ဇော်ဂျီမြစ်ရေလျှံတက်မှုမှ ကာကွယ်ရန် ငပြောင်ရေလွှဲဆည် အထက်ပိုင်း မြောင်းပေါင် ဝဲ/ယာ၌ ရေတားနံရံ ကျောက်စီခြင်းနှင့် မြစ်အတွင်း ပျက်စီးနေသည့် ကျောက်ဆလံများအား ပြန်လည်ပြုပြင်
ကျောက်ဆည်၊ဇူလိုင်-၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ မြစ်ချောင်းများရေလျှံမှုမှကာကွယ်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေနိုင်ရေး၊ ဆည်များ၊ မြောင်းများအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင် ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် တွင် ဇော်ဂျီမြစ်ရေလျှံတက်မှုမှ ကာကွယ်ရန်အတွက် ငပြောင်ရေလွှဲဆည် အထက်ပိုင်း မြောင်းပေါင် ဝဲ/ယာများ၌ ရေတားနံရံကျောက်စီခြင်းနှင့် ဇော်ဂျီမြစ်အတွင်း ပျက်စီးနေသည့် ကျောက်ဆလံများအား ပြန်လည်ပြုပြင်ပေးလျက် ရှိကြောင်း သိရသည်။
ကျောက်စီခြင်းလုပ်ငန်းများ ပြုလုပ်ပေးသွားမည့်နေရာသည် ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအနီးမှ ငပြောင် ရေလွှဲဆည်၏ အထက်ပိုင်းမြောင်းပေါင် ဝဲ/ယာအား အရှည်(၂၉၀)ပေ၊အကျယ်(၁)ခွဲ၊အမြင့်(၂)ပေ ကျောက်စီခြင်း နှင့် ဇော်ဂျီမြစ်အတွင်းပျက်စီးနေသည့် ကျောက်ဆလံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဖြစ်ကြောင်း၊ လုပ်ငန်း များကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၆၃) သိန်းဖြင့် ဇော်ဂျီမြစ်တာပေါင် ကျိုးပေါက်မှုမှ ကာကွယ် နိုင်ရေးနှင့် ငပြောင်ရေလွှဲဆည် ပိုမိုကြံ့ခိုင်မှုရှိရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍သိရသည်။
အဆိုပါ မြောင်းပေါင် ရေတားနံရံကျောက်စီခြင်း နှင့် မြစ်အတွင်း ပျက်စီးနေသည့် ကျောက်ဆလံများ ပြန်လည် ပြုပြင်ပြီးစီးပါက ဇော်ဂျီမြစ်အထက်ပိုင်းနှင့် ငပြောင်ရေလွှဲဆည်တာဘောင်များ ပိုမိုကြံ့ခိုင်မှုရှိပြီး သီးနှံမျိုးစုံစိုက် ဧက(၂၇၀၀၆)ဧကအား စိုက်ပျိုးရေများပေးဝေရာ၌ အခက်အခဲမရှိ ရေအလေအလွင့်ဆုံးရှုံးမှု မရှိဘဲ ပြည့်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)