စံချိန်တင် လေထီးအလွတ်ခုန်သမား မတော်တဆမှုဖြင့် သေဆုံး

News Image

  • စံချိန်တင် လေထီးအလွတ်ခုန်သမား မတော်တဆမှုဖြင့် သေဆုံး

သမိုင်းဝင် စံချိန်တင် လေထီးအလွတ်ခုန်ခြင်းတွင် ကျော်ကြားခဲ့သူ ဩစတြီးယားအားကစားသမား ဖီလစ်ဘောမ်ဂတ်နာ (Felix Baumgartner) သည် အီတလီနိုင်ငံတွင် ပါရာဂလိုက်ဒါ မတော်တဆမှုကြောင့် သေဆုံး သွားခဲ့သည်။

ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ အသက် ၅၆ နှစ်အရွယ် ဘောမ်ဂတ်နာသည် ဇူလိုင် ၁၇ ရက်နေ့က အီတလီကမ်းခြေမြို့ Porto Sant'Elpidio တွင် ဟိုတယ်တစ်ခု၏ ရေကူးကန်အတွင်းသို့ ပါရာ ဂလိုက်ဒါထိန်းချုပ်မှုလွဲမှားပြီး ကျရောက်ကာ သေဆုံးခဲ့သည်ဟု သိရသည်။

အီတလီနိုင်ငံ၊ Marche ခရိုင်၊ Fermo စီရင်စုရှိ ကမ်းခြေမြို့ဖြစ်သော Porto Sant'Elpidio ၏ မြို့တော်ဝန် Massimiliano Ciarpella က ဘောမ်ဂတ်နာသည် လေထဲတွင် ရုတ်တရက်ကျန်းမာရေးပြဿနာ (ဥပမာ -နှလုံးရပ်ခြင်း) ကြုံတွေ့ခဲ့ဟန်ရှိကြောင်း ပြောကြားခဲ့သည်။ အခြားသတင်း များအရ ၎င်းသည် ရေကူးကန်အတွင်းသို့မကျမီကတည်းက နှလုံးရပ်ကာ သေဆုံးခဲ့ဟန် ရှိသည်ဟုဆိုသည်။

မြို့တော်ဝန် Ciarpella က "ရဲရင့်မှုနှင့် စွန့်စားပျံသန်းမှုတို့အပေါ် စွဲမက်မှုတို့၏ သင်္ကေတ" ဖြစ်သူ၏ ကွယ်လွန်မှုအတွက် မြို့သူမြို့သား အားလုံးထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

အီတလီသတင်းစာ Corriere dello Sport က "စွန့်စားရှာဖွေမှုများ၏ ဘုရင်သည် နောက်ဆုံးတွင် ကံကြမ္မာ၏စေစားရာကို မလွန်ဆန်နိုင်တော့ပါ" ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။

ဖီလစ်ဘောမ်ဂတ်နာသည် အသက်အန္တရာယ်ရှိသော နာမည်ကျော် အလွတ်ခုန်မှုများစွာကို ပြုလုပ်ခဲ့သူဖြစ်ပြီး ၎င်းတွင် မလေးရှားနိုင်ငံရှိ ပီထရိုနာ့စ် မျှော်စင် (Petronas Towers) ၊ ဘရာဇီးနိုင်ငံရှိ ခရစ်တော် ကယ်တင်ရှင်ရုပ်တု (Christ the Redeemer statue) များမှ ခုန်ချခဲ့သည့် စွန့်စားမှုများလည်း ပါဝင်သည်။

၎င်း၏ ကမ္ဘာကျော်အလွတ်ခုန်မှုမှာ ၂၀၁၂ ခုနှစ်က မြေပြင်အထက် ပေ ၁၄၀,၀၀၀ အမြင့်မှ ခုန်ချခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ၎င်းသည် အမြင့်ဆုံး အမြန်နှုန်း Mach 1.25 (တစ်နာရီ မိုင် ၈၅၀ ကျော်) ဖြင့် ၄ မိနစ်နှင့် ၁၉ စက္ကန့်ကြာ ပြုတ်ကျခဲ့ပြီး မော်တာမပါဘဲ အသံထက် မြန်သည့် အရှိန်ကို စံချိန်တင်ရရှိခဲ့သည်။

အဆိုပါ ခုန်ချမှုများသည် လူသား၏ စွန့်စားလိုစိတ်နှင့် နည်းပညာ စွမ်းရည်တို့၏ အစွန်းရောက်ဆုံးစမ်းသပ်မှုများဖြစ်ပြီး အာကာသယာဉ်မှူး များအတွက် အရေးပေါ်ထွက်ခွာနည်းများ သုတေသနပြုရာတွင် အထောက် အကူပြုနိုင်သည်ဟု ဆိုသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂