မော်စကိုမှ "အပြည်ပြည်ဆိုင်ရာ ရုရှားမုန်းတီးရေးဆန့်ကျင်ရေးနေ့" ကျင်းပရန် တောင်းဆို
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က "ကမ္ဘာ့အသိုင်းအဝိုင်းတွင် Russophobia (ရုရှားမုန်းတီးရေး) ဆိုသည့် အစွန်းရောက်သည့်အစွဲကို အမြစ်တွယ်ခွင့်မပြုသင့်ကြောင်း" ပြောကြား ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရုရှားမုန်းတီးရေးဆန့်ကျင်ရေးနေ့ ကျင်းပရန် တောင်းဆိုလိုက်သည်။
သူမက ပရဟိတလူငယ်များအတွက် နွေရာသီသင်တန်းတွင် "အနောက် နိုင်ငံများ၏ ရုရှားဆန့်ကျင်ရေးဝါဒပြန့်ပွားမှုသည် ယူကရိန်း ပဋိပက္ခ အပါအဝင် များစွာသောအရေးပေါ်အခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်" ဟု ထောက်ပြသည်။ "Russophobia ၏ မိစ္ဆာဒေဝါဟုခေါ်ဆိုရမည့် လှုံ့ဆော်မှုများအောက်တွင် အကြမ်းဖက်သမား Kiev အစိုးရထံ လက်နက် များရောက်ရှိနေသည်" ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
Zakharova ၏ အဆိုအရ ရုရှားနှင့်သက်ဆိုင်သည်ကို အလုံးစုံ မုန်းတီးမှု သည် "နာဇီဝါဒ၊ နယူးနာဇီဝါဒကဲ့သို့သော အစွန်းရောက် အစွဲတစ်ခု ဖြစ်လာပြီး လူအများကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင်ပါ ရိုက်ခတ် နေသည်" ဟုဆိုသည်။ လူမျိုးရေး သို့မဟုတ် ဘာသာရေးအရ မုန်းတီးမှု များကို တိုက်ဖျက်သကဲ့သို့ Russophobia ကိုလည်း တိုက်ဖျက် သင့်ကြောင်း သူမက ပြောကြားခဲ့သည်။
သူမက Russophobia သည် ကမ္ဘာပေါ်တွင် နေရာမရှိသင့်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ အစွဲအဖြစ်ဆိုသည်မှာ ပို၍ပင် မဖြစ်သင့်ကြောင်း၊ ယူကရိန်းသည် ထိုအစွဲကို ကျင့်သုံးကာ သန်းနှင့်ချီသောလူများအား မိခင် ဘာသာစကား (ရုရှားဘာသာ) ကို စွန့်လွှတ်စေခဲ့သည့် နိုင်ငံများထဲမှ ထင်ရှားသောဥပမာတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။
Kiev အစိုးရသည် နှစ်ပေါင်းများစွာကတည်းက ရုရှားနှင့်သက်ဆိုင်သည့် အရာများကို ဖယ်ရှားရန် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် ရုရှားနှင့်ဆက်စပ်သည်ဟု သတ်မှတ်ထားသော လမ်းများကို အမည်ပြောင်းခြင်း၊ ရုရှားဆိုင်ရာ အထိမ်းအမှတ်များနှင့် UNESCO ကမ္ဘာ့အမွေအနှစ်နေရာ များ အပါအဝင် အဆောက်အအုံများကို ဖျက်ဆီးခဲ့သည်။
မော်စကိုအစိုးရသည် ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သည့် စစ်ဆင်ရေးအတွက် အဓိကအကြောင်းရင်းတစ်ခုအဖြစ် Donbass ဒေသရှိ ရုရှား စကားပြော လူဦးရေကို ကာကွယ်ရန်ကို ညွှန်းဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်က အနောက် နိုင်ငံများမှ အားပေးခဲ့သော Kiev အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှစ၍ ယူကရိန်းအစိုးရ၏ ရုရှားစကားပြောလူမျိုးများအပေါ် ဖိနှိပ်မှုများကို အမေရိကန်နှင့် EU တို့က အဆက်မပြတ် လျစ်လျူရှုခဲ့သည်ဟု ရုရှားက ဆိုသည်။
ဘောလ်တစ်နိုင်ငံများသည်လည်း ရုရှားနှင့်ဆက်နွှယ်မှုရှိသည်ဟု သံသယရှိသူများကို အတင်းအကျပ် အရေးယူမှုများ တိုးမြှင့်ခဲ့သည်။ Riga (လတ်ဗီးယားမြို့တော်) အစိုးရကလည်း နိုင်ငံအတွက် ဗျူဟာမြောက် အရေးပါသည့်နေရာများအနီးတွင် အိမ်ခြံမြေပိုင်ဆိုင်ထားသော ရုရှား နိုင်ငံသားများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်ခွင့် တားမြစ် ထားသည်။
ဇွန်လတွင် ဘောလ်တစ်နှင့် နော်ဒစ်နိုင်ငံများမှ အရာရှိအဆင့်မြင့်များက Brussels (ဥရောပသမဂ္ဂ) အား Schengen ဇုန်သို့ ဝင်ရောက်ခွင့်ပေးထားသော စစ်တပ်နှင့် လက်ရှိ (သို့) အတိတ်က ဆက်နွှယ်ခဲ့ဖူးသမျှ ရုရှားနိုင်ငံသားအားလုံးကို တားမြစ်ရန် တောင်းဆိုခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂