မြောက်ကိုရီးယားမှ ထွက်ပြေးတိမ်းရှောင်လာသူ နှစ်ဦး တောင်ကိုရီးယားရှိ ဂီတအဖွဲ့တစ်ခုတွင် ပါဝင်လာ

News Image

  • မြောက်ကိုရီးယားမှ ထွက်ပြေးတိမ်းရှောင်လာသူ နှစ်ဦး တောင်ကိုရီးယားရှိ ဂီတအဖွဲ့တစ်ခုတွင် ပါဝင်လာ

မြောက်ကိုရီးယားမှ ထွက်ပြေးတိမ်းရှောင်လာပြီး ဂီတအိပ်မက်ကို အကောင်အထည်ဖော်ရန် တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ပြီးနောက် နှစ်များစွာအကြာတွင် K-pop ယောက်ျားလေးအဖွဲ့သစ်တစ်ခုဖြစ်သော 1VERSE တွင် မြောက်ကိုရီးယားမှ ထွက်ပြေးတိမ်းရှောင်ခဲ့သူ နှစ်ဦး ပါဝင်လာခဲ့သည်။

ဇူလိုင် ၁၈ ရက်တွင် ကမ္ဘာတစ်ဝှမ်း စတင်မိတ်ဆက်ခဲ့သော 1VERSE အဖွဲ့ တွင် မြောက်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်မှ အသက် ၂၀ ကျော် အမျိုးသား ၅ ဦး ပါဝင်ပြီး မြောက်ကိုရီးယားမှ အဖွဲ့ဝင်နှစ်ဦးမှာ Hyuk (ဟျုက်) နှင့် Seok (ဆောက်) တို့ဖြစ်သည်။

Yu Hyuk (၂၅ နှစ်) သည် မြောက်ကိုရီးယား အရှေ့မြောက်ပိုင်း Kyongsong ဒေသမှ ဖြစ်ပြီး ငယ်စဉ်ကတည်းက တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ကာ ထိုစဉ်က တောင်ကိုရီးယားတွင် ရှိနေသည့် မိခင်မှ စီစဉ်ပေးထားသော ပို့ဆောင်ပေးသူ၏ အကူအညီဖြင့် တောင်ကိုရီးယားသို့ ၂၀၁၃ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ Hyuk က ၎င်း၏ ပထမဆုံး သီချင်း "Shattered" သည် မြောက်ကိုရီးယားတွင် ဖခင်ဆုံးပါးသည့်သတင်းကို ကြားသိချိန်က ခံစားချက်များကို ထင်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

Kim Seok (၂၅ နှစ်) သည်လည်း တရုတ်နှင့်နယ်စပ်ချင်းထိစပ်နေသော မြောက်ကိုရီးယားမြို့တစ်မြို့တွင် ကြီးပြင်းခဲ့သူဖြစ်ပြီး K-pop ကို မိတ်ဆွေ တစ်ဦးထံမှတစ်ဆင့် စတင်သိရှိခဲ့သည်။ အသက် ၁၈ နှစ်အရွယ်တွင် ဖခင် နှင့် အဖွားတို့နှင့်အတူ မြောက်ကိုရီးယားမှ ထွက်ပြေးခဲ့သည်။

1VERSE အဖွဲ့ကို စီမံအုပ်ချုပ်သည့် Singing Beetle ကုမ္ပဏီ၏ ထုတ်လုပ် သူနှင့် CEO Michelle Cho က "ပြည့်စုံပြီး အလှပဆုံးဟု မြင်ရသည့် K-pop လောကထဲမှာ ပိုမိုစစ်မှန်သည့် အဖွဲ့တစ်ခုကို ဖန်တီးချင်ခဲ့ပါသည်" ဟု ပြောကြားခဲ့သည်။ "ချို့တဲ့သည့်ဘဝမှ အိပ်မက်တစ်ခုကို လိုက်စားသူ ၏ ဇာတ်လမ်းကို မည်သူက မနှစ်သက်ဘဲနေနိုင်မည်နည်း၊ အထူးသဖြင့် K-pop မှာပေါ့" ဟု Cho က ဆိုသည်။

မြောက်ကိုရီးယားမှ ထွက်ပြေးတိမ်းရှောင်လာသူ အဖွဲ့ဝင်ပါရှိသည့်အတွက် အဖွဲ့သည် အများ၏ စိတ်ဝင်စားမှုရရှိထားသော်လည်း Hyuk က ၎င်းတို့၏ စွမ်းရည်အပေါ်တွင်သာ အကဲဖြတ်ခံကြရန် မျှော်လင့်နေသည်။

"လူများစွာအတွက် အားအင်နှင့် အားတက်ဖွယ်သတင်းစကားကို ယူဆောင်လာပေးနိုင်သည့် idol တစ်ယောက်ဖြစ်ချင်ပါသည်။ ၎င်းတို့သာလျှင် မဟုတ်ပါ၊ မိမိတို့ကဲ့သို့ သူများလည်း ရှိကြောင်း ပြချင်ပါသည်" ဟု ၎င်းက ပြောကြားခဲ့သည်။

1VERSE မတိုင်မီက Be Boys အမည်ရှိ အခြားတောင်ကိုရီးယား တေးဂီတအဖွဲ့တစ်ခုတွင်လည်း မြောက်ကိုရီးယားမှ ထွက်ပြေးတိမ်းရှောင်လာသူ အဖွဲ့ဝင်တစ်ဦး ပါဝင်ခဲ့ဖူးသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂