“မိုးတိမ်” တဲ့လား၊ နိုးနိုးကြားကြားသတိထား
Posted_Date
Image

Body
ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ကူးစက်မှုသတင်းတွေကြောင့် သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ကစိုးရိမ်မိသလို သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ဗီဇပြောင်းမျိုးကွဲအသစ်တွေ ကူးစက်မှုတွေဖြစ်နေတာကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ နိုင်ငံတကာဝင်ထွက်သွားလာနေတဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ နယ်စပ်ဝင်ထွက်မှုတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ ပြည်တွင်းမှာလည်း အဖျားရောဂါလက္ခဏာကို စောင့်ကြည့်နေတဲ့အကြောင်း သိရပြန်တော့ စိုးရိမ်မှုက တစ်ဝက်လောက် လျော့ကျခဲ့ရပါတယ်။
ကိုဗစ်-၁၉ ရောဂါဟာ လူသားတွေဘက်က ကာကွယ်ဆေးထိုးနှံမှုတွေ၊ ကိုယ်ခံအားမြင့်တက်လာမှုတွေကြောင့် ကူးစက်ပျံ့နှံ့မှုတွေ တဖြည်းဖြည်း လျော့ကျလာပြီး နောက်ဆုံးတစ်နေ့မှာ သာမန်တုပ်ကွေးရောဂါပုံစံမျိုး ရောက်ရှိသွားလိမ့်မယ်လို့ ကြိုတင်တွက်ဆခဲ့ကြပေမယ့် မှော်ဆရာလို အစွမ်းပြနေတဲ့ ကိုဗစ်က ဗီဇမျိုးကွဲတွေ အမျိုးမျိုးပြောင်းပြီး လူတွေကြားထဲမှာ နေပြနေတုန်းပါ။ ဒါကြောင့်လည်း ကမ္ဘာ့ကူးစက်ရောဂါအဆင့်ကနေ လျှော့ချပြီးတာတောင် မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉နဲ့ပတ်သက်လို့ နိုးနိုးကြားကြားရှိကြဖို့ တပ်လှန့်သံတွေ၊ သံချောင်းခေါက်သံတွေ ကမ္ဘာအနှံ့ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကူးသန်းသွားလာမှု လွယ်ကူလျင်မြန်လာတဲ့ ယနေ့ခေတ်မှာ ကမ္ဘာ့တိုက်ကြီးတွေ တစ်ခုနဲ့တစ်ခုအကြား လူတွေနဲ့အတူ လိုက်ပါ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ နောက်ဆုံးပေါ်မျိုးကွဲ အသစ်စက်စက်ကတော့ Nimbus ခေါ် NB.1 .8.1 ပါတဲ့။ မူလလက်ဟောင်း အိုမီခရွန် (Omicron) အုပ်စု ဝင် SARS-CoV-2 မျိုးကွဲ NB.1.8.1 ပေါ်ထွက်လာတာကို ကမ္ဘာက စောင့်ကြည့်နေကြပြီဖြစ်ပါ တယ်။
လက်တင်ဘာသာနဲ့ “မိုးတိမ်” လို့အဓိပ္ပာယ်ရတဲ့ Nimbus ဟာ သူ့အရင်က မျိုးကွဲတွေထက် ကူးစက် နိုင်စွမ်းမြင့်မားပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ အာရှဒေသမှာ အိန္ဒိယ၊ ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အဓိကလက်သည်ဟာ Nimbus ဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ဒေလီမြို့တစ်မြို့တည်းမှာ ၁၀၄ ဦး ကူးစက်ခံခဲ့ရ ပါတယ်။ Nimbus (NB.1.8.1) ကို တမီလ်နာဒူး ပြည်နယ်မှာတွေ့ခဲ့ရပြီး ဂူဂျာရတ်မှာတော့ တခြားမျိုးကွဲ LF.7 ကို တွေ့ရတယ်လို့ဆိုပါတယ်။ ဟောင်ကောင်နဲ့စင်ကာပူတို့မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု သိသိသာသာမြင့်တက်နေပြီး မေလအစောပိုင်းက စင်ကာပူမှာ အပတ်စဉ်ရောဂါဖြစ်ပွားမှု ၁၁၁၀၀ ကနေ ၁၄၂၀၀ အထိတိုးခဲ့တယ်လို့ ဆိုပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ရက်အနည်း ငယ်အတွင်း ကူးစက်ခံရသူ ၆၀၀၀ ကနေ ၃၃၀၀၀ ကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Nimbus (NB.1.8.1) ဟာ နိုင်ငံပေါင်း ၂၂ နိုင်ငံကို ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံ မှာ နယူးယောက်၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ အိုဟိုင်းယိုးနဲ့ ရို့ဒ်အိုင်းလန်းတို့မှာ တွေ့နေရပြီလို့ ဆိုပါတယ်။
Nimbus (NB.1.8.1) ရဲ့ ထူးခြားချက်တွေကတော့ သူ့ရှေ့ကမျိုးကွဲတွေထက် ကူးစက်မှုပိုမြန်တာကြောင့် ဒေသတစ်ခုခုမှာ ကူးပြီဆိုရင် အချိန်တိုအတွင်း ကူးစက်ခံရသူအရေအတွက်တွေ မြင့်တက်လာတာတွေ့ရတယ်လို့ သတင်းတွေအရသိရပါတယ်။ ယေဘုယျ ရောဂါလက္ခဏာတွေကတော့ ဆိုးဆိုးရွားရွား လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ချောင်းနည်းနည်းဆိုးတာ၊ ဖျားတာ၊ ကြွက်သားတွေကိုက်ခဲတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တယ်လို့သိရပါတယ်။ ရောဂါကို ဖြစ်မလာခင် ကြိုတင်ကာကွယ်ခြင်းကသာလျှင် အကောင်းဆုံးဖြစ်တာနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ရောဂါကူးစက်မလာအောင် ကြိုတင်ကာကွယ်ဖို့လိုပါတယ်။ ကာကွယ်ပုံနည်းလမ်းကတော့ အရင်အတိုင်းပါပဲ။ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ဖို့၊ လူထူတဲ့ နေရာကိုရှောင်ဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း အရည်အသွေးပြည့်မီတဲ့ Mask ကို စနစ်တကျတပ်ဖို့၊ လှေကားလက်ရန်းတွေ၊ တံခါးလက်ကိုင်ဘုတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေ၊ လူအများ ကိုင်ထားတဲ့အရာတွေ စသည်ဖြင့် ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့လက်တွေကို သန့်စင်အောင် မကြာခဏဆေးကြောကြရပါမယ်။ ရောဂါလက္ခဏာတွေ့ရင်လည်း မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် တွေ့ရတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ စနစ်တကျ စစ်ဆေးကုသမှုခံယူဖို့လိုပါတယ်။
တစ်ဆက်တည်းမှာပဲ ပြောလိုတာကတော့ ကိုဗစ်-၁၉ သာမကဘဲ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စသည်ဖြင့် ရာသီအလိုက် ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက် ပြီး ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့တစ်ပြေးညီ သတိပေးနှိုးဆော်နေပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပေးနေတဲ့ သတိပေးနှိုးဆော်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်အချက်တွေ၊ အသိပညာပေးမှုတွေကို အမှတ်တမဲ့ကျော်လွှားမသွားကြဘဲ သတိပြုဖတ်ရှုလေ့လာကြဖို့၊ မှတ်သားလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်-၁၉နဲ့ ပတ်သက်လို့လည်း ကမ္ဘာ့ကပ်ရောဂါအဆင့် မဟုတ်တော့ဘူး ဆိုသည့်တိုင် ကူးစက်မှုမြင့်တက်လာတဲ့ အခြေအနေနဲ့အများအပြားဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ လူအသေအပျောက်ရှိနေတဲ့ အခြေအနေတွေကြောင့် ပေါ့ပေါ့ဆဆမနေကြဘဲ နိုးနိုးကြားကြား သတိထားကြဖို့လိုပါတယ်။
ကျောင်းသားကျောင်းသူတွေနဲ့ပတ်သက်ပြီးတော့လည်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားရင် နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံကိုသတင်းပို့ဖို့နဲ့ ဆေးကုသမှုခံယူရေးအတွက် ဆရာ ဆရာမတွေကိုရော မိဘအုပ်ထိန်းသူ ပြည်သူတွေကိုပါ ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ကာလမှာကတည်းက မေတ္တာရပ်ခံထားပါတယ်။ မျိုးရိုးဗီဇပြောင်းလာတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေထိုးနှံပေးလာတဲ့အခါမှာလည်း မပျက်မကွက် ထိုးနှံမှုခံယူကြဖို့နဲ့ လူတစ်ဦးချင်းစီက မိမိကိုယ်ကို စနစ်တကျကာကွယ်ခြင်းအားဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်များကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြမှာဖြစ်ပါတယ်။ ။

MOI