ဟနွိုင်းမြို့ရှိ ဓာတ်ပုံဆိုင်တစ်ခုတွင် ကိုရီးယားအမျိုးသမီး ခရီးသွားတစ်ဦး က ဗီယက်နမ်အမျိုးသမီးကို ရိုက်နှက်ပြီး ၆ ရက်အကြာတွင် ၎င်း အမျိုးသမီး သည် သူမ၏ကုမ္ပဏီမှ ထုတ်ပယ်ခံခဲ့ရသည်။
ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ကိုရီးယားနှစ်ဦးအနက် တစ်ဦးအလုပ်လုပ်ကိုင် နေသော Segyung Vina ကုမ္ပဏီက ၎င်း၏ အမျိုးသမီးဝန်ထမ်းကို အလုပ်မှထုတ်ပယ်ခဲ့ပြီး ဗီယက်နမ်လူမျိုးများနှင့် ဖြစ်စဉ်ကြောင့် ထိခိုက် ခံစားရသူများအား တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။
Segyung Vina ကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Jeon Sung-wook က ဇူလိုင် ၁၆ ရက်ထုတ်ပြန်ချက်တွင် "မိမိတို့အနေဖြင့် ကိုယ်ထိလက်ရောက် ရန်ပြုခံရသူအား စိတ်ရင်းမှန်ဖြင့် တောင်းပန်ရန်နှင့် အကျိုးဆက်များကို ဖြေရှင်းနိုင်ရေး ကောင်းစွာထောက်ပံ့ပေးရန် အကောင်းဆုံး ကြိုးစား ပါမည်" ဟု ပြောကြားခဲ့သည်။
မစ္စတာ Jeon ၏ပြောကြားချက်အရ အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော အမျိုးသမီးဝန်ထမ်းသည် ကိုရီးယားရှိ ဌာနချုပ်တွင် အလုပ်လုပ်ကိုင် နေပြီး ဗီယက်နမ်ရှိ လုပ်ငန်းခွဲသို့ တာဝန်ဖြင့် စေလွှတ်ထားသူဖြစ်ပြီး သူမ၏ ဗီယက်နမ်သို့ လုပ်ငန်းကိစ္စခရီးစဉ်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Segyung Vina ၏ CEO က ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသို့ လုပ်ငန်း ကိစ္စခရီးစဉ်များအတွက် သွားရောက်မည့်ဝန်ထမ်းများ၏ ကျင့်ဝတ်သိက္ခာ စည်းမျဉ်းများကို ရေးဆွဲသတ်မှတ်သွားမည်ဖြစ်ပြီး၊ ပြည်တွင်း/ ပြည်ပ ဝန်ထမ်း အားလုံးအတွက် ပုံမှန်လေ့ကျင့်သင်တန်းများ စီစဉ်ပေးကာ အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ကာကွယ်သွားမည်ဟု ဆိုသည်။
ဗီယက်နမ်ရှိ တောင်ကိုရီးယားသံရုံးမှ အရာရှိတစ်ဦးက ဒေသခံရဲတပ်ဖွဲ့မှ ဖြစ်စဉ်ကို တက်ကြွစွာ စုံစမ်းစစ်ဆေးနေပြီး၊ သံရုံးအနေဖြင့်လည်း နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖြစ်စဉ်ကို သင့်တင့်မျှတစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ဆိုးကျိုး မသက်ရောက်စေရန် ဗီယက်နမ်အစိုးရနှင့် ဆက်သွယ်ညှိနှိုင်းလျက် ရှိကြောင်း ကြေညာခဲ့သည်။
အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်မှာ ဇူလိုင် ၁၁ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အရက်မူးနေသော ကိုရီးယားအမျိုးသမီးခရီးသွားက ဗီယက်နမ် အမျိုးသမီးအား ဓာတ်ပုံမြန်မြန်ရိုက်ရန် တွန်းအားပေးခဲ့ပြီးနောက် ရုတ်တရက် ရန်စကာ လက်သီးဖြင့်ထိုး၊ ခေါင်းကို အိတ်ဖြင့် ရိုက်ခဲ့ခြင်းမှ အစပြု ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားချိန်၌ ကိုရီးယား နိုင်ငံသားများစွာ အလွန် အမျက်ဒေါသထွက်ခဲ့ကြပြီး Yonhap News TV က ယင်းဖြစ်စဉ်ကို "နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းမှု" အဖြစ် သတ်မှတ်ခဲ့သည်။ Theqoo ကဲ့သို့သော အဓိကအွန်လိုင်းဖိုရမ်များတွင် ထောင်နှင့်ချီသော မှတ်ချက်များက ပြင်းထန်စွာအပြစ်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ များစွာသော တောင်ကိုရီးယားနိုင်ငံသားတို့က သူမအား ဖမ်းဆီးကာ ဗီယက်နမ် သို့ ပြန်လည်ပို့ဆောင်ပြီး အပြစ်ပေးခံရစေရန် မျှော်လင့်ခဲ့ကြသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂