ထိုင်ဝမ်နှင့်ပတ်သက်၍ အချုပ်အခြာအာဏာကို ကာကွယ်ရန် လိုအပ်သည့်အစီအမံများ ပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံ ပြောကြား

News Image

  • ထိုင်ဝမ်နှင့်ပတ်သက်၍ အချုပ်အခြာအာဏာကို  ကာကွယ်ရန်   လိုအပ်သည့်အစီအမံများ ပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံ  ပြောကြား

တရုတ်နိုင်ငံသည် အချုပ်အခြာအာဏာကိုကာကွယ်ရန် လိုအပ်သည့် အစီအမံများဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သည့်“ခွဲထွက်ရေးလှုပ်ရှားမှု” လုပ်ဆောင်နေမှုကိုမျှ သည်းခံမည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်တွင် တရုတ်နိုင်ငံက  ပြောကြားလိုက်သည်။  ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ်များ ထပ်မံတိုးလာကြောင်း၊ ရန်စနေမှုအား ရပ်တန့်ပေးရန် ဘေဂျင်းကို တိုက်တွန်းပါကြောင်း ထိုင်ဝမ်ဖက်က ပြောကြားလိုက်သည့်အပေါ်  တရုတ်ဖက်က ထိုသို့တုံ့ပြန်ပြောကြား လိုက်ခြင်းဖြစ်သည်။ စစ်ရေးလှုပ်ရှားမှုအပေါ်  တရုတ်စစ်တပ်က မည်သည့်မှတ်ချက်မှမပေးသကဲ့သို့ အတည်ပြုချက်လည်း မပေးသေးပါ။ 

တရုတ်ဖက်က ယခုကဲ့သို့ ရန်စလှုပ်ရှားနေခြင်းသည် နောင်တက်လာမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို နိုင်ငံရေးအမှာစကားပေးပို့နေသကဲ့သို့ ဖြစ်နေကြောင်း ထိုင်ဝမ်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားထားပါသည်။ တရုတ်နိုင်ငံသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြီးဆုံးသွားသည့် ထိုင်ဝမ်သမ္မတ၏ ဟာဝိုင်အီနှင့် အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းတို့သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အပေါ်  အကြီးအကျယ် ဒေါသထွက်နေပြီးနောက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေကြောင်း  သိရှိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကျွန်းတစ်ဝိုက်ကို  လည်ပတ်ပျံဝဲနေသော စစ်လေယာဉ် ၅၃ စင်းအပြင် ရေတပ်သင်္ဘော ၁၁ စင်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ကဲ့သို့အရပ်ဘက်အဖွဲ့အစည်းများမှရေယာဉ်များဟု ယူဆရဖွယ် သင်္ဘောရှစ်စင်းတို့ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၁၁-၁၂-၂၀၂၄ ရက်တွင် ပြောကြားထားသည်။ 

“ခွဲထွက်ရန်အတွက်ဆို မည်သည့်အချက်ကိုမျှ ခွင့်ပြုမည် မဟုတ်သလို နိုင်ငံအချုပ်အခြာအာဏာပိုင်နက်ကို ပြတ်ပြတ်သားသား ကာကွယ်ရန် လိုအပ်ကြောင်း”  ဘေဂျင်းရှိ  တရုတ်-ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ Zhu Fenglian က စစ်ဘက်ဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ပြန်လည်ဖြေကြားထားသည်။ 

ကိုးကား - Reuters