ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အတွက် ကြိုတင်ကာကွယ်မှုများပြုလုပ်ကြပါစို့

Posted_Date

Image

ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အတွက် ကြိုတင်ကာကွယ်မှုများပြုလုပ်ကြပါစို့

Body

ကမ္ဘာ့နိုင်ငံများကြားကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါနောက်ဆုံးမျိုးကွဲအသစ် Nimbus ခေါ် NB.1.8.1 ခေါ် Omicron အုပ်စုဝင် SARS-CoV-2ဗိုင်းရပ်စ်မျိုးကွဲ NB.1.8.1  ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာကစောင့်ကြည့်နေပြီဖြစ်သော Nimbus ၏ထူးခြားချက်သည် ရှေ့ကမျိုးကွဲများထက် ကူးစက်မှုပိုမိုမြန်ဆန်ခြင်းကြောင့်  ဒေသတစ်ခုတွင်ကူးပြီဆိုသော်အချိန်တိုအတွင်း  ကူးစက်ခံရသူအရေ အတွက်မြင့်တက်လာသည်ကို  တွေ့ရကြောင်း သတင်းများအရ သိရသည်။

ရောဂါလက္ခဏာများသည် လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ချောင်းဆိုးခြင်း၊ဖျားခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊အသက်ရှူရခက်ခြင်းများဖြစ်သည်။ရောဂါမဖြစ်မီကြိုတင်ကာကွယ်ခြင်းသည်သာအကောင်းဆုံးဖြစ်သည်နှင့်အညီ ရောဂါကူးစက်မှုမခံရစေရန် ကြိုတင်ကာကွယ်ရမည်ဖြစ်သည်။ လူတိုင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး၊ ထပ်ဆင့်မြှင့်ကာကွယ်ဆေး (booster dose)ထိုးနှံထားသင့်သည်။

ရောဂါလက္ခဏာတွေ့ရှိပါက စိုးရိမ်သောကမဖြစ်ဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်၍စနစ်တကျကုသစစ်ဆေးမှုခံယူသင့်သည်။ကိုဗစ်-၁၉  ရောဂါသာမကရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ရေကြီးရေလျှံ၊ဝမ်းပျက်ဝမ်းလျှော ရာသီအလိုက်ဖြစ်သော ကူးစက်ရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတိပေးနှိုးဆော်နေသကဲ့သို့ နိုင်ငံပိုင်မီဒီယာများမှလည်း ဖော်ပြနေသော သတိပေးနှိုးဆော်ချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အသိပညာပေးမှုများကို လေ့လာမှတ်သားလိုက်နာကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှုမြင့်တက်လာသည့်အခြေအနေနှင့် ရောဂါဖြစ်ပွားနေသောနိုင်ငံများ၌ အသေအပျောက်ရှိနေသည့်အခြေအနေကြောင့် ပေါ့ပေါ့ဆဆမနေကြရန်၊ နိုးနိုးကြားကြားသတိဖြင့်နေကြရန် လိုအပ်ပါသည်။မြန်မာနိုင်ငံတွင်လည်းဓာတ်ခွဲအတည်ပြုချက်များအရ ကိုဗစ်-၁၉ ရောဂါပိုးပြန်လည်တွေ့ရှိပြီဖြစ်သည်။ လက်ရှိတွင် ကျောင်းဖွင့်ချိန်ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်အပူချိန်မြင့်မားခြင်း တို့ဖြစ်ပွားပါက ကျောင်းမလွှတ်ဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်၍ ကုသမှုခံယူရန်နှင့် ဆေးကုသမှု ခံယူရေးအတွက် ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများ ပါဝင်ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာနမှလည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်အတွက် ကာကွယ်နိုင်သည့် ကာကွယ်ဆေးများထိုးနှံပေးလာသည့်အကြိမ်များတွင်လည်း မပျက်မကွက်ထိုးနှံမှုခံယူကြရန်၊ မှတ်တမ်းထားကြရန် လိုအပ်သည်။ လူတစ်ဦးချင်းစီက မိမိကိုယ်မိမိ  စနစ်တကျ ကာကွယ်ခြင်းဖြင့်ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်များကိုလည်း အောင်မြင်စွာ ကျော်လွှားနိုင်ကြမည်ဖြစ်သည်။

၂၀၂၁ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း(Delta wave)တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြား၌  ကိုဗစ်-၁၉ ရောဂါကြောင့် သွေးအတွင်း အောက်ဆီဂျင်ပမာဏ အတက်အကျမြန်ဆန်မှုများ တွေ့ကြုံခဲ့ရပြီး အောက်ဆီဂျင်အိုးရှူရ၊ ပြန်ဖြည့်ရ၊ ဆေးလိုက်ဝယ်ရ၊ ဆေးဆိုင်နှင့်အောက်ဆီဂျင်စင်တာတို့၌ တန်းစီခဲ့ကြရသည်အထိ ဖြစ်ခဲ့သည်။

ယခု ကိုဗစ်-၁၉ ရောဂါက တစ်ကျော့ပြန်လာပြီဖြစ်သည်။ တစ်ဦးမှတစ်ဦးထံကူးစက်မှု အလွန်မြန်သည့်အတွက် မိမိမိသားစု၊ တစ်အိမ်တည်းနေအဘိုး၊ အဘွား၊ ကလေးငယ်များနှင့် ဆီးချို၊ ကင်ဆာ၊ သွေးတိုး၊ နှလုံးရောဂါ စသည့် နာတာရှည် ဆေးကုသမှုခံယူနေသူများရှိပါက ဦးစားပေး၍ ကြိုတင်ကာကွယ်ရမည်ဖြစ်သည်။ ကိုယ်က ကိုယ်ခံအားကောင်းသည့် လူငယ်လူရွယ်ပိုင်းဖြစ်သော်လည်း အသက်ကြီးသူများ၊ ကိုယ်ခံအားလျော့နည်းသည့်နာတာရှည်ရောဂါသည်များမှာ ကိုဗစ်-၁၉ ရောဂါအပြင် မူလရောဂါအခံပါ ပူးတွဲခံစားရနိုင်ပါသည်။

ရောဂါဖြစ်သည့်ရက် ပိုကြာလာနိုင်သကဲ့သို့  ဆေးရုံတက်ရသည့်အခြေအနေထိ  ရောက်သွားပြီး သေဆုံးနိုင်ခြေလည်းပိုများကြောင်း ယခင် ကိုဗစ်-၁၉ ရောဂါအတွေ့အကြုံအရ ဆင်ခြင်သင့်သည်။  ကိုဗစ်-၁၉ရောဂါ၏  ပြင်းထန်မှုအနည်းအများနှင့်  နောက်ဆက်တွဲဆိုးကျိုးများကို ခံစားကြရမည်ဖြစ်သည်။

ယခုကိုဗစ်-၁၉ ရောဂါသည် မပြင်းထန်သောသက်ရောက်မှုနှင့်   မူလအရင်းခံ နာတာရှည်ရောဂါကြီးများ၏ဆိုးကျိုးများ ပိုမိုပြင်းပြင်းထန်ထန်ခံစားရသည်။ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများသိထားသင့်ပါသည်။ ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်အတွင်း   သာမန်အအေးမိအဖျားနှင့်ဆင်တူပြီး လည်ချောင်းအနည်းငယ်နာခြင်း၊   ကိုက်ခဲပင်ပန်းနွမ်းနယ်ခြင်း၊ အာသီးအနည်းငယ်ရောင်ခြင်း၊ ကိုယ်အပူချိန်(၃၆.၅. C) ရှိပြီး အစားအသောက်မျိုချရာတွင် အခက်အခဲရှိခြင်း၊   ခေါင်းအနည်းငယ်ကိုက်ခြင်း၊ အစာအိမ်လေထခြင်း၊ အနည်းငယ်မူးဝေခြင်းတို့ ဖြစ်လာနိုင်သည်။

ထို့ပြင် အားအင်ကုန်ခန်းပြီး မောပန်းနွမ်းနယ်ခြင်း၊ ရံဖန်ရံခါအသက်ရှူရန်ခက်ခဲခြင်း၊ခြေချောင်းများနာကျင်ခြင်း၊ဝမ်းလျှောခြင်း၊အော့အန်ခြင်း၊ နေမကောင်းဖြစ်နေသည့် ကိုးရက်မြောက်နေ့တွင် အပြင်းအထန်အဖျားတက်လာပြီး အသက်ရှူရန် အပြင်းအထန်ကြိုးစားလာရမည်ဖြစ်သည်။ အဆိုပါအနေအထားများသို့ ရောက်ရှိလာပါက သွေးစစ်ပြီးရင်ခေါင်းဓာတ်မှန်(CXR) ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ကိုဗစ်-၁၉   ရောဂါကူးစက်ခံရခြင်းမရှိစေရေး နှာခေါင်းစည်း (Surgical Mask) တပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ လက်ဆွဲနှုတ်ဆက်ခြင်း မှရှောင်ရန်၊ အပြင်သွားပါက လက်အိတ်ဝတ်ဆင်ရန် စသည်တို့ကို လိုက်နာရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံရပါမည်။ အန္တရာယ်များသူများ(High risk person)ကို ဦးစားပေးထိုးနှံသင့်သည်။ လူတိုင်းထိုးနှံသင့်သည်။ ထပ်ဆင့်မြှင့်ကာကွယ်ဆေးများလည်း   ထိုးနှံသင့်သည်။  မည်သည့်ကိုဗစ်-၁၉  ရောဂါအမျိုးအစားကာကွယ်ဆေး၊ ထိုးနှံပြီးအရေအတွက်၊ ထိုးနှံမည့်နေ့များ၊ ကိုယ်တွင်း/ ပြင်ပရောဂါရှိ၊ မရှိ၊  မိမိနှင့်တည့်၊  မတည့်ဖော်ပြပြီး လူတွင်ရှိနှင့်ပြီးသော ဆေးများထိုးနှံသောက်သုံးမှု၊ နှလုံး၊ အဆုတ်တို့ သွေးခဲပြဿနာ ယခင်ဖြစ်ခဲ့ဖူးခြင်း ရှိ၊ မရှိ၊ တစ်လအတွင်း ဗိုင်းရပ်စ်တစ်မျိုးအတွက် ကုသဆေး၊ ကာကွယ်ဆေး ထိုးဆေး၊ သောက်ဆေး အသုံးပြုခဲ့ခြင်း ရှိ၊ မရှိ လက်ရှိအခြေအနေတို့အား ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ  ထိုးနှံသင့်သည်။ အအိပ်ပျက်ခြင်း၊ အစားပျက်ခြင်း၊ အနံ့မရခြင်း သတိပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။         

MWD Web Portal