ဆေးလိပ်သောက်ခြင်းနှင့် ဦးနှောက်ကျန်းမာရေးအန္တရာယ်
Posted_Date
Image

Body
ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်ကျန်းမာရေးကို သိသိသာသာထိခိုက်စေပြီး မှတ်ဉာဏ်လျော့နည်းခြင်း၊ ဦးနှောက်ကျုံ့ခြင်းနှင့်အာရုံကြောဆိုင်ရာရောဂါများဖြစ်နိုင်သည်။ ဆေးလိပ်သောက်ခြင်းသည်ဦးနှောက်အတွင်းပိုင်းရှိ တစ်သျှူးများ ပျက်စီးဆုံးရှုံးခြင်းနှင့် ဦးနှောက်ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများကိုဖြစ်စေပြီး ဦးနှောက်၏ ပုံမှန်အိုမင်းမှုဖြစ်စဉ်ကိုအရှိန်မြင့်စေသည်။ လူတို့၏ဦးနှောက်သည် အသက်ကြီးလာသည်နှင့်အမျှ သဘာဝအလျောက် ထုထည်လျော့နည်းလာပြီး ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်ကို ကျုံ့စေသောကြောင့်အရွယ်မတိုင်မီဦးနှောက်ကို ထိရောက်စွာအိုမင်းစေသည်ဟု စိန့်လူးဝစ်မြို့ရှိ Washington University School of Medicine မှ သုတေသီများ၏လေ့လာမှုအရ သိရသည်။ ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်အတွင်း ဓာတ်တိုးဖိစီးမှုနှင့် ရောင်ရမ်းမှုကိုဖြစ်စေပြီး အာရုံကြောအဆိပ်သင့်မှုဆိုင်ရာ သက်ရောက်မှုများကိုဖြစ်စေသည်။
ရေရှည်ဆေးလိပ်သောက်ခြင်းသည် အယ်လ်ဇိုင်းမားရောဂါ၊ ဉာဏ်ရည်ဉာဏ်သွေးကျဆင်းမှုနှင့် သွေးကြောဆိုင်ရာမှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်နိုင်သည်။ မှတ်ဉာဏ်၏အစိတ်အပိုင်းဖြစ်သော သိမြင်မှုနှင့် လုပ်ငန်းဆောင်တာများ ချိတ်ဆက်မှုကိုချို့ယွင်းစေသည်။ ဝါရှင်တန်တက္ကသိုလ်မှ လေ့လာမှုတစ်ခုအရဆေးလိပ်သောက်ခြင်းသည် ဦးနှောက်ကိုကျုံ့သွားစေပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးလျော့ကျခြင်းတို့ ခံစားရကြောင်း တွေ့ရှိခဲ့သည်။Global Open Science တွင်ထုတ်ဝေသောတွေ့ရှိချက်အရ ဆေးလိပ်သောက်သူများသည် အသက်အရွယ်နှင့်ဆက်နွှယ်သော မှတ်ဉာဏ်ကျဆင်းမှုနှင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေမြင့်မားကြောင်း တွေ့ရသည်။
ဆေးလိပ်သောက်ခြင်းနှင့်ဦးနှောက်ထုထည်သေးငယ်ခြင်းတို့ ဆက်စပ်နေကြောင်း သိပ္ပံပညာရှင်များက ယခင်အချိန်ကတည်းကသိရှိခဲ့ကြသည်။ မကြာသေးမီအချိန်ထိ သိပ္ပံပညာရှင်များသည် ဆေးလိပ်သောက်ခြင်း၏ အဆုတ်နှင့်နှလုံးအပေါ်သက်ရောက်သော ကြောက်မက်ဖွယ်ဆိုးကျိုးများကို အာရုံစိုက်ထားပြီး ဦးနှောက်အပေါ်သက်ရောက်မှုများကို အာရုံစိုက်မှုလျော့နည်းခဲ့သည်။ သို့သော်ဦးနှောက်ကို ပို၍အနီးကပ်ကြည့်လာသည်နှင့်အမျှဆေးလိပ်သောက်ခြင်းသည် ဦးနှောက်အတွက် အမှန်တကယ်ဆိုးရွားသော အန္တရာယ်ဆိုင်ရာအချက်အလက်များကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဆေးလိပ်ဖြတ်ခြင်းသည် ဦးနှောက်၏အိုမင်းရင့်ရော်မှုကိုရပ်တန့်ရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးလျော့ကျစေမည့်အန္တရာယ်ကို ကာကွယ်နိုင်သည်။ ပြီးပြီးသားပျက်စီးမှုများကို ပြန်ပြင်၍မရသော်လည်း နောက်ထပ်ပျက်စီးမှုများမဖြစ်စေရန်ရှောင်ရှားနိုင်ပါသည်။
သို့ဖြစ်၍ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေသောအချက်တစ်ခုဖြစ်ပြီး ပြုပြင်ပြောင်းလဲနိုင်သောအချက်တစ်ခုလည်းဖြစ်ပါသည်။
ဆေးလိပ်သောက်ခြင်းသည်သိမြင်နိုင်စွမ်းကျဆင်းမှုကို သိသာထင်ရှားစွာ အကျိုးသက်ရောက်စေကြောင်း လေ့လာမှုများက တွေ့ရှိခဲ့သည်။ ဥရောပ ၁၄ နိုင်ငံမှ အသက် ၅၀ နှစ်နှင့်အထက်အရွယ်ရောက်ပြီးသူ ၃၂၀၀၀ ဦးထံမှ သိမြင်နိုင်စွမ်းကျဆင်းစေသောအချက်အလက်များကို စေ့စေ့စပ်စပ်ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ရာ ဆေးလိပ်သောက်သူများ၏သိမြင်မှု ရမှတ်များသည် ဆေးလိပ်မသောက်သူများနှင့်နှိုင်းယှဉ်ပါက ၁၀ နှစ်ကျော်တွင် ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်းတွေ့ရသည်။ လေ့လာမှုများအရ ဆေးလိပ်သောက်ခြင်းသည် ဦးနှောက် မှတ်ဉာဏ် လျင်မြန်စွာကျဆင်းမှုနှင့် သိသိသာသာ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။ ယနေ့ခေတ်၌ ဦးနှောက်စွမ်းအားကို မြှင့်တင်ရန်အတွက် စူပါအစားအစာများ၊ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများနှင့် နည်းပညာများတိုးတက်နေသည့်အချိန်တွင် မှတ်ဉာဏ်ကျန်းမာရေးအန္တရာယ်အတွက်အဆိုးဆုံးအချက်များထဲမှတစ်ခုမှာ လူအများအပြား ဆေးလိပ်သောက်နေကြခြင်းပင်ဖြစ်သည်။
ဆေးလိပ်ဖြတ်ခြင်းဖြင့် ဘဝသက်တမ်းတိုးနိုင်ခြင်း သတင်းကောင်းမှာ ဆေးလိပ်ဖြတ်ခြင်းဖြင့် ဦးနှောက်အိုမင်းရင့်ရော်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကျဆင်းမှုအန္တရာယ်ကိုလျှော့ချနိုင်သည်ဟု လေ့လာမှုများက ဖော်ပြသည်။ ဆေးလိပ်ဖြတ်ခြင်းသည် ဦးနှောက်တစ်သျှူးများ ထပ်မံဆုံးရှုံးခြင်းမှ ရပ်တန့်စေရန်ကာကွယ်ပေးနိုင်သော်လည်း ဦးနှောက်ပျက်စီးမှုကို မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိစေရန်အစားထိုးနိုင်ခြင်းမရှိပါ။ အထောက်အထားများအရ ဆေးလိပ်ဖြတ်ခြင်းသည် ဦးနှောက်ကျန်းမာရေးကို သိသိသာသာတိုးတက်စေပြီး သက်တမ်းတိုးစေနိုင်ကြောင်း သက်သေပြထားသည်။ Oxford သုတေသီများသည် နှစ်ပေါင်း ၅၀ အတွင်း ဆရာဝန် ၃၅၀၀၀ နီးပါးကိုလေ့လာခဲ့ပြီး အသက် ၆၀ မတိုင်မီ ဆေးလိပ်ဖြတ်ပါက သက်တမ်းသုံးနှစ်ထပ်မံတိုးနိုင်သည်ကို တွေ့ရှိခဲ့သည်။
ဆေးလိပ်သောက်သူ၏ ဦးနှောက်ကိုလေ့လာခြင်း
ဆေးလိပ်သောက်သူများနှင့် ဆေးလိပ်မသောက်သူများ၏ ဦးနှောက်သံလိုက်ဓာတ်မှန် (MRI Brain ) လေ့လာမှုများတွင် ဆေးလိပ်ပိုသောက်လေ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်၏အရေးပါသောနေရာများတွင် ထုထည်လျော့နည်းလာလေဖြစ်ကြောင်းတွေ့ရှိရသည်။
ဆေးလိပ်သောက်ခြင်း၏ ဦးနှောက်တွင် အကျိုးသက်ရောက်မှု
သိပ္ပံပညာရှင်များသည် အရွယ်ရောက်ပြီးသူ ၃၀၀၀ ကျော်ကိုစစ်ဆေးခဲ့ရာ ဆေးလိပ်သောက်သူများသည် လျင်မြန်စွာလုပ်ဆောင်နိုင်မှု၊ အာရုံစူးစိုက်မှုနှင့် အလုပ်မှတ်ဉာဏ်တို့ကို အကဲဖြတ်သည့် သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်စစ်ဆေးမှုများတွင် အမှတ်နည်းကြောင်း တွေ့ရှိခဲ့သည်။ ဆေးလိပ်သောက်သူများအတွက် ပတ်ဝန်းကျင်ရှိသတင်းအချက်အလက်များကို အရှိန်အဟုန်ဖြင့် အမီလိုက်နိုင်ရန် အာရုံစိုက်နေရခြင်းသည်စိန်ခေါ်မှုတစ်ခုဖြစ်လာပြီး မှတ်ဉာဏ်လုပ်ဆောင်နိုင်စွမ်းလျော့နည်းလာသည်ကိုတွေ့ကြုံနေရသည်။ ဆေးလိပ်သောက်ခြင်းနှင့်မှတ်ဉာဏ်လျော့နည်းခြင်းဆက်စပ်မှု၏အဓိကအကြောင်းရင်းမှာ စီးကရက်အတွင်းရှိ ဓာတုပစ္စည်းများကြောင့် သွေးကြောများပျက်စီးပြီး အယ်လ်ဇိုင်းမားရောဂါနှင့် ဦးနှောက်သွေးကြောဆိုင်ရာပြဿနာ များဖြစ်ကြောင်း တွေ့ရှိရသည်။ သုတေသီများ လေ့လာမှုရလဒ်များကိုပေါင်းစပ်ဖန်တီးခဲ့သော World Alzheimer’s Report အရ ဆေးလိပ်သောက်ခြင်းသည် မှတ်ဉာဏ်လျော့နည်းသောရောဂါဖြစ်နိုင်ခြေ ၃၀ မှ ၅၀ ရာခိုင်နှုန်း ပိုများကြောင်းတွေ့ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုအားလုံး၏ ၁၄ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သည်ဟု ခန့်မှန်းရသည်။
စီးကရက်သောက်သည့်ပမာဏနှင့် မှတ်ဉာဏ် လျော့နည်းသောရောဂါဖြစ်နိုင်ခြေ ဆက်စပ်မှုဆေးလိပ်သောက်ခြင်းနှင့် ဦးနှောက်ကျန်းမာရေးဆက်စပ်မှုမှာ လူတစ်ဦးသည် တစ်ရက်လျှင် ဆေးလိပ်သောက်သည့်ပမာဏပိုများလေ ဦးနှောက်ထုထည် သေးငယ်လေဖြစ်သည်။ သုတေသီများ၏လေ့လာမှု ၃၇ခု၏ရလဒ်များတွင် တစ်ရက်လျှင် စီးကရက်အလိပ် ၂၀ သောက်တိုင်း မှတ်ဉာဏ်လျော့နည်းသော ရောဂါဖြစ်ပွားနိုင်ခြေ ၃၄ ရာခိုင်နှုန်း တိုးလာကြောင်းတွေ့ရှိခဲ့သည်။ ထို့ကြောင့် တစ်ရက်သောက်သော ဆေးလိပ်အရေအတွက်ကို လျှော့ချလိုက်ရုံဖြင့် မှတ်ဉာဏ်လျော့နည်းသောရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါသည်။
တစ်ဆင့်ခံဆေးလိပ်ငွေ့နှင့်မှတ်ဉာဏ်လျော့နည်းသောရောဂါဆေးလိပ်သောက်သူ၏ဆေးလိပ်ငွေ့အား ရှူရှိုက်ရခြင်းကို ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းထက်ပြင်းထန်သည်ဟုယူဆကြပြီး သက်ကြီးရွယ်အိုများတွင် မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်နိုင်သောအန္တရာယ်ရှိသည့် သိသာထင်ရှားသောအချက်တစ်ခုဟု လေ့လာသုံးသပ်မှုသုံးခုတွင် တွေ့ရှိခဲ့သည်။
အနှစ်ချုပ်ရလျှင်ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်ကျန်းမာရေးအတွက် ကောင်းကျိုးမရှိသောကြောင့် ဖြတ်တောက်ခြင်းသည် မှတ်ဉာဏ်လျော့နည်းသောရောဂါနှင့်ကျန်းမာရေးအန္တရာယ်များဖြစ်ပွားနိုင်ခြေကို များစွာလျှော့ချနိုင်ပြီး လုံးဝရပ်တန့်ခြင်းသည်ဘဝအတွက်ပိုမိုကျန်းမာသောနှစ်များစွာကိုတိုးစေနိုင်သည်။ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ် လုံးဝရပ်တန့်ခြင်းသည် မည်သည့်အခါမျှ နောက်ကျမည်မဟုတ်ကြောင်းတိုက်တွန်းရေးသားလိုက်ရပါသည်။
MWD Web Portal
Photo - Liver Doctor