ဒူးရင်းသီးနှင့် ကျန်းမာရေး
Posted_Date
Image

Body
အနံ့အရသာနှင့်ပြည့်စုံသောဒူးရင်းပင်၏ဌာနေဒေသမှာဘရူနိုင်း၊ အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒူးရင်းပင်မျိုးစိတ်ပေါင်း ၃၀ ရှိရာ ယင်းတို့အနက် ကိုးမျိုးသာစား၍ရသည်။ အပင်စိုက်ပြီး လေးနှစ်၊ ငါးနှစ်ခန့်အကြာတွင် စတင် အသီးသီးလေ့ရှိသည်။ အသီးမှည့်၍ နှစ်ရက်မှ လေးရက်အကြာတွင်သူ့အလိုလို အပင်ပေါ်မှကြွေကျတတ်သည်။ အဆူးမာအခွံများ၏အန္တရာယ်ကြောင့် ဒူးရင်းသီးများရင့်မှည့်သောရာသီရောက်ပါက အပင်အောက်မှသတိထားပြီးဖြတ်သန်းသွားလာသင့်သည်။ ခူးဆွတ်ပြီးငါးရက်မှ ခြောက်ရက်အတွင်း စားသုံးပါက အရသာပိုရှိသည်။ဒူးရင်းသီး၏ထူးခြားသောအရသာကြောင့်အရှေ့တောင်အာရှနိုင်ငံများ၌ ဒူးရင်းသီးကို အသီးမှာဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည်။
ဒူးရင်းသီး၏ထူးခြားချက်မှာ ညဘက်တွင် အပင်ပေါ်မှကြွေကျလေ့ရှိပြီး အပွင့်မှာလည်း ညဘက်မှသာ ကြွေကျလေ့ရှိသည်။ ဒူးရင်းသီးမှာ အဝါရောင်သန်းနေပြီး လက်ဖြင့်ပုတ်ကြည့်၍ ခပ်အုပ်အုပ်အသံထွက်ပါက ကောင်းသော၊ အသားပြည့်သော အသီးဖြစ်သည်။ ခဲရောင်သန်းနေပြီး လက်ဖြင့်ပုတ်ကြည့်၍ ဂလိုင်သံထွက်လာပါက ထိုအသီးထဲရှိအမြွှာမှာ ချောင်နေပြီး အသားမှာ မာဆတ်ဆတ်ဖြစ်သည်။ မွန်ပြည်နယ် ရေးမြို့မှထွက်သော ဒူးရင်းသီးသည် နာမည်ကျော်ကြားလှပြီး ကရင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့မှလည်း ဒူးရင်းသီးထွက်ရှိသည်။
ဒူးရင်းသီးနှင့်ကျန်းမာရေး
-၁၀၀ ဂရမ် (သုံးမြွှာခန့်) အလေးချိန်ရှိသော ဒူးရင်းသီးတွင် ကယ်လိုရီ ၁၄၇၊ ကာဗိုဟိုက်ဒရိတ် ၂၇ ဂရမ်၊ ပရိုတင်း ၁ ဒသမ ၅ ဂရမ်၊ အဆီဓာတ် ၅ ဂရမ်၊ ဆိုဒီယမ် ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၄၃၆ မီလီဂရမ်တို့ အသီးသီးပါရှိသည်။
-ဒူးရင်းသီးအနှစ်သားသည် ပရိုတင်းဓာတ်ကြွယ်ဝရုံသာမက လူသားတို့ကျန်းမာရေးအတွက် အကျိုးပြုဗီတာမင်နှင့် သတ္တုဓာတ် ၁၇ မျိုး ပါရှိသည့်အတွက် နာလန်ထစလူနာများ ခွန်အားပြည့်ဓာတ်စာအဖြစ် မှီဝဲနိုင်သည်။
-ဒူးရင်းသီးအနှစ်သားထဲတွင်သဘာဝသကြားဓာတ်ပါရှိကာ အလွန်နူးညံ့ပြီး အစာကြေ လွယ်သဖြင့် ကိုယ်အလေးချိန်မပြည့်သော ကလေး ငယ်များအတွက် ဖြည့်စွက်စာအဖြစ် ကျွေးနိုင် သည်။
-ဒူးရင်းသီးတွင်ပါရှိသောသံဓာတ်နှင့်ဖော့စဖရပ်စ်တို့သည် ငှက်ပျောသီးတွင်ပါဝင်မှုထက် ၁၀ ဆကျော်ပိုများသဖြင့် ကလေးမီးဖွားပြီးစမိခင်များအနေဖြင့်ဒူးရင်းသီးစားသုံးနိုင်သည်။ ထို့ပြင် အခွံကိုမီးမြှိုက်၍ အခွံအတွင်းသားအမျှင်များကို စားသုံးရန် အထူးသင့်တော်သည်။
-အသီးထဲတွင်ပါဝင်သောအဆီဓာတ်သည် တခြားအသီးအနှံများထက် အဆီဓာတ်ပါဝင်မှု မြင့်မားသော်လည်း ကိုလက်စထရောကင်းသော အဆီဓာတ်ဖြစ်သည်။
-အစာကြေလွယ်သော အမျှင်ဓာတ်များ ပေါကြွယ်ဝသောကြောင့် ဝမ်းပျော့စေပြီး အူသိမ်၊ အူမထဲရှိ အရိအရွဲများကိုလျော့စေကာ အူမကြီးကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ပေးသည်။ အလွန်အမင်း ဝမ်းချုပ်ပါက ဒူးရင်းသီးအခွံ၏ အတွင်းသားဖြင့် ဝမ်းဗိုက်ကို ပွတ်တိုက်ပေးနိုင်သည်။
-ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်-B ဓာတ်ပေါင်းစုများ ကြွယ်ဝသောကြောင့် ကိုယ်ခံစွမ်းအားမြင့်မားကာ ပြင်ပရောဂါများကို အလွယ်တကူမကူးစက်နိုင်အောင် တိုက်ထုတ်ပေးသည်။
-ဒူးရင်းသီးသာမက အမြစ်နှင့်အရွက်တို့ကိုလည်း တိုင်းရင်းဆေးဆရာများက အပြင်းဖျားနာခြင်း နှင့် အသားဝါရောဂါကုထုံးများတွင် အသုံးပြုလေ့ရှိသည်။
-သွေးသန့်စေသည့်အပြင် သွေးနီဥဆဲလ်များကို ထုတ်လုပ်ပေးပြီး သံဓာတ်နှင့်ဖောလစ်အက်စစ်တို့ကြွယ်ဝသဖြင့်သွေးအားနည်းရောဂါကိုမဖြစ်စေနိုင်ပါ။
-ဒူးရင်းသီးထဲတွင်နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကိုထိန်းချုပ်ပေးနိုင်သည့် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါရှိသည်။
-ဦးခေါင်းပေါ်ရှိဒက်နှင့်အရေပြားပေါ်ရှိ ပွေးကွက်များအတွက် ဒူးရင်းအရွက်ပြုတ်ရည်ဖြင့် လိမ်းကျံပေးနိုင်သည်။
-ကော့ပါးဓာတ်ပါရှိသဖြင့် သိုင်းရွိုက်(လည်ပင်းအကျိတ်)ဝေဒနာများကို ကောင်းကျိုးပြုသည်။
-ပရိုတင်းဓာတ်ကြွယ်၀မှုကြောင့် ကြွက်သားများ ကောင်းမွန်စွာတည်ဆောက်မှုကိုအထောက်အကူပြုပေးသည်။
-ဒူးရင်းသီးသည် သွေးလည်ပတ်မှုကိုအားပေးသည်။
-အသီးထဲတွင် မဂ္ဂနီဆီယမ်၊ ဗီတာမင်-Bနှင့် ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါရှိခြင်းကြောင့် အရိုးနှင့်အရိုးဆက်များ ကျန်းမာရေးကို ကောင်းစွာပံ့ပိုးပေးသည်။
-ခြေသည်း၊ လက်သည်းများ မှိုပိုးစွဲခြင်းအတွက် ဒူးရင်းပင်အမြစ်က ကောင်းစွာကုသပေးနိုင်စွမ်းရှိသည်။
-မဂ္ဂနိစ်ဓာတ်ပါရှိခြင်းကြောင့် သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်အောင်ထိန်းချုပ်ပေးသည်။
-မီးစုန်းဓာတ်ပါရှိသဖြင့် သွားနှင့်သွားဖုံးကျန်းမာရေးကို ကောင်းစွာမြှင့်တင်ပေးသည်။
-ဒူးရင်းသီးအခွံကို ခုတင်အောက်၌ထားခြင်းဖြင့်ကြမ်းပိုးနှင့် ခြင်အန္တရာယ်တို့မှကင်းဝေးစေသည်။
-Pyridoxine (ခေါ်) ဗီတာမင်-B6 နှင့် အမိုင်နိုအက်စစ်တစ်မျိုးဖြစ်သော Tryptophan တို့ပါဝင်သဖြင့် စိတ်ကျရောဂါများ၊ စိုးရိမ်ကြောင့်ကြ ဖြစ်ခြင်းနှင့် စိတ်ဖိစီးခြင်း စသည့်ဝေဒနာများ ပြေပျောက်စေကာ အိပ်မောကျစေ၍ ဉာဏ်ရည်တိုးတက်ကောင်းမွန်စေသည်။
- Riboflavin (ခေါ်) ဗီတာမင်-B2 ပါရှိသဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေသည်။
-သီအာမင်နှင့် နီအာစင်းဓာတ်များ ပါရှိသောကြောင့် ဒူးရင်းသီးစားပြီးနောက် ဗိုက်ဝသွားကာ စိတ်ကျေနပ်မှုရစေ၍ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးသည်။
-ဓာတ်ခွဲစမ်းသပ်ချက်များအရ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်သော ဗီတာမင်-C (RDA)ရာခိုင်နှုန်းအပြည့်အဝပါရှိသဖြင့်ခန္ဓာကိုယ်အတွက် မလိုလားအပ်သော Free Radicals များကို တိုက်ထုတ်ပေး၍ ကူးစက်ရောဂါများကို ကာကွယ်ပေးကြောင်း၊ထိခိုက်ဒဏ်ရာများ အနာကျက်လွယ်စေကာ အရေပြားကိုကျန်းမာစေကြောင်း၊ အရွယ်တင်နုပျိုစေကြောင်း လေ့လာသိရှိရသည်။
- ဒူးရင်းသီးတွင်ပါရှိသော သဘာဝ Tryptophan ဓာတ်က လူ့ခန္ဓာကိုယ်ထဲရောက်သွားသောအခါ Serotonin အဖြစ်အလိုအလျောက်ဓာတ်ပြောင်းလဲသွားပြီး သွေးထဲသို့ Melatonin ထွက်ရှိစေသဖြင့် အိပ်ပျော်စေသည်။
ဒူးရင်းသီးစားလျှင် သတိယှဉ်
ဒူးရင်းသီးကအထက်ဖော်ပြပါကျန်းမာရေးအာနိသင်များကိုပေးစွမ်းနိုင်သော်လည်း အခန့်မသင့်ပါက ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်၍ သတိနှင့်ယှဉ်ပြီး စားသုံးသင့်သည်။
-ဒူးရင်းသီးမစားသုံးမီနှင့်စားသုံးပြီးနောက် အရက်၊ ဘီယာ၊ ဝိုင် စသည့် အယ်လ်ကိုဟောပါဝင်သောအရည်များ သောက်သုံးခြင်းကို အထူး ရှောင်ကြဉ်သင့်သည်။ တွဲဖက်စားသုံးခြင်းအားဖြင့် အူချဉ်နာ၊ လေထိုးလေအောင့်နာ၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ဖြစ်စေနိုင်သည်။
- သွေးတိုးရောဂါရှိသူများအနေဖြင့် ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံစားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။ အခန့်မသင့်ပါက အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ (ထိုင်းနိုင်ငံတွင် ဒူးရင်းသီးစားသုံးပြီးနောက် ရှစ်နာရီအတွင်း နို့ထွက်ပစ္စည်းများကို မစားသုံးရန် တိုက်တွန်း ထားကြောင်း သိရသည်။)
-ဒူးရင်းသီးစားပြီး ခရမ်းသီးစားခြင်းက အပူစာနှစ်မျိုးကို တစ်ပြိုင်နက်တည်း စားသုံးသကဲ့သို့ ဖြစ်စေကာ အပူများပြီး လည်ချောင်းနာခြင်းနှင့် ဖျားနာခြင်းကို ဖြစ်စေနိုင်သည်။
-ဒူးရင်းသီးနှင့်ကဏန်းတွဲဖက်စားသုံးခြင်းက အပူစာနှင့်အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်၍ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနှင့်ဗိုက်အောင့်၊ဗိုက်နာခြင်း ဖြစ်စေနိုင်သည်။
-အမဲသား၊ ဆိတ်သား၊ မှိုကဲ့သို့ အပူစာများနှင့် ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းက အစာအဆိပ်သင့်စေနိုင်ပြီး အော့အန်ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဖျားနာခြင်းတို့ကို ဖြစ်စေနိုင်သည်။
-ကဖင်းဓာတ်ကြွယ်ဝစွာပါရှိသော ကော်ဖီနှင့် ဒူးရင်းသီးတွဲဖက်စားသုံးခြင်းကရုတ်တရက်နှလုံးရပ်ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဦးခေါင်း အလွန်အမင်းကိုက်ခဲခြင်းတို့ ဖြစ်စေနိုင်သည်။
-ဒူးရင်းသီးစားပြီးနောက် လိုက်ချီးသီးမစားပါနှင့်။အသက်အန္တရာယ်ဖြစ်စေတတ်သည်။
-ဒူးရင်းသီးက အပူဓာတ်ဖြစ်ကာ သကြားဓာတ်အမြောက်အမြားပါရှိသည့်အတွက် အဝလွန်ရောဂါရှိသူများ၊ ကိုယ်အလေးချိန်တက်သူများ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ဆီးချိုရောဂါရှိသူများ မစားသင့်ပေ။
-ပိုတက်ဆီယမ်ဓာတ် အလွန်မြင့်မားစွာပါဝင်သဖြင့် နာတာရှည်ကျောက်ကပ်မကောင်းသူများနှင့် နှလုံးရောဂါရှိသူများ စားသုံးရန်မသင့်ပေ။
- အစာအိမ်မကောင်းသူများ၊ အသည်းရောဂါနှင့် သွေးတိုးရောဂါရှိသူများ ဒူးရင်းသီးစားရန် မသင့်ပေ။ အစာကြေရန် ခက်ခဲခြင်း၊ ဝမ်းတွင်း အပူရှိန်မြင့်တက်စေခြင်းဖြစ်နိုင်သည်။ဒူးရင်းသီးစားသုံးပြီးချိန်ရေ အမြောက်အမြား သောက်သုံးပေးသင့်သည်။ အပူစင်စေရန် ဒူးရင်းသီးစားပြီးနောက် မင်းကွတ်သီး အနည်းငယ်စားပေးသင့်သည်။ နာနတ်သီးစားပေးခြင်းဖြင့် အပူမကန်နိုင်ပါ။
ဒူးရင်းသီးကောင်းကောင်း ရွေးချယ်နည်း
အနံ့အရသာနှင့်ပြည့်စုံသော ဒူးရင်းသီးတစ်လုံး ရရှိရန် ဒူးရင်းသီး၏အဆူးများသည် တိုနေရပါမည်။ ဆူးလိုင်းများ ကျဲနေရမည်။ အသီးအညှာသည် ဖြောင့်တန်းနေရပါမည်။ အသီးကို နမ်းကြည့်ပြီးမှည့် ၊မမှည့် လွယ်ကူစွာသိရှိနိုင်သည်။ ဒူးရင်းသီးကို လှုပ်ခါကြည့်ပါ။ မှည့်သောအသီးက မသိမသာ အတွင်းအဆန် ချောင်နေပါသည်။ ထိပ်ပွင့်နေသော အသီးကို မဝယ်သင့်ပါ၊ အနံ့အရသာ မကောင်း တတ်ပေ။ အလွှာအကန့်များသောအသီးကို ရွေးချယ်ပါ။ အလွှာအကန့်များလေ ဒူးရင်းသီးအနှစ် ပါဝင်မှုများလေဖြစ်သည်။ အလုံးဝိုင်းဝိုင်း အောက်ခြေဖင်ပြားပြားအသီးကိုရွေးပါ။ အသားပြည့် မည်ဖြစ်သည်။ ဒူးရင်းသီးသည် အကျိုးပြုဓာတ်များစွာပါဝင်သဖြင့် ကျန်းမာရေးအတွက် အထောက် အကူပြုသော်လည်း အခန့်မသင့်ပါက ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်၍ သတိနှင့်ယှဉ် စားသုံးသင့် ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
MWD Web Portal
Photo - Quill and Pad