သိုင်းရွိုက်ဟော်မုန်းနှင့်စိတ်ကျန်းမာရေး
Posted_Date
Image

Body
လူတို့၏သိုင်းရွိုက်ဂလင်းသည် သေးငယ်သော်လည်း ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှု၊ စွမ်းအင်အသုံးပြုမှုနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများကိုဟန်ချက်ညီအောင်ထိန်းညှိရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင် ပါသည်။ သိုင်းရွိုက်ဂလင်းတွင်ဖြစ်သောရောဂါများသည် ကမ္ဘာတစ်ဝန်း တွင် အဖြစ်အများဆုံးဟော်မုန်းရောဂါများဖြစ်ပြီး သွေးချိုဆီးချိုရောဂါပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ အဖြစ်အများဆုံးသိုင်းရွိုက်ရောဂါအမျိုးအစားနှစ်မျိုးမှာ သိုင်းရွိုက်ဟော်မုန်းနည်းလွန်းခြင်း (Hypothy-roidism ) နှင့် သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း (Hyperthyroidism) တို့ဖြစ်သည်။
သိုင်းရွိုက်ဟော်မုန်းနှင့်စိတ်ခံစားချက်များ၏ဆက်စပ်မှု
သိုင်းရွိုက်ဟော်မုန်းများတွင် အဓိကအားဖြင့်T3 (Triiodothyronine) နှင့်T4 (Thyroxine) သည် ဦးနှောက်လုပ်ဆောင်မှုအပေါ် တိုက်ရိုက်လွှမ်းမိုးမှုရှိသည်။ သိုင်းရွိုက်ဟော်မုန်းနည်းလွန်းခြင်း (Hypothyroidism) နှင့် သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း (Hyperthyroidism) နှစ်မျိုးစလုံး သည် စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်သောကများခြင်းနှင့်ဆင်တူသည့် စိတ်ကျန်းမာရေးလက္ခဏာများဖြင့် အစပျိုးပေးနိုင်သည်။ သိုင်းရွိုက် ဟော်မုန်းနည်းလွန်းသောရောဂါတွင် လူနာများသည် အမြဲလိုလိုစိတ်ဓာတ် ကျခြင်း၊ နှေးကွေးခြင်း၊ စိတ်တိုခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းနှင့်မှတ်ဉာဏ်ကျဆင်းခြင်းများကို တွေ့ကြုံရတတ်သည်။ သိုင်းရွိုက်ဟော်မုန်း လွန်ကဲသော ရောဂါရှိသူသည် ဂနာမငြိမ်ခြင်း၊ ထိတ်လန့်ခြင်း၊ အိပ်မပျော်ခြင်းနှင့်စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများနှင့်တွေ့ကြုံရတတ်သည်။
လူနာများအတွက် မရှင်းပြနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်မှု၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနှင့် ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာအခက်အခဲများသည် စိတ်ဖိစီးမှု သို့မဟုတ် အိုမင်းရင့်ရော်မှု၏နောက်ဆက်တွဲအဖြစ် မကြာခဏ ယူဆတတ်ကြသော်လည်း နောက်ခံသိုင်းရွိုက်ဟော်မုန်းများ၏ ချို့ယွင်းမှုကြောင့် ဖြစ်သောအကြောင်းရင်းအမျိုးမျိုး၏ လက္ခဏာတစ်ခုဖြစ်နိုင်သည်။ သိုင်းရွိုက်ရောဂါ၏လက္ခဏာများသည်စိတ်ကျန်းမာရေးလက္ခဏာများနှင့်ထပ်တူညီမှုကြောင့် မကြာခဏဆိုသလို ရောဂါရှာဖွေမှုမှားယွင်းခြင်းသို့မဟုတ် ကုသမှုနှောင့်နှေးခြင်းတို့ဖြစ်စေတတ်သည်။အထူးသဖြင့် သိုင်းရွိုက်ပြဿနာရှိသော်လည်း စိတ်ရောဂါလက္ခဏာတစ်ခုတည်း သာရှိနေသောလူနာများတွင်ဖြစ်တတ်သည်။ လူနာများ၏စိတ်ပိုင်းဆိုင်ရာလက္ခဏာများအတွက် ပုံမှန်သိုင်းရွိုက်စစ်ဆေးမှုသည်သိုင်းရွိုက်လုပ်ဆောင်ချက်များ ကမောက်ကမဖြစ်မှုကို အချိန်မီသိရှိနိုင်သဖြင့်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်မှုကိုလည်း သိသိသာသာတိုးတက်စေနိုင်ကြောင်း မကြာခဏတွေ့ ရှိရတတ်သည်။
သတိထားစောင့်ကြည့်သင့်သည့် လက္ခဏာများ
စိတ်နေစိတ်ထား သို့မဟုတ်အပြုအမူရုတ်ခြည်းပြောင်းလဲခြင်း၊လုံလောက်စွာအနားယူနေသော်လည်း ပင်ပန်းနွမ်းနယ်မှု ဆက်တိုက်ဖြစ်ပေါ်နေခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း သို့မဟုတ် မှတ်ဉာဏ်လျော့ နည်းသောပြဿနာများ၊ စိတ်ဓာတ်ကျခြင်း၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ ဓမ္မတာမမှန်ခြင်း၊ ဆံပင်ပါးခြင်း သို့မဟုတ် ဆံပင်ကျွတ်ခြင်းစသည့်လက္ခဏာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ စိတ်ကျန်းမာရေးသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ဆက်စပ်နေသည်။ သိုင်းရွိုက်ရောဂါများသည် သတိပြုရန်ခက်ခဲနိုင်သောကြောင့် လူအများစုတွင် အချိန်ကြာမြင့်စွာ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ကြသည်။ အထူးသဖြင့် အမျိုးသမီးများနှင့်သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရာတွင်စိတ်ခံစားချက် သို့မဟုတ် မှတ်ဉာဏ်နှင့်သိမြင်မှုဆိုင်ရာ ပြောင်းလဲမှုများဖြစ်ပေါ်သည့်အခါ သိုင်းရွိုက်ရောဂါများကို အမြဲထည့်သွင်းစဉ်းစားသင့်သည်။ ထို့ကြောင့် သိုင်းရွိုက်၏လုပ်ဆောင်မှုများကို ပုံမှန်စစ်ဆေးရန်နှင့် သိုင်းရွိုက်ဂလင်းကျန်းမာသန်စွမ်းစေရန် လိုအပ်ချက်များအကြောင်း အသိပညာပေးနေရန်အရေးကြီးပါသည်။
သိုင်းရွိုက်ရောဂါများအကြောင်း အသိပညာပေးခြင်း၏အရေးပါမှု
လူများစွာတွင် ရောဂါလက္ခဏာများခံစားရနိုင်သော်လည်း သိုင်းရွိုက် ရောဂါနှင့်ဆက်စပ်မှုရှိကြောင်း သတိမပြုမိခြင်းကြောင့် နှစ်ပေါင်းများစွာ ရောဂါရှာမတွေ့ဘဲဖြစ်နေတတ်သည်။ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ စိတ်ခံစားချက်ပြောင်းလဲခြင်းနှင့် ပုံမှန်မဟုတ် သောနှလုံးခုန်နှုန်းများသည် သိုင်းရွိုက်ရောဂါကြောင့်ဖြစ်သော်လည်းတခြားအခြေအနေများနှင့် အလွယ်တကူလွဲမှားနိုင်သည်။ သိုင်းရွိုက် ကျန်းမာရေးအကြောင်း ပိုမိုလေ့လာသိရှိခြင်းဖြင့် သိုင်းရွိုက်ရောဂါ၏အစောပိုင်းလက္ခဏာများကို သတိပြုမိရန်နှင့် အမြန်အကူအညီရယူရန် အခွင့်အရေးရှိလာပါသည်။ သိုင်းရွိုက်ရောဂါအခြေအနေများသည်အထူးသဖြင့် စောစီးစွာတွေ့ရှိသည့်အခါတွင် သာမန်ကုသမှုများဖြင့်စီမံခန့်ခွဲနိုင်သည်။ ထို့ပြင် သိုင်းရွိုက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ခြင်းဖြင့် စိုးရိမ်ပူပန်မှုများကိုလျှော့ချနိုင်ပြီး အချိန်မီစစ်ဆေးခြင်းဖြင့် သိုင်းရွိုက်ရောဂါများကို စောစီးစွာရှာဖွေသိရှိနိုင်ခြင်းနှင့် အချိန်မီကုသနိုင်မှုကြောင့် ထိခိုက်ခံစားရသူတိုင်းအတွက် ပိုမိုကောင်းမွန်သောရလဒ်များကို ရရှိစေနိုင်ပါသည်။
သိုင်းရွိုက်ရောဂါများကိုကာကွယ်ရန် အကြံပြုချက်များ
အိုင်အိုဒင်း၊ ဆီလီနီယမ်၊ သံဓာတ်နှင့် ဗီတာမင် D တို့လုံလောက်စွာ ပါဝင်သော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ခြင်း၊ အရက်အလွန်အကျွံသောက် ခြင်းမှရှောင်ကြဉ်ခြင်း၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း၊ နေ့စဉ် လုံလောက်စွာအိပ်စက်ခြင်း၊ နေရောင်ခြည်နှင့်အန္တရာယ်ကင်းစွာထိတွေ့ပြီး လုံလောက်သော ဗီတာမင် D ပမာဏကို ထိန်းသိမ်းရန်လေ့ကျင့်ခြင်း၊ ကျန်းမာရေး နှင့်ညီညွတ်သော လူနေမှုပုံစံနှင့် အပြုအမူများကို လက်ခံကျင့်သုံးခြင်းဖြင့် သိုင်းရွိုက်ရောဂါများကို ကာကွယ်နိုင်သည်။ ထို့ပြင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုနှင့်သိုင်းရွိုက်ဟော်မုန်းများ၏လုပ်ဆောင်မှုကို စောင့်ကြည့် စစ်ဆေးခြင်းဖြင့် သိုင်းရွိုက်ရောဂါများကိုစောစီးစွာသိရှိနိုင်ပြီး အချိန်မီကုသနိုင်ပါသည်။
ကုသမှုနည်းလမ်းများ
သိုင်းရွိုက်နှင့်ပတ်သက်သောစိတ်ကျန်းမာရေးလက္ခဏာများကိုကုသရာတွင် ဟော်မုန်းအစားထိုးကုသခြင်း သို့မဟုတ် ဟော်မုန်းထိန်း ညှိပေးသောဆေးဝါးများဖြင့်ကုသခြင်းနှင့် သိုင်းရွိုက်ဟော်မုန်းများကိုပုံမှန်စစ်ဆေးစောင့်ကြည့်ကုသရန်လိုအပ်ပါသည်။ အိုင်အိုဒင်း၊ ဆီလီ နီယမ်၊ သံဓာတ်နှင့် ဗီတာမင် D တို့ကို လုံလောက်စွာစားသုံးခြင်း၊လုံလောက်စွာအိပ်စက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းနှင့် လိုအပ်ပါက စိတ်ကျန်းမာရေးကုထုံး သို့မဟုတ် လူနာအခြေပြု နှစ်သိမ့်ဆွေးနွေးအကြံဉာဏ်ပေးကူညီမှုရယူခြင်းတို့ဖြင့်ကုသရန် လိုအပ်ပါသည်။
သိုင်းရွိုက်ရောဂါများကို စောစီးစွာရှာဖွေကုသနိုင်မှု၏ရလဒ်များသိုင်းရွိုက်ရောဂါများကို စောစီးစွာရှာဖွေကုသနိုင်ခြင်း၏ အကျိုးသက်ရောက်မှုသည် လူနာ၏သက်တမ်းကို ပြောင်းလဲစေနိုင်ပါသည်။
သိုင်းရွိုက်ပြဿနာများကို စောစီးစွာသိရှိနိုင်သည့်အခါ ရောဂါလက္ခဏာများမပြင်းထန်မီ သို့မဟုတ် ကျန်းမာရေးမထိခိုက်မီ ကုသမှုကိုစတင်နိုင်သည်။ ဆေးဝါးသောက်သုံးမှုအနည်းငယ်နှင့် ရောဂါလက္ခဏာများ သက်သာလာပြီး နှလုံးပြဿနာများ သို့မဟုတ် မျိုးပွားမှုဆိုင်ရာပြဿနာ များကဲ့သို့ နောက်ဆက်တွဲရောဂါများဖြစ်နိုင်ခြေနှင့် မလိုအပ်ဘဲ စိတ်ကျန်းမာရေးဆေးဝါးများ သောက်သုံးရမှုလျော့နည်းစေနိုင်ပါသည်။
ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောလူတို့သည် သိုင်းရွိုက်ရောဂါ ရှိနေသည်ကို သတိမထားမိကြသောကြောင့် စောစီးစွာရှာဖွေတွေ့ရှိခြင်းနှင့် အချိန်မီကုသခြင်းကို အာရုံစိုက်ရန် အထူးအရေးကြီးပါသည်။ နှစ်စဉ် မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာသိုင်းရွိုက်အသိပညာပေးရက်သတ္တပတ်အဖြစ်သတ်မှတ်၍ လူအများကို သိုင်းရွိုက် ရောဂါများအကြောင်း အသိပညာပေးခြင်းအခမ်းအနားများနှင့် လှုပ်ရှား မှုများကို တစ်ကမ္ဘာလုံးတွင်ကျင်းပပါသည်။ သိုင်းရွိုက်ဂလင်း ကျန်းမာသန်စွမ်းစေရန် လိုအပ်ချက်များအကြောင်း အသိပညာမြှင့်တင်ရေးကြိုးပမ်းမှုများလုပ်ဆောင်ရန်၊ အထူးသဖြင့် သိုင်းရွိုက်ရောဂါဖြစ်နိုင်ခြေရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးငယ်များနှင့်သက်ကြီးရွယ်အိုအများစုတွင် သိုင်းရွိုက်၏ လုပ်ဆောင်မှုကို အချိန်မီစစ်ဆေးကုသကာကွယ်ပေးရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။
MWD Web Portal