ပြည်သူများ ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
ကျောက်ဆည်၊ ဇူလိုင်-၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ပြည်သူများ ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကျောက်ဆည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်(၁၀ ) နာရီက ဘောဂဝတီရပ်ကွက်၊ ရွှေကျွန်းမြေဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့်ငလျင်ဖြစ်စဉ် အကြောင်းများနှင့် ထိခိုက် ပျက်စီးခဲ့သည့်အကြောင်းများ၊ ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်ခတ် နေစဉ်အချိန်တွင် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ခတ်ပြီးနောက်ပြုလုပ်ရန် အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဘောဂဝတီရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်လူမှုကူညီရေး အဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)