ဒေါ်နယ်ထရမ့်က Epstein အမှုနှင့်ပတ်သက်သော မှုခင်း အထောက်အထား အပြည့်အစုံကို ထုတ်ပြန်ရန် အမိန့်ပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သေဆုံးသွားပြီဖြစ်သော ဂျက်ဖရီ အပ်စတိန်း၏ ငွေကြေးအရှုပ်တော်ပုံနှင့် လိင်ကုန်ကူးမှုဖြစ်စဉ်အား ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဝေဖန်မှုများ အရှိန်မြင့်လာပြီးနောက် နောက်ထပ်အချက်အလက်များ ထုတ်ပြန်ရန် ကတိပြုခဲ့သည်။
မှုခင်းဖိုင်အပြည့်အစုံကို ထုတ်ပြန်ရန် လပေါင်းများစွာ ကတိပေးပြီးနောက် အမေရိကန်တရားရုံးချုပ်က လွန်ခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ချက်တွင် နောက်ထပ်စာရွက်စာတမ်းများ ထုတ်ပြန်မည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ ယင်းက ထရမ့်၏ အနီးကပ်ဆုံး ထောက်ခံသူအချို့ကို မကျေနပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ထရမ့်က ၎င်း၏ Truth Social စာမျက်နှာတွင် "ဂျက်ဖရီ အပ်စတိန်း ကိစ္စနှင့်ပတ်သက်ပြီး အလွန်အမင်းပျံ့နှံ့နေသော သတင်းများကြောင့် တရားရုံး၏ခွင့်ပြုချက်ဖြင့် Grand Jury သက်သေခံချက်များအားလုံးကို ထုတ်ပြန်ရန် ရှေ့နေချုပ် Pam Bondi အား တောင်းဆိုခဲ့ပါသည်" ဟု ကြာသပတေးနေ့ (ဇူလိုင် ၁၇) က ရေးသားခဲ့သည်။ “ဒီမိုကရက်တို့ ဖန်တီးထားသည့် လှည့်ဖြားမှုကြီး ယခုပင် အဆုံးသတ်သင့်ပါပြီ" ဟု ၎င်းက ဖြည့်စွက်ခဲ့သည်။
Bondi က သူမ၏ရုံးသည် Grand Jury မှတ်တမ်းများကိုချပြနိုင်ရေး ဇူလိုင် ၁၈ တွင် တရားရုံးသို့ တင်ပြရန် အဆင်သင့်ဖြစ်နေပြီ" ဟု အတည် ပြုခဲ့သော်လည်း မည်သည့်စာရွက်စာတမ်းများကို မည်သည့်အချိန်တွင် ထုတ်ပြန်မည်ဆိုသည်ကို ရှင်းလင်းစွာဖော်ပြခဲ့ခြင်းမရှိပေ။
အပ်စတိန်းကို အရွယ်မရောက်သေးသူများအား လိင်ကုန်ကူးမှုဖြင့် ၂၀၁၉ ခုနှစ်တွင် စွဲချက်တင်ခဲ့ပြီး ဖမ်းဆီးအမှုရင်ဆိုင်စေခဲ့သည်။ ၎င်းသည် စစ်ဆေးမှုမတိုင်မီ နယူးယောက်အကျဉ်းထောင်အတွင်း၌ မိမိကိုယ်ကို အဆုံးစီရင်၍ သေဆုံးခဲ့သည်ဟု ဆိုသည်။ သို့သော် အချို့က အပ်စတိန်း၏ သေဆုံးမှုကို သံသယရှိနေဆဲဖြစ်ပြီး တရားရုံးက အထောက်အထား အပြည့်အစုံ ထုတ်ပြန်ခြင်းမပြုမှုကို အတိအလင်းဝေဖန်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂