in Europe Day) ကို ကျင်းပသော်လည်း ရုရှားနှင့် ၎င်း၏မဟာမိတ်များက မေလ ၉ ရက်တွင် ကျင်းပ လေ့ရှိပါသည်။

အချုပ်ဆိုရသော် လာမည့် မေ ၉ ရက်တွင် ပြုလုပ်မည့် Victory Day အခမ်းအနားနှင့် တိုက်ဆိုင်ကာ ယူကရိန်းတွင် ဥရောပခေါင်းဆောင်များ တွေ့ဆုံကြမည့်ကိစ္စမှာ နိုင်ငံတကာဆက်ဆံရေးတွင် ရုရှားနှင့် အနောက်နိုင်ငံများအကြား အားပြိုင်မှု အစိတ်အပိုင်း ရှုမြင်နိုင်ပြီး ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ဥရောပ၏ နိုင်ငံရေးအရှုပ်အထွေးများကို ထင်ဟပ်ပေါ်လွင်နေပါသည်။    ။