ခြင်ကိုက်ခြင်းမှဖြစ်တတ်သော အရေပြားပြဿနာ

Posted_Date

Image

ခြင်ကိုက်ခြင်းမှဖြစ်တတ်သော အရေပြားပြဿနာ

Body

ခြင်ကိုက်တဲ့အခါ အရေပြားက ဓာတ်မတည့်မှုဖြစ်ပြီး ရောင်လာတတ်ပါတယ်။ မိနစ်ပိုင်းအတွင်းမှာ ခြင်ကိုက်တဲ့နေရာမှာ အနီဖုလေးတွေ၊    အရည်ကြည်ဖုလေးတွေ ဖြစ်လာပါတယ်။   အရေပြားမှာ အနီပြင်၊ အနီရည် ကြည်ဖု၊  အမာရွတ်တွေ တွေ့နိုင်ပါတယ်။ ခြင်ကိုက်တဲ့အခါ ယားလာမယ်။ အရေပြားမှာ  အနီဖုပေါ်လာမယ်။ သွေး ခြည်ဥမယ်။ အရေပြားရောင်မယ်။ အင်ပျဉ် လိုအနီပြင်တွေ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ အချိန်က   နွေဦးပေါက်နဲ့ မိုးရာသီဖြစ်ပါတယ်။

ခြင်ကိုက်ဖုက အနီဖုဖြစ်ရခြင်းမှာ ကိုယ်ခံစွမ်းအားစနစ်က ခြင်ကိုက်ခြင်းကို တန်ပြန်လို့ပဲဖြစ်ပါတယ်။ အပြင်ကနေ ဓာတ်မတည့်မှုဖြစ်စေမယ့်လှုံ့ဆော်မှု တစ်မျိုးဝင်လာတော့ ခန္ဓာကိုယ်တုံ့ပြန်ပြီး ယားလာပါတယ်။ ခြင်ကိုက်လို့ လူတစ်ဦး နဲ့တစ်ဦး ယားယံပြီးမတူညီကြပါဘူး။

တချို့လူတွေက ခြင်ကိုပိုဆွဲဆောင်နေတတ်သလိုဖြစ်နေပါတယ်။သူတို့ကိုပဲ ခြင်ပိုကိုက်တယ်လို့ ထင်ရလောက်အောင် ခြင်ကိုက်ရာတွေ များနေတတ်ပါတယ်။ သူတို့ကပိုယားပြီး    ပိုလည်းကုတ်တတ် ကြပါတယ်။ တချို့ကတော့ ကိုယ်ခံစွမ်း အားစနစ်က    ခြင်ကိုက်တာကိုတုံ့ပြန်မှု များပါတယ်။ တချို့ဆို  ခြင်ကိုက်လို့ ကိုက်မှန်းမသိကြပါဘူး။   တချို့ကလေး တွေက ကြီးလာလေ ခြင်ကိုက်ခံရတာ ပိုလာလေဖြစ်တယ်။   ခြင်နဲ့မတည့်တဲ့ စွမ်းရည်ကပိုများလာပါတယ်။ အသက် ၁-၅  နှစ်အရွယ်အထိ ကလေးငယ်တွေက    ခြင်ကိုက်ရင်ပိုယားတတ်ပါတယ်။ တချို့လူတွေမှာ  ခြင်ကိုက်တာကို အဖု၊ အင်ပျဉ်အနေနဲ့မြင်ရပါတယ်။ ခြင်ကိုက် တဲ့အခါ   ကုတ်လိုက်ရင်   အရေပြားမှာ   အင်ပျဉ်လိုအနီပြင်တွေ ထွက်တတ်ပါတယ်။

အိုသွေးအုပ်စုပိုင်ရှင်၊ ဂျီစစ်ပီဒီ(G6PD)အားနည်းသူတွေကို  ခြင်ပိုကိုက်တတ်ပါတယ်။ အဝတ်အစားအရောင်ရင့်ရင့် ဝတ်ထားတဲ့သူကို ရွေးပြီးကိုက်တတ်ပါ တယ်။

ခြင်ကိုက်ဖုတွေဖြစ်ရင်   မကုတ်ဘဲ ရေအေးဖတ်တင်ထားပြီး   ရေအေးအေး နဲ့ဆေးလိုက်ရင် သက်သာပါတယ်။ ဒါမှအဆင်မပြေရင် ယားနာပျောက်ဆေး လိမ်းရပါမယ်။ ခြင်ကိုက်ဖုက နီနေပြီဆိုရင်  အရောင်ကျ ဆေးလိမ်းသင့်ပါတယ်။

ခြင်ကိုက်တာမှာ   နောက်ဆက်တွဲဆိုး ကျိုးတွေရှိတတ်ပါတယ်။ ကုတ်ရင်းကနေ ပြည်ဝင်၊   ပိုးဝင်၊  ပြည်တည်နာဖြစ်ပြီး အနာရင်းတတ်ပါတယ်။ ခြေထောက်မှာ အနာဖြစ်ရင်   ပေါင်မှာအကျိတ်ဖြစ်လာ တတ်တယ်။ ကုတ်ရာနက်ရင်   ခြေသလုံးနဲ့ လက်တွေမှာ      အမာရွတ်ကျန်တတ်ပါတယ်။  အရေပြားထိခိုက်ပြီး   အရေပြား အရောင်ညိုကာ မည်းလာတတ်ပါတယ်။

တချို့ကတော့ အရေပြားကုတ်ဖဲ့တာ အကျင့်ပါနေလို့  ယားယား၊ မယားယား ကုတ်တတ်တဲ့အကျင့်ဖြစ်သွားပြီး  နာတာရှည်နှင်းခူနာတွေဖြစ်သွားတတ်ပါတယ်။

ခြင်ကိုက်ဖုတွေကနေဖြစ်တဲ့ အနာတွေပျောက်အောင် ခြင်ကိုက်တဲ့အခါမကုတ်ရင် သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ အနာဖြစ်လာရင် ဆေးရုံဆေးခန်းပြသင့် ပါတယ်။ ခြင်ကိုက်ဖုအပေါ်မှာ အရောင်ကျဆေးနဲ့ ယားနာပျောက်ဆေးတွေလိမ်းရပါမယ်။   သောက်ဆေးတွေသောက်ရပါတယ်။    ခြင်ကအရေပြားတစ်နေရာကို ကိုက်လိုက်ရင် တခြားနေရာဟောင်းတွေကလည်း   ယားလာတတ်တာကို   သတိထားရပါမယ်။

ခြင်ကိုက်ဖုနဲ့တွဲဖြစ်တတ်တဲ့အရေပြားပြဿနာတွေရှိပါတယ်။ ခြင်ကိုက်နာ မပျောက်ရင်  ခြင်ကိုက်ရာဟုတ်ရဲ့လား၊ ရောဂါတစ်ခုခုရှိ‌နေလားဆိုတာ စစ်ဆေး သင့်ပါတယ်။ ဥပမာ ခုခံအားနည်းသူတွေမှာ ယားနာ ဖြစ်တတ်ပါတယ်။

ခြင်ကိုက်တာဆိုးလာရင်၊ မပျောက်ရင်၊ အချိန်တိုအတွင်းဖြစ်လာရင် HIV/AIDS စစ်သင့်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှိသူ တွေက ခြင်ကိုက်‌ရာကိုကုတ်လိုက် ရင်ပိုးဝင်လွယ်ပြီး ပြည်တည်နာဖြစ်တတ် ပါတယ်။ ဒါကြောင့်  ခြင်ကိုက်တဲ့အခါ ပြည်တည်နာဖြစ်လွယ်ရင် ဆီးချိုသွေးချိုရောဂါကိုစစ်ကြည့်ဖို့လိုအပ်ပါတယ်။

ဒါ့ပြင်  ခြင်ကိုက်ဖုနဲ့တူတဲ့ဝဲ၊ ယားနာ၊ ကာလသားရောဂါ၊ ဆေးဝါးနဲ့မတည့်တာ၊ မွေးညင်းပေါက်ရောင်တာ၊ ဓာတ်မတည့်တာနဲ့၊   နှင်းခူနာတွေကို သတိထားရပါတယ်။

လှေး၊ လောက်၊ ကြမ်းပိုး၊ ခွေးသန်း၊ ကြောင်သန်းတို့ကြောင့် ယားပြီးကုတ်ရင်  ခြင်ကိုက်ရာနဲ့တူလို့ ဘာကြောင့် ယားယံသလဲဆိုတာကို သေသေချာချာစစ်ဆေး ဖို့လိုအပ်ပါမယ်။

ခြင်မကိုက်အောင်  ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်ဝတ်ရပါမယ်။  လုံချည်ရှည်ရှည်ဝတ်ရပါမယ်။ ခြေစွပ် စွပ်ရမယ်။ ခြင်ကိုက်နိုင်မယ့်အချိန်တွေမှာ   အဝတ်အစားကို အရောင်ရင့်ရင့်မဝတ်ဘဲ အရောင်နုတာ   ရွေးဝတ်ရပါမယ်။   ခြေသလုံး၊ လက်မောင်း၊ ခြေဖမိုး၊  လက်အထိအဝတ် ဖုံးထားရပါမယ်။   အဝတ်အစားတွေကို ခြင်မကိုက်စေမယ့်ဆေး စိမ်ရမယ်။ ခြင်အကိုက်ဆုံးအချိန်က   ညနေစောင်းနဲ့ နံနက်အရုဏ်တက်ချိန်ဖြစ်ပါတယ်။ ဒါကြောင့် ညနေစောင်းလာရင် အိမ်အပြင်မှာထိုင်တာရှောင်ကြဉ်သင့်ပါတယ်။

အိမ်ထဲကိုခြင်မဝင်အောင်ထားရမယ်။ ရေစပ်စပ်ရှိရင်   ခြင်နေနိုင်လို့ ခြင်ပေါက်ပွားနိုင်တဲ့   ရေနုတ်မြောင်းတွေသန့်ရှင်းရေးပြုလုပ်ရပါမယ်။  ချုံတွေရှင်းရမယ်။ အိမ်ပြတင်းပေါက်တွေကို ခြင်လုံဆန်ခါ တပ်ဆင်ရပါမယ်။

ကျောင်းသား၊ ကျောင်းသူတွေစာကျက်ရင်  ခြင်ထောင်အကြီးကြီးထဲမှာ ထိုင်ကျက်တာကခြင်မကိုက်နိုင်တော့ပါဘူး။

ခြင်ပေါက်ပွားရာနေရာတွေကို သန့်ရှင်းရေးပြုလုပ်သင့်တယ်။ ဥပမာ_ရေဟောင်း ရေညစ်တွေ  စွန့်ပစ်တာတို့၊ ပန်းအိုးတွေရေမှန်မှန်လဲတာကိုပြုလုပ်ရပါမယ်။ ရေမြောင်းတွေပိတ်ဆို့နေရင်  ရှင်းလင်းပေးရပါမယ်။

ခြင်ဝင်နိုင်တဲ့ အိမ်အပေါက်တွေကို ပြင်ရပါမယ်။ ခြင်ကြောက်တဲ့ရနံ့ကို ဖျန်းရပါမယ်။ အားလုံးသိတဲ့အတိုင်း လိမ္မော်ခွံ မီးရှို့တာ၊ နနွင်းမီးရှို့တာနဲ့ ခြင်ဆေးထွန်း တာတို့ကိုပြုလုပ် ရပါမယ်။

ခြင်ကိုက်ရာတွေနဲ့ ပတ်သက်ပြီး မလုပ်သင့်တာက  ခြင်ကိုက်ရာကိုကုတ်မိရင် အရေပြားပေါက်ပြဲပြီးပိုးဝင်လွယ်ပါတယ်။ သန့်ရှင်းအောင်မနေဘူးဆိုရင်ပိုးဝင်တတ်တယ်။    ခြင်ကိုက်ရာရှိတဲ့အရေပြားကို  ကုတ်ဖဲ့တာမျိုး မလုပ်သင့်ပါဘူး။ အရေပြားပျက်စီးတတ်ပါတယ်။ အရေပြားကိုစားစေမယ့် ဆေးမျိုးမလိမ်းသင့်ပါဘူး။ အမာရွတ်ကျန်တတ်ပါတယ်။

ခြင်ကိုက်တဲ့နေရာကို   တချို့ထုံးတို့တာ၊ သွားတိုက်ဆေးတို့တာက အရေပြားယားတာ  အာရုံလွဲအောင်အလွယ်လုပ်တာပါ။ ဒါပေမဲ့ ဓာတ်မတည့်တာတစ်ခုခု မဖြစ်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဘာပဲတို့တို့ ယားတာ ခဏသက်သာတယ် ဆိုပေမယ့်   အရေပြားမထိခိုက်ဖို့  သတိ ထားတာကအကောင်းဆုံးဖြစ်ပါတယ်။

ခြင်ကိုက်ဖုကြောင့် ကုတ်ဖဲ့ရင်း အမာရွတ်တွေဖြစ်တာ အများကြီးတွေ့ဖူးတယ်။ အနာဖုကိုကုတ်ဖဲ့ရင်းနဲ့  ဝဲ၊နှင်းခူနာ ဖြစ်လာတယ်။  တချို့ကတော့   ခြင်ကိုက် တာက ကုလို့မရတာကိုလက်ခံပြီး ခြင်ကိုက်ရင် ယားနာဖြစ်ပြီး ကုတ်ဖဲ့နေတတ်ပါတယ်။    အမာရွတ်က နက်နေရင် ဘယ်လောက်ဆေးလိမ်းဆေးစား ရောဂါ အကုန် မကောင်းနိုင်တော့ပါ။

အချုပ်ဆိုရရင်      ခြင်ကိုက်တဲ့အခါ ငှက်ဖျားရောဂါ၊     သွေးလွန်တုပ်ကွေး ရောဂါ၊  ဆင်ခြေထောက်ရောဂါနဲ့၊  ဝဲ၊  ယားနာတို့ဖြစ်စေပါတယ်။    ပိုးရှိရင် ခြင်ကိုက်မခံတာ    အကောင်းဆုံးပဲဖြစ်ပါတယ်။    အဖျားဝါဝါ (Yellow fever)နဲ့   ဦးနှောက်အမြှေးရောင်ရောဂါတွေလည်း ဖြစ်တတ်လို့   ခြင်မကိုက်အောင်   ဂရု တစိုက်နေထိုင်သင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။      ။

MWD Web Portal